x

27.12.11

မဒမ်လွင်ပြင်လှိုင်းငယ် အတွက် မွေးနေ့အမှတ်တရ


 ၂၈ရက်ဒီဇင်ဘာလမှာ မွေးနေ့ရှင် မဒမ်လွင်ပြင်လေးအတွက် မွေးနေ့အမှတ်တရ ရေးပေးဘို့ ကျမကိုဆိုလာတဲ့ လွင်ပြင်လှိုင်းငယ်ရဲ့ ကွန်မန့်မြင်စဉ်ကပဲ ချက်ခြင်းဆိုသလို ကျမရဲ့နေ့စဉ်မှတ်တမ်း စာအုပ်လေးထဲမှာ ထည့်ရေးပြီး မှတ်ထားလိုက်တယ် (မေ့တတ်လို့း) မဒမ်လွင်ပြင်ဟာ အရင်ထဲက ကျမရင်းနှီးပြီးသား ဘလော့ဂါ တစ်ယောက် ဆိုတာကိုတော့ ကျမရဲ့အိမ်ကို ‘ဂျွန်မိုး ’ လာလည်တဲ့ နေ့ကျမှ သိရတော့တယ် တီတင့်တို့က အဲဒီလိုတော် လိုက်ပုံများး) ဘလော့ရပ်ကွက်ကြီးထဲမှာ ရှင်သန်လှုပ်ရှားနေကြတဲ့ ဘလော့ဂါ စုံတွဲလေးတွေ မြင်ရတာ စိတ်ကြည်နူးစရာပါ။ စိတ်တူ ကိုယ်တူ ချစ်တဲ့သူများမို့ အားကျစရာလည်း ကောင်းတယ်။ အဲဒီလို စုံတွဲလေးတွေ အကြောင်း စဉ်းစားရင်း ကျမတစ်နေ့က ပဒေသာပင်မြို့ကလေးထဲက ချမ်းမြေ့ပဒေသာပင် ရိပ်သာကျောင်း ကို ရောက်ခဲ့စဉ်က လက်ခံရရှိခဲ့တဲ့ ဓမ္မဒါနစာအုပ်လေးတစ်အုပ်ကို သတိရလိုက်တယ်။ စာအုပ်လေးရဲ့ နာမည်က ‘ရှေ့သွားနောက်လိုက်’ ဖြစ်ပါတယ်။ ဖတ်ပြီးသူများလည်း သိရှိပြီးဖြစ်မှာပါ။ ဒီစာအုပ်လေးကို ဖတ်ခဲ့တဲ့နေ့ က မွေးနေ့အမှတ်တရအဖြစ် ရေးဘို့ဆုံးဖြတ်ခဲ့လို့ ဒီကနေ့ရေးလိုက်ခြင်းဖြစ်ပါတယ်။ ကျမတို့တစ်တွေ ရှောင်လွှဲလို့ မရတဲ့ လောကဓံတရား(၈)ပါးနဲ့ဆက်စပ်နေတာမို့ လူသားတိုင်း နားလည် သဘောပေါက်လက်ခံကြမှာပါ။

ဖတ်မိတဲ့ စာအုပ်လေးထဲမှာ - “ဒီစုံတွဲကတော့ ရှေ့သွားနောက်လိုက် ညီတယ်၊ နေနဲ့လ ရွှေနဲ့မြပဲ လိုက်ဖက်ညီ လိုက်တာ” ဒီစကားလေးကို မင်္ဂလာဇနီးမောင်နှံစုံတွဲကို ကြည့်၍ဖြစ်စေ ဇနီးခင်ပွန်းစုံတွဲကို ကြည့်၍ဖြစ်စေ သမီးရည်းစားစုံတွဲကို ကြည့်၍ဖြစ်စေ ပြောလေ့ပြောထရှိတဲ့ စကားလေးဖြစ်ပါတယ်။ လှပခြင်း လိုက်ဖက်ခြင်း တူညီခြင်း ပြည့်စုံခြင်း စတာတွေကို ပေါင်းစပ်ပေးလိုက်တဲ့ စကားလေးပါ။ တစ်ဆက်တည်းမှာပဲ ဒီလင်ဒီမယား အိုအောင်မင်းအောင် ပေါင်းရပါစေ အရိုးမြေကျ ပေါင်းသင်းနိုင်ကြပါစေ သစ္စာမယွင်း မေတ္တာချဉ်းနိုင်ကြပါစေ ထင်းပုံခေါင်းချ မယွင်းပုံ ပေါင်းကြပါစေ စသည်ဖြင့် ဆုမွန်တွေလည်း တစ်သီကြီးပေးတတ်ကြတယ်။ ဒီတော့ ဆုအပေးခံစုံတွဲက “ပေးတဲ့ဆုနဲ့ ပြည့်စုံရပါလို၏” “ပြည့်မယ့်ဆုတွေ ဖြစ်ပါစေ” လို့ ဆန္ဒပြုကြတာလည်း ကြားနေကျ စကားတွေပါပဲ။

သူငယ်ချင်းမိတ်ဆွေတွေပေးတဲ့ဆုထဲမှာ အပေါင်းကိုပဲပေးကြတယ်။ အနှုတ်တော့ပါတာ မကြားရဘူးနော်။ အပေါင်းရှိရင် အနှုတ်ဆိုတာလည်း ရှိတာပဲလေ။ ကလေးတွေ သင်္ချာသင်တဲ့အခါ အပေါင်းကို သင်ရသလို အနှုတ်ကိုလည်း သင်ကြားရတာပဲ မဟုတ်လား။ သင်္ချာရဲ့ အမှတ်အသားလေးတွေကို မှတ်တဲ့အခါ အပေါင်းဆိုရင် (+) တုတ်ချောင်းနှစ်ချောင်းကို ကန့်လန့်နဲ့ ဒေါင်လိုက် ပူးတွဲထားတယ်။ ဒီအမှတ်အသားကို မြင်ရင် အပေါင်း လက္ခဏာလို့ သိကြ မှတ်ကြတယ်။ တုတ်ချောင်းနှစ်ချောင်း ပူးစပ်ပေါင်းစပ် ထားတာဟာ နှစ်ဦးသား ပေါင်းစပ်ခြင်း သဘောပေါ့။

အနှုတ်ကျတော့ အဲဒီလို မဟုတ်တော့ဘူး။ တုတ်ချောင်းလေးတစ်ချောင်းထဲ အတုံးလိုက်တုံးလုံး ဆွဲထားတာ (-) အမှတ်အသားမြင်တာနဲ့ အနှုတ်ရဲ့ သင်္ကေတပဲလို့ သိတယ်။ မှတ်သားကြတယ်။ သူကတော့ အဖော်မမှီး တစ်တုံး တည်း အနေအထားကို ပြနေရတာ။ အပေါင်းအနေအထားကိုပဲ ဦးတည်နေကြပေမယ့် အနှုတ်ကလည်း အရိပ် သဖွယ် လိုက်နေတဲ့အချက်ကိုတော့ လူသားတွေဟာ သိပေမဲ့ မသိချင်ယောင်ဆောင်နေကြတာပါ။ တကယ်တမ်း စဉ်းစားကြည့်တဲ့အခါ လောကကြီးဟာ အနှုတ်လက္ခဏာပြနေတာများတယ်။ လောကဆိုတာ-
၁။ သတ္တလောက
၂။ သင်္ခါရလောက
၃။ သြကာသလောက
ဆိုပြီး သုံးမျိုးတောင် ရှိပါတယ်။ သတ္တလောကဆိုတာ သက်ရှိသတ္တဝါတွေ နေထိုင်ကျက်စားရာ အားလုံးဟာ သတ္တလောကပါ။ သင်္ခါရလောက ဆိုတာကတော့ ပြုပြင်ဆင်ယင်မှု အားလုံးကို ခေါ်ပါတယ်။ ကိုယ်နဲ့ပြုလုပ် စီမံ တာ နှုတ်နဲ့ပြုလုပ်ပြောဆိုတာ စိတ်နဲ့ကြံစည် တွေးခေါ်တာ ဒါတွေကို ခြုံပြီးတော့ သင်္ခါရလောကလို့ ပြောလိုက်တာပါ သြကာသလောက ဆိုတာကတော့ သက်မဲ့တွေဖြစ်တဲ့ တော တောင် ရေ မြေ စတဲ့ အရာအားလုံးကိုပြော တာပါ။

အခုပြောခဲ့တဲ့ လောကကြီးကို ကြည့်လိုက်ရင် အပေါင်းလက္ခဏာချည်း မတွေ့ရဘဲ အနှုတ်လက္ခဏာတွေ လည်း တွေ့ကြရတာပါ။ အနှုတ်ကိုမလိုချင်ပေမယ့် အနှုတ်ကတော့ ချဉ်းကပ်ပေါင်းစပ်နေတာပဲလေ။ သက်ရှိတို့ရဲ့ အသက်နဲ့ခန္ဓာကိုယ်ကို ကြည့်မလား။ အနှုတ်လက္ခဏာတွေ နေ့စဉ်ပြနေတာ။ အသက်တွေကြီးလာတာ ခန္ဓာကိုယ်ကြီး ထွားကျိုင်းလာတာ ဒါတွေအားလုံးဟာ သာမန်ကြည့်ရင်တော့ အပေါင်းလက္ခဏာလို့ ထင်ရပေမယ့် အနှုတ်လက္ခဏာ ပြနေတာပါ။ အနှုတ်ဆီကို တစ်နည်းနည်းအားဖြင့် အကုန်ဘက်ကို ချီတက်သွားနေတာပါ။

ပြုလုပ်စီစဉ်ထားသမျှတွေကို ကြည့်လိုက်ဦး။ တစ်နေ့ထက်တစ်နေ့ အနှုတ်ဘက်ကို ချီတက်နေတာ ဖြစ်ပါ တယ်။ ပြောချင်တာက အပေါင်းကို လိုချင်သလို အနှုတ်ဒဏ်ကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထားဖို့ ဆိုတာပါပဲ။ အနှုတ်ရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထားဖို့ ဆိုတာပါပဲ။ အနုတ်ရဲ့ဒဏ်ကို မခံနိုင်ရင် ဘဝတွေ ကြေမွ ပျက်စီးသွားတတ်တယ်။ သံဝေဂ ကဗျာလေး-

ရှေ့သွား နောက်လိုက်

တစ်ခါတစ်လေ မွေးမေမေက
သွားလေရှေ့မှ သေဆုံးရ၍
သားက နောက်လိုက် ဖြစ်ခဲ့၏။
တစ်ခါတစ်လေ ကျွေးအဖေက
သွားလေရှေ့မှ သေဆုံးရ၍
သမီးက နောက်လိုက် ဖြစ်ခဲ့၏။
တစ်ရံခါများ သမီးသားက
ရှေ့သွားထွက်ကြ သေဆုံးရ၍
မိဘနှစ်ဖြာ နောက်ကပါခဲ့။
နောက်လိုက်ရှေ့သွား တို့လူသားတွေ
သူသွားကိုယ်ပို့ ကိုယ်တို့သွားလည်း
သူကားပို့ပေး ခရီးလေးမှာ
ငိုကြွေးဝင်္ကပါ မဆုံးပါခဲ့
သူ ငါ လျှောက်လှမ်း ခရီးလမ်းသည်
ပြီးခန်းမမြင်သေးပါ တကား။ ။

အရှင်အဂ္ဂဝံသ(ချမ်းမြေ့ပဒေသာပင်)

ခင်ပွန်းနဲ့ ဇနီး၊ သားသမီးနဲ့ မိဘ၊ ညီအစ်ကိုမောင်နှမ၊ သူငယ်ချင်း မိတ်ဆွေတွေရယ်လို့ ဒီလူ့ဘုံဘဝမှာ ဆုံတွေ့ ကြလည်း အတိတ်ကံအကြောင်းကြောင့် တစ်စုံတစ်ယောက်ဟာ မမျှော်လင့်ပဲ ရှင်ကွဲကွဲကြ ရသလို သေကွဲကွဲနိုင် တတ်တာမို့ သိပင်သိငြား မေ့သယောင်လုပ်ထား မိကခံနိုင်ရည်စွမ်း ရှိမည်မထင်ပါ။ ဓမ္မခွန်အား ဓာတ်ခံထားရှိ သူ ဖြစ်ပါမူ ရှေ့ကသွားနှင့်ဦးတော့ ကိုယ်လည်းနောက်က လိုက်ခဲ့ရမှာကို နှလုံးသွင်းကျန်ရစ်တယ်။ တကယ်တော့-
ဘယ်အသက်အရွယ်မှာ ဘာရောဂါနဲ့ ဘယ်အချိန် ဘယ်နေရာမှာ သေဆုံးပြီး ဘယ်ဘဝကို ရောက်မယ်ဆိုတာ လူသားတိုင်းမသိနိုင်ပါ။ သူသွားရာလမ်းကို လိုက်မှာတော့ သေချာပါတယ်။ အရင်သွားနဲ့ နောက်သွား ဒါပဲကွာတာ ပါ။ ဒါကြောင့် ရှေ့သွား နောက်လိုက် ဆိုတာကို ဆိုလိုခြင်းပါ။

မွေးနေ့မင်္ဂလာရက်မြတ်လေးမှာ စာတွေဖတ်ပြီး စိတ်တွေလေးလံ ထိုင်းမှိုင်းမသွားပါနဲ့ လွင်ပြင်လေးနဲ့ မဒမ် လွင်ပြင်လေးတို့ရေး) လောကလူသားတစ်ယောက် ဖြစ်ဘို့ရာကံ ပါလာသူတိုင်း တစ်နည်း အားဖြင့်တော့ မွေးဖွား လာသူတိုင်း သိသင့်တဲ့ အကြောင်းအရာလေး တစ်ခုမို့ စေတနာအရင်းခံပြီး သိရှိနားလည်စေချင်တဲ့ ရင်ထဲက လက်ဆောင်လေးပါနော်။ နေ့စဉ်ကြုံတွေ့ နေရသမျှ ကျမတို့တစ်တွေရဲ့ စိတ်ပျော်ရွှင်မှု စိတ်ဆင်းရဲမှုဆိုတာတွေဟာ ကိုယ်တိုင် ဖန်တီးရယူရနိုင်တဲ့ အကြောင်းအရာလေးတွေ ဖြစ်ပေမယ့် ကိုယ်တိုင်ရွေးချယ်ခွင့်မရှိတဲ့ အတိတ်ကံ တရားကိုတော့ ဘယ်လိုအခြေအနေမျိုးကို ရောက်နေပါစေ ကြားနာခဲ့ရသမျှ တရားဓမ္မတွေကို သတိကပ်ခြင်းဖြင့် မှန်ကန်တဲ့နှလုံးသွင်းမှုကို ရယူနိုင်ကြပါစေနော်။

ပျော်ရွှင်ဖွယ်ကောင်းတဲ့ မွေးနေ့မင်္ဂလာရက်မြတ်က အစပြုလို့ မွေးနေ့ရှင် မဒမ်လွင်ပြင်လေးနဲ့ အဖော်မွန်ကောင်း လွင်ပြင်လှိုင်းငယ်လေးတို့နှစ်ဦး လောကီလောကုတ္တရာ နှစ်လီနှစ်ဝ လိုအင်ဆန္ဒများပြည့်ဝပြီး သာသနာအကျိုး သည်ပိုးနိုင်တဲ့ မိသားစုလေး တစ်စုအဖြစ် ရပ်တည်နိုင်ပါစေကွယ်။

၂၈-၁၂-၂၀၁၁ ရက်နေ့မှာ ကျရောက်မည့် မွေးနေ့ရှင်လေး ကြုံဆုံရသမျှ ဘဝများစွာမှာ
သောကကင်းဝေးပြီး သာသနာအကျိုးသည်ပိုးနိုင်ပါစေ။

 လောကလူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz