x

25.12.11

သံသရာခရီးလမ်းတစ်ထောက်


လူသားအားလုံး မဖြစ်မနေ လျှောက်လှမ်းနေရတဲ့ ရှုပ်ထွေးလှတဲ့ ဘဝခရီးလမ်းကြီး ဘယ်တော့များမှ အဆုံး သတ်နိုင်မလဲ။ ကျမလည်း အခုတစ်လော အလုပ်ကလေး များနေတာကြောင့် ပို့စ်လည်း ပုံမှန်မတင်ဖြစ်ခဲ့ သလို ဘလော့တွေကိုလည်း လိုက်လည်ပြီး စာဖတ်ဘို့ ပျက်ကွက်နေပါတယ်။ စာဖတ်မိတ်ဆွေများ နဲ့ဘလော့ဂါ များကို အကြောင်းပြချက် အမျိုးမျိုးနဲ့ စကားပလ္လင်ခံပါရစေး) အလုပ်များတယ်ဆိုတဲ့နေရာမှာလည်း သံသရာ ဘဝဖြစ် တည်မှု အတွက် ကောင်းသော အလုပ်များခြင်းပါ။ စက်မှုတက္ကသိုလ် ဆရာကန်တော့ပွဲ ပြုလုပ်ပြီးတဲ့ အချိန် ကစပြီး ဆက်တိုက်လိုလို အလှူအတန်းများ ဖြစ်နေတာကြောင့် စာဖတ်သူများ အားလုံးအတွက်လည်း ကုသိုလ်ရ ယူနိုင်မှာ ဖြစ်ပါတယ်။

ကျမကိုယ်ကျမ တစ်ခါတစ်ရံ အားမရတဲ့ အပိုင်းလေးတွေ ရှိပါတယ်။ တစ်နည်းအားဖြင့်တော့ လေ့လာမှု အားနည်း ချက်ပဲဖြစ်ပါတယ်။ ကျမ ဘလော့စရေးစဉ်က ‘နော်ဝေးကစေတနာရှင်မလေး’ အကြောင်းကို ပထမဦးဆုံး ပွဲဦးထွက် ပို့စ်တစ်ပုဒ် အဖြစ်တင်ခဲ့တဲ့ နောက်ပိုင်း အလှူရှင်ဖြစ်သူနဲ့ ကျမတို့နှစ်ယောက် တောသားလေး (မြန်အောင်)ကနေ တဆင့် တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနှီးမှု ရခဲ့ကြပါတယ်။ အချိန်ကာလအားဖြင့်တော့ ၇-လထဲ ကိုရောက်ခဲ့တဲ့ ဒီကနေ့မှ http://www.dhammapalace.org မှာ အချိန်ကြာကြာ သေချာပုဒ်စေ့လိုက်ဖတ်ပြီး သာဓု အကြိမ်ကြိမ်ခေါ်ဆို ခဲ့သလို စေတနာရှင်မလေးရဲ့ မူပိုင်တင်နေတဲ့ ဘလော့ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကို အပြစ် တင်မိတာ အမှန်ပါ။ ‘Mon’ ဆိုတဲ့ စာရေးသူနဲ့ အလှူရှင်မလေးဟာ တစ်ဦးတည်းဆိုတာ မသိကောင်းလားရယ်လို့ အချိန်ရတိုင်း ဘလော့များကို လည်ပတ်လေ့လာ ဖတ်ရှုမှတ်သားခဲ့တဲ့ ကျမကိုယ် ကျမအလိုမကျ ဖြစ်ခဲ့ရတယ်။ ပင်ကိုယ်ဗီဇ ဆိုတာ ဖျောက်ဘို့ခဲယဉ်းသလို တစ်ဦးဦး အပေါ်အကြွေး တင်နေတဲ့ ကိစ္စမျိုးရှိနေရင် ဖြေရှင်းလို့ မပြီးမချင်း စိတ်ထဲမှာ စနိုးစနောင့်နဲ့ နေလို့မရတာ ကျမရဲ့ မွေးရာပါဗီဇပါ။ စိတ်ထဲမှာ ရှင်းလင်းနေမှလည်း အိပ်ပျော် စားဝင်တာကြောင့် ဒီပို့စ်လေးကို ရေးရင်းကနေ အခုလို အကြောင်း ကိစ္စလေးကို ထည့်ရေးလိုက်ခြင်း အတွက် စိတ်ကျေနပ်မိပါတယ်။ ကွန်မန့်  မရေးဖြစ်တဲ့တိုင် ဘာသာရေး ဆိုဒ်တွေကိုလည်း ကျမ အလျဉ်းသင့်သလို ဝင်ရောက် ဖတ်ရှု မှတ်သားလေ့ ရှိပါတယ်။

ဓမ္မနန်းတော်ဘလော့မှာ တင်ထားတဲ့အတိုင်း ဒီဇင်ဘာ ၂၂ ရက် (နတ်တော်လပြည့်ကျော် ၁၂ ရက်)က ကျမနဲ့ တူမလေးတို့ ကျောင်းထိုင်ဆရာတော် အရှင်ဦးဣန္ဒောဘာသ သီတင်းသုံးတဲ့ တောင်ဥက္ကလာ၊ ၁၄/၂ ရပ်ကွက် ဟင်္သာလမ်းရှိ သိပ္ပါလယ စာသင်တိုက်ကို အရှင်ဝိသာရဒ (http://www.shinhtoonaing.com) ရဲ့ ညွှန်ကြားပြသမှုနဲ့ သွားရောက်ခဲ့ပြီး စာသင်သား သံဃာ ၄၈ပါးနဲ့ စာချဆရာတော်များအတွက် ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ခေါင်းရိတ်ဓား သေနာသန အသုံးအဆောင်များကို ဓမ္မနန်းတော် ကိုယ်စား သွားရောက် လှူဒါန်းခဲ့ပါတယ်။ အဲဒီနေ့မနက်က FaceBook ကနေ AaB အဖွဲ့အတွက် နံပြားနဲ့နို့မလိုင် ဓာတ်ပုံကို တင်ရင်း ကင်မရာထဲက မယ်မိုရီစတစ်ကို ပြန်မထည့်မိတဲ့ ကျမရဲ့ ပေါ့လျော့မှုကြောင့် အလှူမှတ်တမ်း ဓာတ်ပုံများ ရိုက်ဘို့ အခက်ကြုံခဲ့ပါတယ်။ ပါသွားတဲ့ ဖုန်းနဲ့ရသလောက် ရိုက်ခဲ့ပြန်တော့လည်း အိမ်ရောက်တော့ ဖုန်းကနေ ကွန်ပျူတာထဲကို ပြန်ထည့်လို့မရဖြစ်ပြန်တယ်။ ဒီကနေ့မနက် အရှင်ဝိသာရဒနဲ့ အလှူရှင်မလေးတို့ရဲ့ ဂျီမေးကနေ အလှူဓာတ်ပုံလေးတွေကို ရရှိခဲ့တာမို့ ဝမ်းမြောက်ဝမ်းသာ အနုမောဓနာ ခေါ်ဆိုနိုင်ဘို့ရန် ဒီပို့စ်လေးကို တင်ဖြစ် ခဲ့ပါတယ်။ ကျောင်းဆောက်နေတာကို မြင်တွေ့တဲ့အခါ ကျမလည်း အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်စေ ကုသိုလ်ရှင် အဖြစ် တစ်ထောင့်တစ်နေရာကနေ ပါဝင်လှူဒါန်း ရေစက်ချခွင့် ရရှိခဲ့တာကြောင့် ပတ်သက်ဆက်နွယ် လျှက်ရှိတဲ့ ဓမ္မမိတ်ဆွေတို့ကို ကျေးဇူးတင်ရှိပါကြောင်း အမှတ်တရ မှတ်တမ်းအဖြစ် တင်ခဲ့ပါတယ်။ ရင်ထဲကတောင်းဆုလေး အတွက်ကျေနပ်နိုင်ပါစေလို့။

ကုသိုလ်ရှင်မမြတ်ကေခိုင်နဲ့ မမြကြေးမုံတို့၏ နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ဖြစ်ပါစေသား
 အလှူရှင်တို့နဲ့တကွ တပည့်တော်သည် သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ်ပါရန် အထောက်အပံ့ဖြစ်ပါစေသား
 နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်ရပါလို၏ အရှင်ဘုရား
ပြုပြုသမျှ ဒါန သီလ ဘာဝနာ ကုသိုလ်အစုစုတို့အတွက် အမျှပေးဝေပါ၏
  
လူ့ဝတ်ကျေပါစေ
လူဟုဖြစ်လာ၊ လူတို့မှာဝယ်
လူ့ရွာကျင့်မြတ်၊ လူကျင့်အပ်လျက်
လူ့သက်ရှည်မျှ၊ လူကျင့်ရ၏။
လူ့ဝတ်မကျေ၊ လူ့အနေတွင်
လူပင်ဖြစ်ငြား၊ လူ့ပါမွှားမှာ
လူ့ရွာအလယ်၊ လူပစ်ပယ်၍
လူဝယ်မလှ၊ လူ့အောက်ကျသည်
လူသည် လူ့ဝတ်ကျေသင့်၏။    ။

(အရှင်ဝိသာရဒ၊ ရမ္မာဝတီရဲ့ လင်္ကာမြေမှာတစ်နှစ်တာ ဓမ္မလက်ဆောင်မှကူးယူထားသော ကဗျာဖြစ်ပါတယ်)



လောကလူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz