x

1.1.12

၂၀၁၁-ခုနှစ် အကြွေးများရှင်းတမ်း


စပွန်ဆာတွေပေါ်ပြူလာဖြစ်နေတဲ့ ခေတ်ကြီးထဲမှာ အိတ်စိုက်နဲ့ ဘလော့လေးကို ရှင်သန်ခွင့် ပေးခဲ့ပြီး ခင်မင် စရာကောင်းတဲ့ မောင်မောင်ရေ…. ‘ကျနော်နဲ့ကျနော့်အိမ် တဂ်ပို့စ်’ မောင်မောင် မြစ်ဆုံက တီတင့်ကို ရေးပေးဘို့ တဂ်ခဲ့တာ မကြာသေးပါဘူး စက်တင်ဘာလ (၁၁) ရက်နေ့ကပါ :P ။ နှစ်သစ်ကူးရက်လေးမှာ အချိန်ရတာနဲ့ ထုံးစံအတိုင်း ရွာရိုးကိုးပေါက် ဘလော့ဂါအိမ်တွေကို အလည်အပတ် လျှောက်သွားရင်း ပို့စ်တွေ သစ်သစ်ဟောင်းဟောင်း ဖတ်ရင်းနဲ့ မထင်မှတ်ပဲ မြစ်ဆုံမောင်မောင်ရဲ့ အိမ်လေးကို ရောက်ခဲ့ပြီး တဂ်ပို့စ်လေး ကို တွေ့ခဲ့မိတယ်။ ကျမ အဲဒီတဂ်ပို့စ်လေးကို မရေးဖြစ်ခဲ့ဘူးဆိုတာ စဉ်းစားမိပေမဲ့ သေချာအောင် အဲဒီရက်တွေ မှာ ရေးခဲ့တဲ့ ပို့စ်တွေကို ပြန်စစ်တော့ ‘လတ်ဆတ်သန့်စင် ထိုင်းငါးကင်’ ဆိုတဲ့ ပို့စ်ကိုတင်ခဲ့တဲ့ရက်ဖြစ်နေတယ်။ ကိုယ့်အပေါ် ခင်မင်ရင်းနှီးစွာနဲ့ ဆက်ဆံလာသူတွေအပေါ် ဘယ်တုန်းကမှ လစ်လျူမရှုခဲ့တာ မှန်သောစကား ပါမောင်မောင်ရေ။ အဲဒီပို့စ်လေးဖတ်ပြီး တကယ်ကို စိတ်မကောင်းဖြစ်သွားတယ် ဒီတော့ တင်ခဲ့တဲ့ နှစ်ဟောင်းက အကြွေးလေးကို ဒီကနေ့ဆပ်ရင်း မောင်မောင့်ရဲ့ ၂၉ရက် ဒီဇင်ဘာနေ့က မွေးနေ့လေးအတွက်ရော ညီမရွှေစင်ရဲ့ ‘ငယ်ဘဝလေးတွေ အကြောင်းရေးပါအုံး’ ဆိုတာတွေ စုပေါင်းစပ်ပေါင်းလုပ်ပြီး အမှတ်တရ ပို့စ်လေးရေးမယ် အလုပ် နှစ်သစ်အခါသမယ စောစောစီးစီး Face Book မှာဟိုကြည့်ဒီကြည့် ဟိုဖတ် ဒီဖတ်လုပ်နေချိန် မထင်မှတ်ပဲ အဖြူရောင် နတ်သမီးလေးနဲ့ အပြန်အလှန်မက်ဆေ့လေးတွေနဲ့ ပြောခဲ့တဲ့အခါ နတ်သမီးလေးတစ်ယောက် သူ့ရဲ့ စိတ်ဓာတ်ကို အောက်ကြမ်းပြင်အထိ ကျအောင် ချထားပုံရတယ် နတ်သမီးလေးကို အားပေးစကား ပြောရင်း သုံးဦးစာအတွက် ဒီပို့စ်လေးကို ရေးလိုက်ပြီနော်း)

မောင်မောင့်တဂ်ပို့စ်အတွက်က-
မန်တလာသူမဟုတ်လေတော့ ‘ကျမနဲ့ကျမအိမ်တဂ်ပို့စ်’ ပေါ့ကွယ်။ ကျမအကြောင်းကတော့ မိုးလင်းရင် မလုပ်မဖြစ် နေ့စဉ်လုပ်ဆောင်ရတဲ့ အလုပ်ကလေးတွေကို လုပ်တယ်။ မျက်နှာသစ် သွားတိုက် အဒေါ် ညီမတွေနဲ့ လမ်းလျှောက် လေ့ကျင့်ခန်းလေးလုပ် ခနနား ရေချိုး ဘာသာရေးလေးလုပ် (ဆွမ်း ပန်း သစ်သီး ရေပူ ရေချမ်းတို့ ကပ်ပြီး အမွှေးတိုင် ဆီမီးတို့ပူဇော်ကာ ရွတ်ဖတ်သရဇ္ဈာယ်လုပ်ခြင်း) ကိစ္စများပြီးသွားရင် တစ်ခါ တစ်ရံဈေးသွား ပါတယ် ဥပမာ အိမ်သုံး ဆန် ဆီ လိုမျိုး မီးဖိုချောင်အတွက် နေ့စဉ်အသုံးလို ပစ္စည်းဖြစ်ပြီး ငွေကုန်ကြေးကျ များမည့်ကိစ္စမျိုးဆိုရင် ကျမကိုယ်တိုင်သွားပြီး ပုံမှန်နေ့စဉ်ဟင်းချက်ဘို့ ဟင်းလျာအတွက်တော့ ကျမကိုယ်တိုင် အနီးကပ်သင်ပေးထားတဲ့ တူမလေး ထွေးထွေးက သွားလေ့ရှိပါတယ်။ မသီတာ http://sonata-cantata.blogspot.com နဲ့ရွှမ်းမီ http://4friends2flip.blogspot.com တို့ ရန်ကုန်လာစဉ်က ကျမအိမ်မှာ မုန့်ဟင်းခါး ချက်ကျွေးခဲ့တာ တူမလေးရဲ့ လက်ရာဖြစ်ပြီး အားလုံးသဘောကျ ကျေနပ်သွားကြတာ အမှန်ပါး)။ နေ့စဉ်ဟင်းလျာ နဲ့ ပတ်သက်ပြီး ကျမခေါင်းသုံးစရာ မလိုတော့ဘူးပေါ့း)။ ဒီတော့လည်း ကိုယ်ပိုင်အလုပ်ချိန်မှာ စိတ်ရောကိုယ်ပါ နှစ်ထားနိုင်ခဲ့ပါတယ်။ နောက်တူမလေး မျိုးမျိုးကတော့ အိမ်ရဲ့သန့်ရှင်းရေး တစ်ခုလုံးကို တာဝန်ယူထားတာမို့ သန့်ရှင်းရေးနဲ့ ပတ်သက်ပြီးလည်း စိတ်ပူပန်စရာမလိုပါ။ ကျန်တူမလေးနှစ်ယောက်က ဗျူးတီးဆလွန်းကိုလာတဲ့ ဧည့်သည်တွေကို စိတ်ကျေနပ်မှုရှိအောင် လိုအပ်သလို ခေါင်းလျှော် ဆေးဆိုး ဆံပင်ညှပ် ပုံသွင်း မျက်နှာဆေး ပေါင်းတင် အစရှိတဲ့ လုပ်ငန်းတွေကို ကျွမ်းကျင်ပိုင်နိုင်အောင် လုပ်တတ်တဲ့အတွက်လည်း ကျမအတွက် ရရှိပြီးတဲ့မိတ်ဆွေများ လျော့သွားခြင်းမရှိပဲ တစ်နေ့တစ်ခြား တိုးလို့သာလာပါတယ်။ လူမှုရေးဘက်မှာ အချိန်ပေးနိုင်အောင် ကျမအတွက် အားကိုးရတဲ့ ဒီတူမလေးတွေကို အမြဲတန်းချစ်ခင် ကျေးဇူးတင်နေရပါတယ်။

ဒီလိုနဲ့မထင်မှတ်တဲ့တစ်နေ့ ကျမရဲ့စာပေမိတ်ဆွေတွေရဲ့ အားပေးထောက်ခံမှုကြောင့် အိမ်လေးတစ်အိမ် ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ ကျမရဲ့အဲ့ဒီအိမ်ကလေးမှာ ပျော်ရွှင်မှု ကြင်နာမှု နွေးထွေးမှုလေးတွေ အပြင် စေတနာ အရင်းခံတဲ့ အားပေးမှုလေးတွေ အပြည့်အဝနဲ့ ဖွဲ့စည်းထားတဲ့ အိမ်ကလေးတစ်အိမ် ဖြစ်ခဲ့တယ် ဆိုတာကို သိလိုက်ရတဲ့နောက်ပိုင်း ဒီအိမ်လေးကို ကျမ မြတ်နိုးတွယ်တာ ချစ်ခင်ခဲ့တာ အခုဆိုရင် သက်တမ်း ၇လကျော် ကြာခဲ့ပါပြီ။ ဒီအိမ်လေးကို ကျမရဲ့ အိမ်ဦးသခင်နဲ့သားတို့ကလည်း လိုအပ်ချက်လေးတွေကို ပြင်ဆင်ပံ့ပိုးရင်း ဝိုင်းဝန်းအားပေးတာမို့ အိမ်လေးခိုင်ခိုင်မာမာနဲ့ ရပ်တည်နိုင်ခဲ့ခြင်းပါ။ ကျမအတွက် အခွင့်အရေးတွေ ရှိနေသမျှ ကာလပတ်လုံး ဒီအိမ်လေးကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး မွမ်းမံပြင်ဆင်နေမယ် လို့လည်း ရင်ထဲမှာ သံဓိဌာန် ချထားခဲ့ဘူးတယ်။ အဲဒီလိုဆုံးဖြတ်ချက် ချရခြင်းရဲ့ အကြောင်းရင်းကတော့ ဒီအိမ်လေးထဲမှာ ဘလော့ဂါ မိတ်ဆွေ ၁၂၀ကျော်ရှိနေတဲ့ အတွက်ဖြစ်ပါတယ်။

ညီမရွှေစင်ဦးရဲ့တောင်းဆိုမှုလေးကိုဖြည့်ဆည်းချင်တာက-
ဒီဘလော့အိမ်လေးလိုပါပဲ ကျမရဲ့ အခုနေထိုင်နေတဲ့ Home Sweet Home လေးမှာလည်း ပျော်ရွှင်မှု ကြင်နာမှု နွေးထွေးမှုလေးတွေ အပြင် စေတနာအရင်းခံနဲ့ အားပေးနေတဲ့ မိသားစုရဲ့ မေတ္တာတွေ အပြည့်အဝနဲ့ ဖွဲ့စည်း ထားပြန်ပါတယ်။ အစစအရာရာအေးချမ်း သာယာပေမယ့် ကျမအတွက် ဘဝသံသရာကြီးကနေ ရုန်းထွက်ပြီး လောကနိဗ္ဗာန်ဆိုတဲ့ အို နာ သေဘေး ကင်းဝေးတဲ့နေရာကို ရောက်ဘို့ရာ ကျင့်ကြံပွားများ အားထုတ်နေမိတယ်။ လူတိုင်းမှာ အတိတ်ဆိုတာ ရှိစမြဲပါ။ ကျမအတွက်လည်း ရက်တွေဘယ်လိုပြောင်း သွားပေမယ့် ကျမရဲ့ အတိတ်ဆိုးဟာ အရိပ်တစ်ခုလို အမြဲကပ်ပါနေခဲ့တယ်။ ကျမကျေနပ်ပါတယ်။ အခုလို သတိပေးနေတဲ့ အတိတ်ကလေး ရှိခဲ့တာကြောင့်လည်း ကိုယ့်ကိုယ်ကို ဆင်ခြင်တုံတရားလေးနဲ့ အရာရာကို တစ်ဖက်စွန်း မရောက်အောင် သတိပေးဆောင်ရွက်နိုင်ခြင်း ဖြစ်တယ်လို့ ယူဆမိတယ်။

ကျမရဲ့ အသက် ၇-နှစ်ပြည့်မွေးနေ့ ကျရောက်တဲ့နေ့ ကျမနေမကောင်းပါ ကုတင်ပေါ်မှာ ကျမ လှဲနေခဲ့တယ်။ ဖွားဖွားက မကြာခနဆိုသလို နဖူးလေးကို လာလာစမ်းရင်း ‘အဖျားကလည်း ကျကိုမကျနိုင်ပါလား’ လို့ ညည်းတွားသံနဲ့အတူ ကျမအနားကနေ ထွက်ခွာသွားတဲ့ ခြေသံကို ကြားနေရပေမယ့် ကျမရဲ့ မျက်လုံးအစုံ ဖွင့်မရအောင် လေးလံနေတာက တစ်ကြောင်း ခေါင်းတစ်ခုလုံး တစ်ဒုန်းဒုန်းနဲ့ရိုက်ထုခံနေရသလို ကိုက်ခဲနေတာကြောင့်တစ်ဖုံ ငြိမ်လို့သာ နေသာသလိုပဲ နေလိုက်ပါတယ်။ ကျမမျက်လုံးများစုံမှိတ်ထားပြီး သက်တောင့်သက်သာ နေနေရတဲ့တိုင် ကျမရဲ့ အတွေးတွေက မပြီးဆုံးနိုင်တဲ့အတွေးယာဉ်ကြောကြီးမှာ နစ်မျောလို့နေပါတယ်။ ကျမနဲ့ ဘယ်တော့မှ ပြန်လည်လို့ ဆုံဆည်းခွင့် ရနိုင်တော့မှာမဟုတ်တဲ့ မေမေ့ကို ကျမရဲ့ မှိတ်ထားသော မျက်လုံးအစုံထဲမှာ ပုံဖော်ကြည့်နေပါတယ်။ ကျမရဲ့ ကုတင်ဘေးအစွန်မှာ ထိုင်ရင်းကနေ တီးခတ်နေတဲ့ မေမေ့ရဲ့ သွက်သွက်ကလေး ဂစ်တာသံစဉ်လေးကိုလည်း နားထဲမှာပြန်လည် ကြားယောင်နေသလို မေမေ့ရဲ့ ရီမောသံလေးတွေဟာလည်း ကျမရဲ့ကို စိတ်ကြည်နူးမှုဖြစ်စေပြန်ပါတယ်။ တစ်အိမ်သားလုံးရဲ့ အချစ်တော်မေမေ့ရဲ့ ကြည်လင်ပြီး အေးမြတဲ့ အပြုံးဟာကျမရဲ့ ရင်ကိုနွေးထွေးစေပြီး တစ်ခါတစ်ရံ ကျမရေချိုးတာအခန့်မသင့်လို့ ချောင်းလေးတစ်ချက်နှစ်ချက် ဆိုးလိုက်တာနဲ့ အစိုးရိမ် လွန်ကဲခဲ့တဲ့ မေမေ့အကြောင်း အဆက်မပြတ်တွေးရင်း ရှေ့ဆက်လျှောက်ရမည့် ခရီးလမ်းအတွက် ကျမမှာအားအင်များ ကုန်ခမ်းနေသလို အဓိပ္ပာယ်မဲ့တဲ့ လူ့ဘဝကြီးအဖြစ် ကျမရဲ့မွေးနေ့ရက်လေးမှာ မှတ်မှတ်ရရ စဉ်းစားခဲ့ပါတယ်။ ကျမရဲ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာအားလုံးထက် ကျမရဲ့မေမေ့ကို မက်မက်မောမော တမ်းတမ်းတတ မြင်ချင်တွေ့ချင်ခဲ့တဲ့ ကျမပါ။ ဒီစိတ်ရဲ့ ဖိစီးမှုဒဏ်ကိုခံရင်း ကျမအိပ်ယာထဲမှာ လဲခဲ့တာ ရက်များကနေ လသို့တိုင် ကြာခဲ့ပါတယ်။ မေမေ့စိတ်နဲ့ ကိုယ့်စိတ်ကို လွင့်ချင်ရာသို့လွင့်ခဲ့တဲ့ ဖေဖေလည်း သင်္ကန်းစီးသွားတာမို့ ဖွားဖွားနဲ့ ကျန်အဒေါ်များက ကျမကို ဆေးရုံ ကိုခေါ်သွားပြီး ဆေးစစ်ချက်များ ပြုလုပ်ပေး ပါတယ်။ ရောဂါရှာမရတဲ့အဆုံး စိတ်ရဲ့ခံစားမှုကြောင့်လို့သာ အဖြေ ထုတ်ခဲ့တာမို့ အိမ်ကို ပြန်ခေါ်လာပြီး အိပ်ယာထက်မှာသာ ဘဝရဲ့ ပြင်းစရာကောင်းလွန်းတဲ့ အချိန်တစ်စိတ်တစ်ဒေသကို ကုန်ဆုံးစေခဲ့ပါတယ်။ တစ်လ အကြာမှာ ဖေဖေကျမတို့အနားကို ပြန်ရောက်လာသလို ကျမရဲ့အခြေအနေကိုလည်း အကဲခတ်မိတာကြောင့် ကျမကိုအနီးကပ် စောင့်ရှောက်မှုလေးတွေပြုလာပါတယ် ရုံးကနေ စောစောပြန်လာပြီး ကျမကိုကားပေါ်တင်ကာ မန္တလေးနေရာအနှံ့ တစ်နေ့တစ်မျိုး မရိုးအောင် ပို့ပေးသလို ကျမနှစ်သက်ရာရာ အစားအသောက် များကိုလည်း ကျွေးခဲ့ပါတယ်။ တစ်လအတွင်းမှာ ကျမရဲ့စိတ်ခွန်အားများ ပြန်လည်လန်းဆန်းလာပြီး ထူထူထောင်ထောင် ဖြစ်လာပေမယ့် အိမ်ရောက်ရင်တော့ ကုတင်ပေါ်မှာသာ လှဲနေရပါတယ်။ ကုတင်ပေါ်မှာလှဲပြီး အနီးအနားမှာ တစ်ယောက်မှ မရှိတော့တဲ့ အချိန်တိုင်း အာရုံမှာ မေမေ့ရဲ့ပုံရုပ်လွှာကပြန်ပေါ်လာစမြဲပါ။

နောက်တစ်နှစ် အကြာမှာ ဖေဖေ့ရဲ့ဘဝ အထီးကျန်မှုကနေ လွတ်မြောက် သွားတဲ့နေ့ တစ်နေ့မှာ ဖေဖေက ကျမကို ‘နောက်ဆိုရင် လုလုအနားမှာ မေမေအသစ် စောင့်ရှောက်တော့မယ် နေမကောင်း မဖြစ်စေရတော့ဘူးနော်’ တဲ့။ ကျမရဲ့မေမေအသစ်က ကျမရဲ့ လစ်ဟင်းနေတဲ့ စာတွေကို သင်ပေးသလို နေမကောင်းတဲ့အခါ ပြုစုပေးမဲ့ အကြောင်းကို စကား စပ်မိတိုင်း ဖေဖေက ကျမကိုပြောခဲ့ပါတယ်။ တစ်နှစ်အကြာမှာတော့ ကျမရဲ့ဖေဖေ တာဝန်ပေး ခံရတဲ့ ကျိုက်ထိုမြို့လေးကို မေမေအသစ်နဲ့ အတူ ပြောင်းရွှေ့ ခဲ့ရပါတော့တယ်။ မေမေနဲ့ သေကွဲ ကွဲခဲ့ပြီး နောက် တစ်ကြိမ် ချစ်သောဖွားဖွား အဒေါ်များနဲ့ ကျမ ရှင်ကွဲ ကွဲခဲ့ရပြန်တယ်။ ကျမရဲ့မွေးနေ့ကိုရောက်တိုင်း ကျမမွေးနေ့မှာ ဘဝခြားသွားတဲ့ မေမေ့ကို သတိရမိတယ်။ ဒါပေမယ့် မွေးနေ့မင်္ဂလာ ရက်မြတ်တိုင်းမှာ မွေးနေ့ရှင် များ ဝမ်းသာ ပျော်ရွှင်နေတာကို မြင်ရတဲ့ကျမလည်း ကြည်နူးနေမိတယ်။ ဆုတောင်းတိုင်းမှာလည်း ကျမရဲ့ ရင်ထဲကနေ သာသနာ အကျိုးပြုနိုင်သူအဖြစ် အဓိက ထားပြီး တောင်းပေးလေ့ ရှိပါတယ်။ သေချင်းတရားလို ပုံတူကားချပ် လောကဓံတရားဟာ ဘယ်သူဘယ်ဝါရယ်လို့ သတ်မှတ်ချက်မရှိ ဘက်မလိုက်ပဲ ဒုက္ခ မျိုးစုံကို စေတနာ ဒလဟော ရေစီး ကမ်းပြိုပေးတတ်တာ သဘာဝပါ။ အထူးသဖြင့်တော့ ဒုက္ခရောက်သူကို ဝါးကူ ထိုးပေးလေ့ ရှိပါတယ်။ ဒီလိုဒဏ်တွေကို ခံရတဲ့လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးနိုင်တဲ့ တရားရေ တိုက်ကျွေးမှုဟာလည်း ထိရောက်တဲ့ တစ်စိတ်တစ်ဒေသ အချက်တစ်ချက်ပါ။ လူသားတို့ ပေါင်းစည်း နေထိုင်တဲ့ လူ့ဘောင် လောကကြီးထဲမှာ ခံယူချက် ကိုယ်စီရှိကြတဲ့ လူသားတိုင်းမှာ ယုံကြည်ချက်လည်း ကိုယ်စီရှိကြပါတယ်။ နတ်သမီးလေးရေ လောကကြီးက မတရားဘူးဆိုတာ မရှိဘူးနော် လူတိုင်းကိုယ်စီကို နည်းမျိုးစုံနဲ့ သောက တစ်မျိုးဆီ ပေးလေ့ရှိပါတယ်ကွယ်။ အထူးသဖြင့် ပြဿနာ အမျိုးမျိုးကို ဖိတ်ခေါ်မှုမရှိပဲ ကိုယ့်အနားကို ပို့တတ်စမြဲမို့ ဘယ်လိုပဲ စိတ်ဆင်းရဲအောင် ဖန်တီးပါစေ ကျမတို့ရဲ့ ကောင်းကျိုးကို ဖြစ်စေမယ့် ပျော်ရွှင်မှုကိုတော့ ကိုယ့်ပတ်ဝန်းကျင် အနီးအနားကနေ ရအောင် ဖန်တီးယူပြီး ဘဝကိုဖြတ်သန်း လျှောက်လှမ်းကြရမှာပါ။

 ညီမလေးအိမ်က ခရစ်စမတ်ပင်လေး ခနငှားသုံး :D
တူလေးက လှလှပပပြင်ဆင်ထား
 ၂၀၁၂-ခုနှစ်ကို ကြိုဆိုပွဲ အမှတ်တရ
  မဲဖောက်ပါတော့လို့ ဝိုင်းပြီးတောင်းဆို
 ခေါက်ဆွဲကြိုက်ပါဘူးဆိုမှ ခေါက်ဆွဲဗူးမဲပေါက်
အဒေါ်တွေလည်း ပျော်ပျော်ပါးပါး
 သားတို့လည်းပျော်ပျော်ပါးပါး
သေချာကြည့်နေတာတောင် ညီမကမဲခိုးချင်ပုံရတယ် :P
 လာပါပြီ မျိုးဆက်သစ်များ
ကြုံတုန်းလေး တူ တူမလေးတွေနဲ့အမှတ်တရ
လောကလူသားအားလုံး စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။
(မနက်ဖြန် ကျမ ပုဂံဘက်ခရီးသွားမှာမို့ တစ်ပတ်လောက်တော့ ပျောက်နေအုံးမယ်နော်း))

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz