x

23.11.11

ဘဝကံအကျိုးပေး


18th Nov 2011 မှာ ရန်ကုန်မြို့ကနေ မန္တလေးကို လေကြောင်းခရီးနဲ့ ကျမ ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ခရီးမထွက်ခင် ဘလော့တွေကိုလည်ပတ်ရင်း ကွန်မန့်လေးတွေချန်ခဲ့တယ်။ ဘလော့ကို မဝင်နိုင်မဲ့ ရက်တွေအတွက် ရသလောက်လောဘလေးနဲ့ များများဖတ်ဖြစ် မန့်ဖြစ်ခဲ့တယ်လေ။ လေယာဉ်က မနက် ၆နာရီ ၁၅မိနစ် ထွက်မှာဆိုတော့ လေယာဉ်ကွင်းကို မနက်၅နာရီအတိဆင်းခဲ့တယ်။ မနက်ပိုင်း ကားရှင်းချိန်ဆိုရင် အိမ်ကနေ လေယာဉ်ကွင်းကို အများဆုံးမောင်းရ မိနစ် ၂၀ပါပဲ။ မှန်းထားတဲ့ အချိန်ဝန်းကျင်မှာ လေယာဉ်ကွင်း ကိုရောက်ခဲ့တယ်။ ကျမ စီးနင်းလိုက်ပါမယ့် လေယာဉ်က YA(Yangon Airway) ဖြစ်ပြီးသေးသေး ငယ်ငယ် ပါပဲ။ လေယာဉ်ပေါ်မှာတော့ ထိုင်ခုံတွေက တစ်တန်းလေးယောက်ဖြစ်ပြီး နှစ်ယောက်ရဲ့အကြား လူသွားစင်္ကြံ ရှိပါတယ်။ စုစုပေါင်း ခန့်မှန်း အတန်း၂၀လောက်ရှိတာမို့ ခရီးသည် ၁၀၀အောက်သာ စီးနင်းနိုင်မယ်လို့ ထင်ပါတယ်။ လေယာဉ် ပျံသန်းချိန် စုစုပေါင်း ၁နာရီ၂၀မိနစ်ဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေယာဉ်ဆိပ်မှ YA ဟာ မနက် ၆နာရီ ၂၀မိနစ်မှာ စတင်ထွက်ခွာပြီး ခရီးစဉ်တစ်လျှောက် အခက်အခဲမရှိအဆင်ပြေ ချောမွေ့စွာနဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေယာဉ်ဆိပ်ကို မနက် ၇နာရီ၄၀မိနစ်မှာ ရောက်ရှိခဲ့ပါတယ်။ လမ်းခုလတ်မှာ တည်ခင်းတဲ့မုန့်တွေကိုတော့ စားရင်းတန်းလန်းမှ သတိရတာမို့ တစ်ဝက်တစ်ပျက်သာ ဓာတ်ပုံရိုက်ခဲ့မိပါတယ်း)။ ထွက်ကတည်းက စောလွန်းတော့ ဗိုက်ကဆာနေပြီလေ။ အိမ်တုန်းကတော့ စိတ်စောပြီး စားချင်စိတ်ကမရှိဘူး။

Y A လေယာဉ်
၂ယောက်တွဲ တစ်ဖက်တစ်ချက်စီ
 လေယာဉ်ပေါ်တွင်စားရတဲ့မုန့်
အရှိန်လွန်သွားလို့ ကိတ်တစ်ခြမ်းနဲ့ ဆင်းဒဝစ်တော့ ကုန်ပြီး)
ဆင်းခါနီး ချိုချဉ်ကမ်း



မန္တလေးရောက်ပြီဆိုတာနဲ့ အိမ်ဝင်အထုပ်ချတယ်ပြီးတော့ ညီမရွှေစင် စစတို့နဲ့ ပြေးတွေ့လိုက်သေးတယ်း) ဒီတစ်ရက်ပြီးရင် နောက်ရက်တွေက အလှူ မင်္ဂလာဆောင်တွေ ဆက်နေမယ်ဆိုတာကို အိမ်ဦးသခင်က ကြိုတင်ပြောထားတာကြောင့် ကိုယ်ပိုင်အားလပ်ချိန် ရမယ်မထင်ဘူးပေါ့။ ညီမရွှေစင်တို့နဲ့ ဆုံပြီးတာနဲ့ မင်္ဂလာတံတား အရှေ့ဖက် ပြည်တော်သာ တိုက်ခန်းမှာနေတဲ့ ညီမဝမ်းကွဲဆီကို ဆက်သွားခဲ့တယ် မင်းသီဟမှာ နန်းကြီးသုတ် ကျွေးမယ်ဆိုလို့လေ။ ကံကဆိုးချင်တော့ နန်းကြီးသုတ်က ကုန်ပြီတဲ့ ဒါနဲ့ပဲ ထမင်းသုတ် စမူစာသုတ် ကြက်ဥကြော် ဆိတ်သားကြော်တို့နဲ့ စားတယ်။ 

အစားအသောက်စုံတယ်ဆိုတဲ့ မင်းသီဟ
ထမင်းသုတ် ကြက်ဥကြော် စမူဆာသုတ် ဆိတ်သားကြော်
 
ညီမနဲ့ လမ်းခွဲပြီးတဲ့အခါမှာတော့ ကျမရဲ့ မိခင်အိပ်စက်ရာနေရာကို အရောက်သွားပြီး ကန်တော့ဖြစ်ခဲ့တယ်။ အရင်အခေါက်တွေမှာတော့ အိမ်ဦးသခင်ဖြစ်စေ သားတို့ဖြစ်စေ ညီမ ဒါမှမဟုတ် အဒေါ်တွေပါနေတော့ လွမ်းဆွေးတာလေးကို ဖြေသိမ့်နိုင်ခဲ့တယ်။ ဒီတစ်ခါတော့ ကျမတစ်ယောက်ထဲမို့ မိခင်ရဲ့ အုတ်ဂူနံဘေး မှာ အေးအေးဆေးဆေး အချိန်ဖြုန်းခဲ့သလို စိတ်ကိုလည်း အစွမ်းကုန် လွတ်လပ်ခွင့်ပေးထား လိုက်မိတယ်။ မိမိရဲ့ ကုသိုလ်ကံ အကျိုးပေး နည်းတာများတာဟာ ကိုယ်ပြုခဲ့သမျှ ကောင်းမှု ကုသိုလ်ကံ စေတနာ အပေါ်မှာသာ မူတည်တယ်လို့ ကျမလက်ခံ ယုံကြည်ခဲ့ပါတယ်။ အေးချမ်းပျော်ရွှင်ပြီး အစစအရာရာ အဆင်ပြေမှုကို ကံကြမ္မာဟာ ဘယ်တော့မှ ကြည်ကြည်ဖြူဖြူ ကျေနပ်စွာလက်ခံမှာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ အထစ်အငေါ့လေး အခက်အခဲလေးတွေနဲ့ ရင်ဆိုင်ဖြေရှင်းလိုက်ရပါမှ လူ့ဘဝဆိုတာ ပီပြင်မယ်လို့ ပုံသေကားချပ် တစ်ချပ်အဖြစ် ယူဆထားပုံရပါတယ်။

သုဿာန်အဝင်
ခရိယာန်သင်္ချိုင်း


မိခင်ရဲ့အုတ်ဂူ




ကျမရဲ့အတိတ်ကဖြစ်ရပ်လေး ဘယ်တော့မှပျောက်ကွယ်နိုင်တော့မှာ မဟုတ်တော့တဲ့ အမှတ်တရလေးပါ ကျမရဲ့မွေးနေ့ ၁၈ရက် ဧပြီလဟာ ကျမ မေမေဆုံးတဲ့နေ့ဖြစ်သလို စာဖတ်သူများ အချိန်ရတယ်ဆိုရင်တော့ ကျမရဲ့
ဘလော့ဂါဘဝ ရောက်ပြီး မကြာခင် ကျရောက်လာခဲ့တဲ့ အမေများနေ့မှာ ‘ကျေးဇူးရှင်မွေးမိခင်’ ရယ်လို့ ခေါင်းစဉ်နဲ့ တင်ခဲ့တဲ့ ပို့စ်လေးကို ဖတ်ကြည့်ကြပါနော်။

ကျောက်တော်ကြီးဘုရား

ရွှေကျီးမြင်

 မိခင်ရဲ့အုတ်ဂူကနေအပြန် စိတ်ထဲလည်း ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေတာကြောင့် စိတ်ရဲ့အေးချမ်းမှုကို ပေးနိုင်စွမ်း ရှိတဲ့ ဗုဒ္ဓရဲ့အရိပ်အောက်မှာ ကျမခေတ္တခန ခိုလှုံလိုတဲ့ စိတ်ပေါ်လာတာနဲ့ မန္တလေးတောင်ခြေမှာ ကိန်းဝပ်စံပယ် လျှက်ရှိတော်မူတဲ့ ကျောက်တော်ကြီးဘုရားကို ဝင်ရောက်ဖူးမြော်ခဲ့ပါတယ်။ ထိုကနေတဆင့် မြောက်ပြင်အရပ်မှာ စက်မှုတက္ကသိုလ်တက်စဉ်က ရင်းနှီးခင်မင်ခဲ့တဲ့ သူငယ်ချင်း ကြိုင်ကြိုင်သန်းဆီကို ခြေဦးလှည့်ဝင်ခဲ့မိတယ်။  မတွေ့တာနှစ်ပေါင်း များစွာကြာမြင့်နေပြီမို့လည်း တွေ့ခါနီးလေ ရင်ထဲမှာ ကြည်နူးလေဖြစ်ခဲ့ရတယ်။ သူ့အိမ်အရှေ့ အရောက်မှာ ကြိုင်ကြိုင်ရဲ့ ခင်ပွန်း ကိုကြီးကိုတွေ့တယ် ကြိုင်ကြိုင်ဆုံးသွားတာ သိလိုက်ရပြန်တယ်။ ကျမ ဘယ်လိုမှ ထင်မထားခဲ့တဲ့ သူငယ်ချင်းတစ်ယောက် ဆုံးပါးသွားပြန်ပေါ့။ အရာရာဟာ အစိုးမရပါလားနော်လို့ စိတ်က ရေရွတ်မိရင်း အိမ်ပြန်ဘို့သာ စိတ်ကတာဆူနေပါတော့တယ်။ ရွှေကျီးမြင်ဘုရားအနီးရောက်တော့ ဘုရား ဝင်ဖူးရင်း ဘဝခြားသွားလေပြီဖြစ်တဲ့ နှစ်ဖက်သော ကျေးဇူးရှင် မွေးမိခင် မွေးဖခင်တို့နဲ့အတူ သူငယ်ချင်း ကြိုင်ကြိုင် အတွက် ပြုပြုသမျှသော ဒါန သီလ ဘာဝနာ ကုသိုလ်အစုစုတို့ကို အမျှပေးဝေကာ သာဓုခေါ်ဆိုစေခဲ့ပါတယ်။ အမှန်တော့ ဘဝခြားကို ရောက်သွားပြီးခါမှ တစ်ပါးသူရဲ့ အမျှပေးဝေခြင်းကို တိုက်တိုက်ဆိုင်ဆိုင် သာဓုသုံးကြိမ်ခေါ်ဆိုနိုင်ဘို့ဆိုတာ အင်မတန်မှ ခက်ခဲလှတာကြောင့် လက်ရှိသက်ရှိစဉ် ဘဝမှာသာ ရနိုင်သမျှ ကုသိုလ်များကို ရယူပြီး စစ်မှန်သော တရားဒေသနာတော်ကို ရှာဖွေတွေ့ရှိ နိုင်မှသာ လောကုတ္တရာအတွက် အပူမီးများ အေးငြိမ်းနိုင်မယ်လို့ ကျမရဲ့အိမ်ပြန်ခရီးမှာ တွေးတောမိပါတယ်။ မိမိရဲ့ ဘဝကံအကျိုးပေး ကောင်းမှု မကောင်းမှုကို ဖန်တီးနိုင်သူဟာလည်း မိမိသာဖြစ်တယ်လို့လည်း တစ်ထစ်ချ ယုံကြည်မိပါတယ်။

လောကလူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz