x

11.12.11

ပြန်လည်ဆုံဆည်းကြပါစို့-၅ နိဂုံး


၁၁-၁၂-၂၀၁၁ (တနင်္ဂနွေ) ရက် ဒီကနေ့ နေ့လည် ၁နာရီမှာ ကျမတို့ သူငယ်ချင်းများ အဖွဲ့ MES (Myanmar Engineering Society) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အဆောက်အဦးမှာ ပုလဲရတုမြတ်ဆရာပူဇော်ပွဲ အတွက် နောက်ဆုံးအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။ အဖွဲ့ဝင် ၃၀ခန့် တက်ရောက်ပြီး ပြုလုပ်ခဲ့သမျှ ညှိနှိုင်း ဆွေးနွေးပွဲများမှာ အင်အားအများဆုံး တက်ရောက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဒီကနေ့ ဆုံဆည်းပွဲကို မလွတ် သွားစေဘို့ အတွက် ကျမ မနေ့ညက မန္တလေးကနေ ည၉နာရီခွဲ ထွက်တဲ့ ရွှေမန္တလာ အထူးကားနဲ့ ရန်ကုန်မြို့ကို အခုလို ပြန်လာခဲ့ခြင်း ဖြစ်ပါတယ်။ ရှေ့တစ်ပတ် ၁၇ရက်နေ့မှာ မြတ်ဆရာ ပူဇော်ပွဲ ကျင်းပတော့မှာမို့ ဒီကနေ့ ညှိနှိုင်းပွဲကို မဖြစ်မနေ တက်ရောက်မယ် ဆိုတဲ့စိတ်နဲ့ ခရီးမသွားမီ အချိန်ထဲက ကြိုတင် တွေးတော ဆုံးဖြတ်ချက် ချထားပြီး ဖြစ်တာကြောင့်လည်း ကြိုတင်လက်မှတ် ဖြတ်ထားခြင်း ဖြစ်ပါတယ်။ 

စာဖတ်သူများ ဘလော့ဂါများနဲ့ သူငယ်ချင်းများအတွက် အန်တီတင့်ရဲ့ မန္တလေးပြန် လက်ဆောင်များး)
 ချိုချိုမွှေးမွှေးလိမ္မော်များ
ဆွမ်းတော်အတွက် ဦးဖယ်ထား
 မုန့်ကုလားမဲနဲ့ထိုးမုန့်
 စိန်ပလောင် လဘက်ညွန့်
ကော်မတီဝင်များ အဆုံးသတ် ဆွေးနွေးကြ
ကဏ္ဍအလိုက် ဆွေးနွေးကြ
ဆက်သွယ်လို့ရတဲ့အင်အားတိုးတဲ့အတွက် အိတ်များထပ်တိုးရန် ဆွေးနွေး
 
ဆွေးနွေးပွဲ စတာနဲ့ ဦးစီးကော်မတီ အဖွဲ့က ဆပ်ကော်မတီ အဖွဲ့ အသီးသီးကို ဆောင်ရွက်ပြီးစီးမှု ဆောင်ရွက်ရန် ကျန်တို့ကို အသေးစိတ် ဆွေးနွေးကြပါတယ်။ ၂၀၀၉-ခုနှစ် အတွေ့အကြုံပေါ်မှာ မူတည်ပြီး လက်ဆောင်ပစ္စည်း များကို ယခင်ထက် ပိုဆောင်းသတ်မှတ် လုပ်ဆောင်ခဲ့တဲ့တိုင် မှန်းချက်ထက် သူငယ်ချင်းများကို ပြန်လည် ဆက်သွယ်နိုင်ခွင့် ရခဲ့တာကြောင့် ဆောင်ရွက်ပြီးစီးမှု လက်ဆောင်အိတ် ၄၀၀အပြင် အမြန်ဆုံး ထပ်တိုးဆောင်ရွက် ဘို့ ဆွေးနွေး ဆုံးဖြတ်ခဲ့ပါတယ်။ ဆရာများအတွက် မနက်စာ Breakfastနဲ့ နေ့လည်စာ Lunch တို့ကို အရင်ပို့စ်မှာ ရေးသားခဲ့ ပြီးဖြစ်ပါတယ်။ ထပ်တိုး အနေနဲ့ကတော့ မနက်စာ Breakfast မှာ ပေါင်မုန့်ဆင်းဝစ် (Cheese Sandwich) ထပ်တိုးပေးမှာ ဖြစ်ပါတယ်။ ဒီကနေ့ စပွန်ဆာပေးသူ နှစ်ဦးပေါ်ခဲ့ပြီး ဦးအေးကို (Civil)က ညစာ ထမင်းစားပွဲမှာ ဒေါ်တင်မိုးလွင်နဲ့အဖွဲ့ ဖျော်ဖြေမှုကို ဆောင်ရွက်ပေးမှာ ဖြစ်ပြီး ဦးကျင်စိန် (Mechanical)က ညပိုင်း ဗွီဒီယို မှတ်တမ်း တင်မှုကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ် ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့ရေ။




 စားသောက် ရယ်မောရင်း ဆွေးနွေးကြ

ကောက်ခံ ရရှိငွေပေါင်း ယနေ့အထိ ကျပ် ၂၂,၂၅၆,၈၀၀/- (ကျပ် နှစ်ရာနှစ်ဆယ့်နှစ်သိန်း ငါးသောင်း ခြောက်ထောင် ရှစ်ရာတိတိ) ဖြစ်ပြီး ယခင် လက်ကျန်ငွေ ၅,၅၀၀,၀၀၀/- (ကျပ်ငါးဆယ့်ငါးသိန်း တိတိ) ဖြစ်တဲ့အတွက် စုစုပေါင်း လက်ဝယ် ကျပ် ၂၇,၇၅၆,၈၀၀/- (ကျပ် နှစ်ရာခုနှစ်ဆယ့် ခုနှစ်သိန်း ငါးသောင်း ခြောက်ထောင် ရှစ်ရာတိတိ) ရှိကြောင်း ဘဏ္ဍာရေးမှူး မှကြေငြာပါတယ်။ ယခုအချိန်ထိ ဆက်သွယ်ရရှိတဲ့ ကျောင်းသားအင်အားမှာ ၃၀၁-ဦး ရှိပြီ ဖြစ်ပါတယ်။ အမှုဆောင်အဖွဲ့နဲ့ သူငယ်ချင်းများရဲ့ အားတက်သရော် ကြိုးပမ်းမှုကြောင့် မြတ်ဆရာများအား ပူဇော်ခွင့်ရတဲ့ ကျောင်းသားဦးရေမှာ ယခင် ၂၀၀၉-ခုနှစ်က ပြုလုပ်ခဲ့တဲ့ ဦးရေရဲ့ စံချိန်ကိုချိုးသွားတဲ့အတွက် အဖွဲ့ဝင်များ အားလုံး ရင်မှာကြည်နူးပြီး ဝမ်းသာပီတိ ဖြစ်ကြရပါတယ်။
 ထပ်မံရရှိလာသော အလှူငွေများ
 လက်ဆောင်အိတ်များ အဖုံးအတွင်းဖက်တွင် အမှတ်တရစာတမ်းထိုးထား
ကော်မတီဝင်များ အသုံးပြုရန် တံဆိပ်များ
ညှိနှိုင်းဆွေးနွေးပွဲလေး ညနေ ၃နာရီ၁၅မိနစ် အချိန်မှာပြီးဆုံးကာ ၁၇-၁၂-၂၀၁၁ (စနေနေ့) မနက် ၇နာရီ MES (Myanmar Engineering Society) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အဆောက်အဦး အောက်ထပ် ခန်းမဆောင်မှာ အမှုဆောင်များ အားလုံး ကြိုတင်ရောက်ဘို့ မှာကြားရင်း ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ပါတယ်။

ရန်ကုန်စက်မှုတက္ကသိုလ် ၁၉၇၅-၈၁ ခုနှစ် အင်ဂျင်နီယာ၊ ဗိသုကာကျောင်းသား ကျောင်းသူ သူငယ်ချင်းများ အားလုံးရဲ့ ကြုံတောင့် ကြုံခဲ ပုလဲရတု မြတ်ဆရာပူဇော်ပွဲကို အခွင့်အခါသင့်တုန်း တစ်ချိန်က ကျမတို့ရဲ့ အသိပညာ အတတ်ပညာတို့ကို ပွားများစေဘို့ရာ စေတနာ သဒ္ဓါ ထက်သန်စွာနဲ့ ပဲ့ပြင်ဆုံးမ သင်ကြားပေးခဲ့သော ဆရာ ဆရာမ များကို ရိုသေလေးမြတ်စွာဖြင့် လက်စုံမိုးပြီး အတူတကွ ပူဇော်ကြပါစို့ သူငယ်ချင်းတို့ရေ။

လောကလူသားအားလုံး စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz