x

26.11.11

၅-ရက်တာကာလ


၁၈-၁၁-၂၀၁၁ ရက်နေ့ နေ့လည်၂နာရီမှာ ပင်ပန်းနွမ်းနယ်နေပြီဖြစ်တဲ့ ကျမလည်း မန္တလေးမှာ ကျန်ရှိသေးတဲ့ ဘုရားများကို လိုက်လံဖူးလိုတဲ့စိတ် မရှိတော့တဲ့အတွက် ကျမရဲ့ အိမ်ဦးသခင်ထံကို ပြန်လာခဲ့ပါတယ်။ အိမ်ကိုရောက်တဲ့အခါမှာတော့ ကျမရဲ့ လှုပ်ရှားမှုနှေးကွေးနေတဲ့ စိတ်တွေ တစ်ဖန် ပြန်ပြီးကြည်လင်လန်းဆန်း လာပါတော့တယ် အကြောင်းက ခြံအဝမှာ ပဒေသာပင်များ တန်းစီပြီး လှည့်နေတာကို မြင်လိုက်ရတဲ့အတွက်ပါ။ ဆိုက်ကားလေးတွေ တန်းစီပြီး အမြင်တစ်မျိုးဆန်းပြီး ကြည့်လို့ကောင်းသလို ဗုဒ္ဓဘာသာတို့ရဲ့ အလှူအတန်း ရက်ရောပုံ အံ့မခန်းပါပဲ။ တစ်ပြားရှိလို့ တစ်ဝက်လှူ၊ အလှူရေစက်လက်နဲ့မကွာ စတဲ့မကြာခန ကြားဘူးနေတဲ့ စကားလေးတွေကို နှုတ်ကလည်း ရေရွတ်မိပါသေးတယ်။ လှူဒါန်းမှုပစ္စည်း အစုစုတို့ကို ကျေနပ်အားရစွာနဲ့ လှည့်လည်ပြသရင်း ‘ကသူက ဆိုသူဆို’ ဆိုင်းသံဗုံသံတို့နဲ့ စည်ကားနေပါတယ်။ ချက်ခြင်းကင်မရာထုတ်ပြီး ရိုက်ပါတော့တယ်း) တမဟုတ်ခြင်း နွမ်းနယ်မှု စိတ်တို့လည်း ကြက်ပျောက် ငှက်ပျောက် အဝေးဆီကို လွင့်ပြယ် သွားတယ် ထင်ပါရဲ့။ ဘလော့ဂါဖြစ်ပြီးတဲ့ နောက်ပိုင်း ဘယ်လို အကြောင်းအရာလေးဖြစ်စေ စာဖတ်သူတို့ကို ဖတ်စေချင် သိစေချင်တဲ့ ဆန္ဒနဲ့ ပို့စ်ရေးဘို့အတွက်သာ အမြဲတွေးတော ကြံဆနေတာကြောင့် ဒီအသက် အရွယ် ရောက်တဲ့အထိ ကျမရဲ့တက်တက်ကြွကြွ လှုပ်ရှားနေမှုကို အိမ်ဦးသခင်က ကျေနပ်နေပုံပါပဲ။ နကိုယ်ထဲက မှတ်တမ်းဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့ ကျမ အရင်ထက် အဆပေါင်းများစွာ ဓာတ်ပုံရိုက်လာပါတယ်။




















ညနေ၆နာရီမှာ သောကြာနေ့တိုင်း ဘုရားဖူး သွားလေ့ရှိတဲ့ အိမ်ဦးသခင်နဲ့အတူ မန္တလေးမဟာမြတ်မုနိ ဘုရားကြီး ရှိရာကို သွားရောက်ပြီး အေးအေးဆေးဆေး အချိန်ယူကာ ဖူးမြှော်ခွင့်ရခဲ့ပါတယ်။ ဘုရားကြီးဖူးပြီးတဲ့အခါမှာ အနောက်ဖက်မှာရှိတဲ့ ဂြိုဟ်ပြေနံပြေဘုရားမှာ ခုနှစ်ရက်သားသမီးတို့ ကိုယ်စိတ်နှစ်ပါး ကျန်းမာဘို့ ရေသပ္ပာယ်ပြီး အမွှေးတိုင် ဆီမီးပူဇော်ကာ ည၈နာရီမှာတော့ ဘုရားကြီး ကနေ ပြန်လည်ထွက်ခွာ လာခဲ့ကြပါတယ်။

 ရေချမ်း ဆီမီးဖြင့် ပူဇော်


ဂြိုဟ်ပြေနံပြေ (၇) နံ ရေသပ္ပာယ်



အမွှေးတိုင် ဖယောင်းတိုင်ပူဇော်

၁၉-၁၁-၂၀၁၁ ရက်နေ့ မနက် ၁၀နာရီမှာ လှူဖွယ်ပစ္စည်းများတန်ဘိုးကိုကြေငြာတဲ့အခါမှာလည်း အရင်ကလို ကိုယ်နဲ့မသက်ဆိုင်တဲ့ ပုံစံနဲ့ ခပ်အေးအေး နေတာမျိုးမဟုတ်တော့ပဲ နားစိုက်ပြီး နားထောင်မိတယ် ပို့စ် တင်ရင် ပြည့်စုံအောင်လို့လေး)။ ငွေသား ၃၆သိန်းနဲ့ ပစ္စည်းတန်ဘိုး သိန်း၆၀၊ စုစုပေါင်း ၉၆သိန်းဘိုး ကြေငြာ သွားတဲ့အခါ ရင်ထဲမှာ ဝမ်းသာ ပီတိလှိုင်းတွေထပြီး သာဓု သုံးကြိမ်ခေါ်ဆိုမိပါတယ်။ ဘုန်းကြီးတစ်ကျောင်းကို ခန့်မှန်း လေးသိန်းလောက်ရတယ်လို့ သိရပါတယ်။ ကျမသတိထားမိတာကတော့ နယ်သူနယ်သားတွေရဲ့ ပင်ကိုယ်ပုံစံက ရိုးသားပွင့်လင်းပြီး ဖြူစင်တဲ့ စိတ်ထားလေးတွေရှိတဲ့အတွက် ကျမနှစ်သက်သဘောကျမိတယ်။ ပင့်သံဃာ ၄၈ပါးကို ဆွမ်းကပ်ပြီးနောက် တရားနာဘို့ ကြွလာသမျှ ဧည့်သည်တွေကို နေ့လည်စာနဲ့တည်ခင်း ဧည့်ခံကျွေးမွေးပြီး နေ့လည် ၁၂နာရီတိတိမှာ တရားနာကြပါတယ်။ တရားနာအပြီး အလှူအတွက် ရေစက် ချကာ ပြုပြုသမျှသော ဒါန သီလ ဘာဝနာ ကုသိုလ် အစုစုတို့ကို သုံးဆယ့်တစ်ဘုံမှာ ကျင်လည်နေသမျှသော ၊ဝေနေယျ သုခိတ ဒုက္ခိတတို့ကို အမျှပေးဝေကာ သာဓုသုံးကြိမ်ခေါ်ဆိုပြီး အလှူပွဲကို အောင်မြင်စွာနဲ့ အဆုံး သတ်ခဲ့ပါတယ်။




လှူဘွယ်များ ကျောင်းများအတွက်  ခွဲဝေထား




၂၀-၁၁-၂၀၁၁ ရက်နေ့မှာတော့ နဂါးကိုးကောင်ဘုရားမှာ အလှူရှင် မလာနိုင်တဲ့အတွက် အလှူရှင်ကိုယ်စား အိမ်ဦးသခင်နဲ့ ကျမတို့ အလှူတစ်ခုဆက်လက် လုပ်ပြီး ကျမကတော့ ထုံးစံအတိုင်း စာဖတ်သူတို့ အတွက် ပြန်လည်မျှဝေဘို့ မှတ်တမ်းပုံလေးတွေကို အဆက်မပြတ် ရိုက်ခဲ့ပါတယ်။ ဗဟုသုတအဖြစ် ရိုက်ခဲ့သမျှ ဓာတ်ပုံတွေထဲကနေ ရွေးထုတ်ပြီး ခက်ခက်ခဲခဲ ကွန်နက်ရှင်ကြားကနေ တင်ဘို့ကြိုးစားပါတယ်။ နေ့လည် ၂နာရီကျော် အိမ်သို့အပြန် မဟာမုနိဘုရားကြီးကို နောက်တစ်ကြိမ် ထပ်မံပူဇော်ခွင့် ရခဲ့ပါသေးတယ်။








 နောက်တစ်ကြိမ်ထပ်ရောက်
မဟာမြတ်မုနိဘုရားကြီး
၂၁-၁၁-၂၀၁၁ ရက်နေ့မှာ မင်္ဂလာဆောင်တစ်ခုကို သွားရ ပါတယ်။ ဓာတ်ပုံတော့ မရိုက်ဖြစ်ခဲ့ပါဘူး။ မင်္ဂလာဆောင် အပြန်မှာ အိမ်ဦးသခင်က ကျမကို စန္ဒကူးပင်လိုက်ပြတယ်။ စန္ဒကူးပင်ရဲ့ တန်ဘိုးကြီးမှုကိုလည်း ရှင်းပြတယ်။ ကျမ သီချင်းတစ်ပုဒ်ကို သတိရလိုက်မိတယ် 'တောတိုင်းမှာလည်း စန္ဒကူးမရှိ တောင်တိုင်းမှာလေ ပတ္တမြားမရှိ' ဆိုတဲ့  သီချင်းလေးကိုပါ။ တစ်ခါတစ်ရံ အမှုမဲ့အမှတ်မဲ့နေခြင်းကြောင့် တန်ဘိုးရှိတဲ့အရာတွေကို လစ်လျူရှုမိနေတတ်တယ် ကျမကို အိမ်ဦးသခင်က မှတ်မှတ်ရရ သတိပေးလိုက်သေးတယ် 'ဓာတ်ပုံရိုက်အုံးလေ' တဲ့း)။

 စန္ဒကူးပင်
 စန္ဒကူးပင်
 စန္ဒကူးပင်ရဲ့ ပင်စည်လုံးပတ် ဒီအရွယ်ဆိုရင် သိန်း ၄၀ခန့်တန်ဘိုးရှိ
  အသီးများခဲနေတဲ့ ဇီးဖြူသီးပင်

၂၂-၁၁-၂၀၁၁ ရက်နေ့ မနက်စောစော အပြင်ဘက်ကို ထွက်လိုက်တော့ မြူနှင်းလေးတွေ ဝေနေတာကို စိတ် ကြည်နူးစွာ မြင်ရပါတယ်။ အဲဒီနေ့ နေ့လည်၁၁နာရီ၁၀မိနစ်မှာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ Air Bagan နဲ့ ထွက်ခွာဘို့ရာ အိမ်ကနေ ၉နာရီ ၃၀မိနစ်မှာ ထွက်ခဲ့ပြီး လေဆိပ်ကို ၉နာရီ၅၀မိနစ်မှာ ရောက်ခဲ့ ကာ လေယာဉ် ထွက်မဲ့အချိန်ကို ထိုင်စောင့်နေခဲ့ပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဗုဒ္ဓစွယ်တော် ကြွ လာမှာဖြစ်တဲ့ အတွက် ကွင်းပိတ်ထားကြောင်း သတင်းရောက်လာကာ တစ်နာရီနောက်ကျပြီးမှ လေယာဉ် ထွက်ခွာခွင့် ရခဲ့ပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လေယာဉ်ဟာ နေ့လည် ၂နာရီမှာ အခက်အခဲမရှိ အေးချမ်းစွာ ဆိုက်ရောက်ခဲ့ပါတယ်။















လောကီလူသားအပေါင်း စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz