x

9.1.12

လက်ကျန်ဘဝရဲ့ အမှတ်တရခရီးများ-၁


နှစ်ကူးသွားတာနဲ့ ခရီးတစ်ခုထွက်မယ်ဆိုတဲ့ ကျမရဲ့စိတ်ကူးလေးကို လက်တွေ့ အကောင်အထည် ဖော်ခွင့် ရခဲ့တယ်။ ကြိုတင်ကြံရွယ် ထားပေမဲ့လည်း တစ်ခါတစ်ရံ ကံကြမ္မာရဲ့ လှည့်ကွက်က အစိုးမရတာမို့ ပျက်တတ်တဲ့ သဘောလေးတွေကြောင့် ‘ဆောက်ဖြစ်မှကျောင်းဒကာ’ ဆိုတဲ့စကားဟာ ကျမငယ်စဉ်ဘဝကစလို့ အခုတိုင် တန်ဘိုးထားခဲ့တဲ့ စာတစ်ကြောင်းပါ။ တစ်ဘက်ကလည်း အနတ္တသဘောအတိုင်း အရာရာဟာ သူ့သဘော သူဆောင်ပြီး ဖြစ်ပျက်နေတာ မဟုတ်ပါလား။ ကျမတို့အားလုံး တိုတောင်းတဲ့ လူ့ဘဝကြီးမှာ လက်ရှိဘဝရဲ့ လက်ကျန် အချိန်တွေကို ကျော်ဖြတ်ရာမှာ မှန်ကန်မြင့်မြတ်တဲ့ စိတ်စေတနာကို အရင်းခံပြီး ဘဝရပ်တည်မှုကို ကုန်လွန် သွားစေခြင်းဖြင့် ပြုသမျှသော အကြောင်းကောင်းမှုဟာ အကျိုးကောင်းမှုကို ရစေမှာဧကန် မလွဲပါ။ ဒီကနေ့ ပို့စ်လေးတင်ဘို့ ဘယ်မှမသွားပဲ အခန်းအောင်းပြီး ရေးမယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် တရားရိပ်သာကနေ အဒေါ်အကြီးရဲ့ ဖုန်းနဲ့လှမ်းပြီးအလုပ်တစ်ခု စေခိုင်းမှုကြောင့် အပြင်ထွက်ဘို့ အကြောင်းဖန်လာတယ်။ အနတ္တ ဆိုတဲ့ တရားသဘောဟာ နေရင်းထိုင်ရင်းကို လက်တွေ့ပြနေခြင်း ဆိုတာ သတိချပ်မိခဲ့တယ်း)

ပုဂံခရီးအသွားလမ်းခရီးမှာ-
၂-၁-၁၂ (တနင်္လာ) နေ့ ညနေ ၄နာရီမှာ ကျမရဲ့အဒေါ်အကြီး အလတ်တို့နဲ့အတူ အဒေါ်အငယ်စုံတွဲ ညီမလေးတို့ စုံတွဲနဲ့ ကျမတို့ ၇-ယောက် ရန်ကုန်-ပုဂံ ခရီးစဉ်ကို ရထားနဲ့ ထွက်ခဲ့ကြပါတယ်။ အများအားဖြင့်တော့ ရထားနဲ့ခရီး ထွက်တိုင်း မန္တလေးဘက်ကို အထွက်များတာမို့ အခုတစ်ခေါက် ရထားခုတ်မောင်းရာ လမ်းကြောင်းဟာ ကျမ အတွက် အမြင်သစ်ရှုခင်းတွေ ဖြစ်နေပါတယ်။ 

ရန်ကုန်ဘူတာကြီး စင်္ကြံ (၁)

အဒေါ်ငယ်နဲ့ညီမတို့က တစ်ခန်း

အဒေါ်နှစ်ယောက်နဲ့ တီတင့်က တစ်ခန်း




ဂရင်း ဟိုတယ်ကြီး
ဗားကရားပေါ်မှ ကြည့်မြင်တိုင်လမ်းဆုံ

ရွှေပြည်သာဇုံသို့ဖြတ်




နေဝင်ရီသရော
အိပ်ယာနိုးတော့ မိုးလင်းနေပြီ
ရှုခင်းလေးတွေ ပြောင်းလဲလာ


အလယ်ပိုင်းကိုရောက်လာတဲ့ သင်္ကေတများ
ရထားခေါင်းတွဲမြင်လည်း ဓာတ်ပုံရိုက်မိ


မြေတွေကြည့်ရတာ ပန်းချီကားတစ်ချပ်နဲ့တူ
ဘယ်နေရာ ကြည့်ကြည့် ထန်းပင်တွေ
စနစ်တကျစိုက်ထားပုံလေး

စိတ်ကြည်နူးဖွယ်ရာ တောင် ကမူများ
တောင်ကုန်းပေါ်က စေတီဘုရားလေးဖူးရ 

 ရောက်ခဲ့ပေါ့ ပုဂံမြေ-
၃-၁-၁၂(အင်္ဂါ)နေ့ မနက်၁၀နာရီကျော်မှာ ပုဂံဘူတာကို ဆိုက်ရောက်ခဲ့ပြီး ငှားကားတစ်စီးငှားပြီး ကျပ် ၈၀၀၀ နဲ့ပတ္တမြားသစ္စာ (Ruby True) ကိုသွားရောက်ခဲ့ပါတယ်။ ဟိုတယ်ရောက်တော့ ခနနား ရေချိုး ခေါက်ဆွဲကြော် စားပြီး  နေ့လည်၂နာရီမှာ ဘုရားတွေစဖူးဘို့အတွက် ငှားထားတဲ့ကားကို ဆက်ငှားဖြစ်ပါတယ်။ သူငယ်ချင်းရဲ့ ဟိုတယ်ဆိုတော့ ပုံမှန်နှစ်ယောက်အိပ်ခန်း တစ်ခန်းကို ကျပ်၂၆,၀၀၀ ဆိုပေမဲ့ ကျမတို့ကို ဈေးသက်သက်သာသာနဲ့ ထားပေးတဲ့အပြင် အစားအသောက်များကိုလည်း အခမဲ့ သုံးဆောင်စေခဲ့တာမို့ ကျေးဇူးအထူး တင်ပါတယ် ကိုဝင်းမြင့်နဲ့ နီနီတို့ရေ။ ဟိုတယ်ရောက်ပြီး အဒေါ်တွေနားနေချိန် ကျမတစ်ယောက် ဟိုတယ်မှာ ခင်းကျင်း စိုက်ပျိုးထားတာလေးတွေ စနည်းနာရင်း ဓာတ်ပုံလည်း ရိုက်ရင်းနဲ့ လျှောက်လည်မဲ့ အချိန်ကို စောင့်နေခဲ့ပါတယ်။

အဖွဲ့ရဲ့ ပစ္စည်းတွေစု
ပုဂံဘူတာကြီး

ကားလမ်းတစ်လျှောက် ရှုခင်း

တည်းခိုမည့် ဟိုတယ်

အဒေါ်နှစ်ယောက်နဲ့ တီတင့်က တစ်ခန်းယူ


ပတ္တမြားသစ္စာမှာ အမှတ်တရ
အဆင်ပြေသလို ခေါက်ဆွဲကြော် ကြက်သားချောင်းကြော်တို့နဲ့ ဗိုက်ဖြည့်
အဒေါ်တို့နားနေတုန်း ဟိုတယ်ပတ်လည် လိုက်ကြည့်









ဘုရားဖူးသွားခါနီး အဒေါ် ညီမတို့နဲ့ အမှတ်တရ
ကိုးဆူဖူးရန်ဆုံးဖြတ်ခဲ့-
ပုဂံကိုရောက်တဲ့နေ့မှာ နေ့တစ်ဝက်ကျိုးပြီမို့ နေမဝင်ခင် ဘုရားကိုးဆူသာဖူးဘို့ရာ ကျမတို့တစ်တွေ သဘောတူ ဆုံးဖြတ်ကြတယ်။ ကားခကိုတော့ ကျန်နေတဲ့နေ့တစ်ဝက်ရယ် နောက်ထပ်နှစ်ရက် အတွက်ရယ် စုစုပေါင်း ကျပ် ၉၀,၀၀၀ နဲ့ငှားဖြစ်ခဲ့တယ်။ နေထိုင်စားသောက် စရိတ်အားလုံးကို ၇-ယောက်မျှခံရတော့ အကုန်အကျ သက်သာ ပါတယ်။ အဲဒီနေ့ နေ့ဝက်ဖူးဖြစ်တဲ့ ဘုရားတွေကတော့-

၁။ အလိုတော်ပြည့်ဘုရား
အေဒီ (၁၁)ရာစုခေတ် ကျန်စစ်မင်းကြီး၏ ကောင်းမှုတော်ဖြစ်သည်။ အလိုဝ်ပြည့်တွင် ရပုံအကြောင်းကား တစ်ခါသော် ကျန်စစ်သားစစ်သူကြီးမှာ အနော်ရထာမင်းကြီး၏ စေလွှတ်ချက်အရ ရန်သူအား နှိမ်နင်းရန် ပုဂံမှ ထွက်ခွာခဲ့ရ၏။ ထိုသို့ ထွက်ခွာလာရာ ပုဂံနှစ် တစ်မိုင်ခန့်အကွာ ကုန်းငယ်လေး တစ်ခုပေါ် အရောက်၌ ထူးဆန်းသော ဖြစ်ရပ်(၃)ခုနှင့် ကြုံခဲ့ရသည်။ ထိုအဖြစ်ကား စိတ်လေးလံ ထိုင်းမှိုင်းလာခြင်း၊ မူးဝေခြင်း၊ စစ်ဖြစ်ရန် မလိုလားခြင်းတို့ ဖြစ်သည်။ ထိုအခါ ကျန်စစ်သား စစ်သူကြီးက ဤနေရာ ဤဒေသသည် မိမိအတွက် ထူးကဲလွန်မြတ်သော အလိုဆန္ဒ ဖြည့်စေနိုင်သော အောင်မြေအမှန် ဖြစ်တန်သောကြောင့် နတ်ကောင်း နတ်မြတ်များမှ မိမိအား ဤကဲ့သို့ မဖြစ်စဖူး ထူးကဲသော ဖြစ်ရပ်တို့အား ဖြစ်စေတန်ရာသည်လို့ ယူဆခဲ့သည်။ ထို့နောက် ဘုရားရှင်၏ ဂုဏ်တော်(၉)ပါးအား အာရုံပြု ဆု(၃)ဆုတောင်းလေသည်။
(၁) ပုဂံနေပြည်တော်မှ စစ်သည်တော် အမြောက်အများနှင့် စစ်သူကြီးများ၊ လူစွမ်းကောင်းများ စစ်ချီလာကြောင်း သတင်းစကား ကြားရရုံမျှဖြင့် တစ်ဖက်ရန်သူ စစ်သည်တို့ ရင်မဆိုင်ဘဲ ဆုတ်ခွာ ပြေးစေပါသတည်း။
(၂) ရန်အပေါင်းမှ အေးငြိမ်းလွတ်မြောက်ရပါစေသတည်း။
(၃) ပုဂံနေပြည်တော်၌ ရွှေထီးဆောင်း ဘုရင်ဧကရာဇ်ဖြစ်သည့် တိုင်အောင် ခက်ခဲနက်နဲသော ပြဿနာဟူသမျှ တို့ကို လွယ်ကူစွာ ကျော်လွှားဖြတ်သန်းနိုင်ပြီး အလိုဆန္ဒဟူသမျှ ပြည့်ဝရပါစေသတည်း။
ထိုသို့ဆုတောင်းပြီး သစ္စာအဓိဌာန်ပြုသည်မှာ အထက်ပါ တောင်းသောဆု(၃)ဆု ပြည့်စုံ၍ ပုဂံနေပြည်တော်တွင် ဘုရင်ဧကရာဇ်ဖြစ်သည့်အခါ မိမိနှင့်တကွ တိုင်းသူပြည်သား အားလုံး ပူဇော်နိုင်ရန် ဘုရားတစ်ဆူ တည်ထား ကိုးကွယ်ပါမည်ဟူ၏။
ထို့ကြောင့် ကျန်စစ်မင်းကြီးမှာ မိမိ၏ ဆုတောင်းပြည့်သဖြင့် ယခု အလိုဝ်ပြည့် (အလိုတော်ပြည့်) ဘုရားတစ်ဆူ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။







၂။ ငှက်ပစ်တောင်ဘုရား
ငှက်ပစ်တောင်ဘုရားနှင့် ပတ်သက်၍ ဇာတ်လမ်းမှာ ပျူစောထီးဖြစ်သည်။ တစ်ကောင်းပြည်ကြီးတွင် သတိုးမဟာ ရာဇာမင်းကြီး နန်းစံတော်မူရာ ၄င်းလက်ထက် ပြည်ရွာ မငြိမ်မသက်ရှိ၍ ဤမင်း၏ အနွယ်တော် သတိုးအာဒိစ္စ မင်းသည် မလည်အရပ်သို့ ရှောင်ပုန်းလာခဲ့ရ၏။ မထင်မရှား အသွင်ဖြင့် ဥယျာဉ်တောင်ယာ လုပ်ကိုင် စားသောက်ရင်း သားတစ်ယောက် ရရှိခဲ့သည်။် ထိုသားအား စောထီးဟု အမည်ပေးပြိး (၇)နှစ် အရွယ်ရောက်သော် ဆရာရသေ့ တစ်ပါးထံ ပညာသင်ရန် အပ်နှံသောအခါ ဤဆရာရသေ့က စောထီး၏ အဆင်းသဏ္ဌာန် ကြံအင် လက္ခဏာကို ကြည့်၍ ဤသူငယ်သည် တစ်နေ့မင်းဖြစ်လိမ့်မည်ဟု သိတော်မူပြီး စောထီးအမည်မှ မင်းထီးအမည် သို့ ပြောင်းကာ ပညာသင်ပေးသည်။ မင်းထီးသည် မင်းသားတို့ တတ်အပ်သောအတတ်တို့၌ လေးအတတ်ကို ထူးချွန်စွာ တတ်မြောက်လေသည်။
အသက်(၁၆)နှစ် အရွယ်တွင် သိကြားမင်းပေးလိုက်သော ရတနာလေးနှင့် မြားကို ယူဆောင်၍ ပုဂံသို့သွားပြီး ပျူအို လင်မယားထံတွင် ခိုလှုံသည်။ မင်းထီးမှ ပျူစောထီး အသွင်ဖြင့်နေလေသည်။ ပျူအို လင်မယား နေသောအရပ်မှာ ယခု ညောင်ဦးမြို့ အရှေ့ဘက် ၅-မိုင်ကွာတွင် ရှိသည့် မြေခဲတွင်းရွာဖြစ်သည်။
ထိုအချိန်တွင် ပုဂံပြည်၏ အရှေ့ဘက်၌ ဝက်ကြီး၊ အနောက်ဘက်၌ ငှက်ကြီး၊ မြောက်ဘက်၌ ရှူးပျံကြီး၊ တောင်ဘက်၌ ကျားကြီး စသည့် ရန်သူကြီး (၄)ဦးမှာ အရံ (၅၀၀)စီနှင့် နေကြသည်။ ထိုစဉ်က ရွာ(၁၉) ရွာကို စုစည်း၍ ယုံလွှတ်ကျွန်းအရပ်၌ ပုဂံဟု စတင်တည်ထောင် စိုးစံသော သမုတိရာဇာမင်း သည်ပင်လျှင် မနိုင်၍ နေ့စဉ် အာဟာရ ဆက်နေရကာ ငှက်ကြီးကိုမူကား တစ်နေ့တစ်ယောက်မျှ နှုန်းဖြင့် သမီးကညာများ ဆက်သလာရာ (၁၂)နှစ်ပင် တိုင်ခဲ့လေသည်။ ပျူစောထီးလည်း ရန်သူများရှိရာသို့ သွားပြီး နှိမ်နင်းအောင်မြင်ပြီး ကာ နောက်ဆုံးရန်သူ ဖြစ်သော ငှက်ကြီးကို ပစ်ရာ ငှက်ကြီးသေလေသည်။ ဘုရင်သမီး ကညာ (၇)ယောက်လည်း ငှက်တောင် တစ်ချောင်းကို ရွက်၍ မင်းကြီးထံ ဆက်သရန် ကြိုးစားရာ မနိုင်၍ လမ်းတွင် ပစ်ချရသောကြောင့် ငှက်တောင်ပစ် ဟုတွင်၏။ နောင်သော် (ငှက်ပစ်တောင်) ဖြစ်လာသည်။ သက္ကရာဇ် (၇၄)တွင် သမုတိရာဇာမင်း နတ်ရွာစံသော် ပျူစောထီးက မင်းမပြုသေးဘဲ ဆရာရသေ့အား မင်းပြုစေရာ ရသေ့ကြောင်မင်း (၁၅)နှစ်ခန့် နန်းစံရ၍ သက္ကရာဇ် (၈၉) ခုနှစ်တွင် ရသေ့ကြောင်မင်း အနိစ္စရောက်သော် ပျူစောထီးမင်းဖြစ်သည်။  
ငှက်ပစ်တောင်ဘုရားသည် ပျူစောထီးမင်း ကောင်းမှုတော်ဖြစ်ပြီး သက္ကရာဇ် (၉၂)ခုနှစ်တွင် တည်သည်။ ငှက်ကြီး ပစ်သတ်ရာ နေရာ၌ တည်ထားခဲ့သော ဘုရားဖြစ်သည်။







၃။ ထီးလိုမင်းလိုဘုရားကြီး
အေဒီ(၁၃)ရာစုကဖြစ်သည်။ ကောင်းမှုရှင်မှာ နားတောင်းများ မင်းကြီးဖြစ်သည်။ နရပတိစည်သူ မင်းကြီးတွင် သားတော်ငါးပါးဖြစ်သော ဇေယျသူရ၊ ရာဇသူရ၊ အင်္ဂသူ၊ ပျံချီ၊ ဇေယျသိင်္ခဟူ၍ ရှိခဲ့ရာ ဇေယျသိင်္ခ၏ မယ်တော် မိဖုရားကြီးက မင်းကြီးလက်တွင် ခူနာပေါက်စဉ် ဤခူနာကို ငုံလျက် သက်သာစေပြီး ပြည်ပေါက်စေသည်။ ထို အနာပြည်ကို ထွေးအံသောငှာ လက်ကိုချွတ်သော် မင်းကြီးနိုးမည် စိုးသဖြင့် မချွတ်တော့ဘဲ ပြည်ကို မျိုချလျက် သက်သာစေသည်။ ဤအကြောင်းကို မင်းကြီးသိသောအခါ လိုရာဆုတောင်းပါဟု အခွင့်ပေးလေရာ မိဖုရားကလည်း ရွှေငွေ အခြွေအရံ မလိုပါ သားတော် ဇေယျသိင်္ခကိုသာလျှင် အိမ်ရှေ့မင်းအရာ ပေးတော်မူပါဟု နားတော်လျှောက်သည်။ မင်းကြီးလည်း မိမိကတိအတိုင်း ဇေယျသိင်္ခအား အိမ်ရှေ့စံ(နန်းစောင့်) အရာထား၍ ကျန်သားတော်များအား မြို့စား ရွာစားများအဖြစ် ပေးသနားတော်မူသည်။ မိဖုရားလည်း အခွင့်သာတိုင်း ဇေယျ သိင်္ခအား အိမ်ရှေ့မင်းအရာ ပေးရန် မကြခဏ တောင်းဆိုသောကြောင့် နန်းတောင်းများမင်း တွင်သည်ဟု အချို့ သမိုင်းဆရာတို့က ဆိုပေသည်။ ထို ဇေယျသိင်္ခမင်းသား အပေါ်တွင် နောင်တော်လေးပါးကလည်း ချစ်ခင် ကြင်နာ ကြပြီး ဇေယျသိင်္ခကလည်း နေ့စဉ် နောင်တော်များထံ တစ်ဦးချင်းစီထံ၌ ဝတ်ပြု ခစားလေ့ရှိရာ နောင်တော် တို့က နောင်သော် တစ်စုတစ်ရုံးတည်း ကန်တော့ခံတော်မူလေသည်။
နရပတိစည်သူမင်းကြီးက သားတော် ငါးပါးစလုံး ဝိုင်းဝန်းနေစေ၍ အလယ်တွင် ထီးဖြူ တစ်စင်းစိုက်ကာ ထီးဖြူ ညွတ်သောသူအား နန်းလျာထားမည်ဟု သစ္စာအဓိဌာန်ပြု၍ လွှတ်ရာ ထီးဖြူသည် ဇေယျသိင်္ခ မင်းသားဘက်သို့ ညွတ်ကျသည်။ ထိုအကြောင်းကိုယူ၍ (ထီးလိုမင်းလို)ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ သက္ကရာဇ် ၅၇၅ ခုနှစ် နရပတိ စည်သူမင်းကြီး နတ်ရွာစံသော် ဇေယျသိင်္ခမင်းသား မင်းအဖြစ်ကို ရသည်။ ၄င်းထီးဖြူ စိုက်လဲရာ အရပ်တွင် ကောင်းမှုတော်အဖြစ် ထီးလိုမင်းလိုဘုရား တိလောကမင်္ဂလာ (သုံးလောက ကျက်သရေဆောင်) ဘုရားကြီးကို သက္ကရာဇ် ၅၆၉ ခုနှစ် တန်ခူးလဆန်း (၁၅)ရက် ကြာသာပတေးနေ့တွင် တည်တော်မူသည်။






၎။ အာနန္ဒာဘုရားကြီး
မြန်မာမှန်ပုဂံ ရောက်ဖူးသင့်လှသည်။ ပုဂံရောက်လျှင် အာနန္ဒာရောက်မှ ပုဂံရောက်သည် ခေါ်မည် ဆိုသော စကားအရ ကျောက်ဆစ် (ပန်းတမော့) အင်္ဂတေ (ပန်းတော့) စဥ့်ကွင်းလက်ရာ သစ်သားပန်းပု လက်ရာ၊ ပန်းပဲလက်ရာ စသဖြင့် လက်ရာအဖုံဖုံ အနုပညာဂုဏ်နှင့် ပြည့်စုံတော်မူသော မွန်လက်ရာ အများဆုံး ပါဝင်သော အာနန္ဒာကား ရှေးဟောင်းပြတိုက်ကြီး တစ်ခုပမာတူလှပေသည်။
ကျန်စစ်မင်းကြီးက ဂန္ဓမာဒနတောင် နန္ဒမူလိုဏ်မှ ပုဂံသို့ ကြွလာကြကုန်သော ရဟန္တာရှစ်ပါးအား နန္ဒမူလိုဏ်ဂူ ပုံတော်တူ ကောင်းမှုတော်တစ်ဆူ တည်လိုသောကြောင့် မည်သို့သော ပုံသဏ္ဌာန်မျိုး သင့်လျော်ပါမည့် အကြောင်း လျှောက်ထားရာ ရဟန္တာရှစ်ပါးက နန္ဒမူလိုဏ်ဂူပုံစံအတိုင်း ဖန်းဆင်း၍ ပြသဖြင့် ၄င်းအတိုင်း အားရနှစ်ခြိုက်စွာဖြင့် တည်ရာ နောင်အခါ နန္ဒမူမှ နန္ဒာ၊ နန္ဒာမှ အာနန္ဒာဖြစ်လာသည် ဟုဆိုသည်။
အာနန္ဒာဘုရားကြီးကို ကောဇာသက္ကရာဇ် ၄၅၂ ခုနှစ် ခရစ်သက္ကရာဇ် ၁၀၉၀တွင် ကျန်စစ်မင်းကြီးက တည်ထား ကိုးကွယ်ခဲ့သည်။
စေတီရံ တစ်သောင်း မုခ်ပေါင်းတစ်ထောင် လမ်းသုံးမြောင်ဟူသော အဆိုအရ စေတီတစ်သောင်းမှာ တံတိုင်းပတ်လည်အတွင်း လိုဏ်မုခ်ကပ်များတွင် စေတီပေါက်ထားပြီး ဘုရားကြီး၏ စေတီအရံများနှင့် တွက်သော် တစ်သောင်းရှိနိုင်ပေသည်။
မုခ်ပေါင်း တစ်ထောင်မှာလည်း ကွမ်းထောင်လေးမျက်နှာတွင် ရှိသော မုခ်ကပ်ချိုင့်များ စင်္ကြန်ပတ်လမ်း နှစ်ခု ဝဲယာ နံရံရှိ မုခ်ကပ်များနှင့် အာရုံခံ လေးဘက်အတွင်းရှိ မုခ်ကပ်အချိုင့်များဖြစ်သည့် ၄င်းမုခ်ကပ်များကြောင့် ဘုရားအတွင်း ပဲ့တင်သံ၊ လိုဏ်သံများ မကြားရတော့ပေ။ လမ်းသုံးမြှောင့်တွင် အတွင်းဆုံး ပတ်လမ်းသည် ရဟန်းသံဃာများ လှည့်လည်ပူဇော်ရန် ဒုတိယအလယ် ပတ်လမ်းမှာ မင်းညီမင်းသားများ အတွက်ဖြစ်ပြီး အပြင် ပတ်လမ်းမှာ သာမန်လူပုဂ္ဂိုလ်တို့ ကုသိုလ်ယူလှည့်လည်ဖူးမြော်ရန် ဖြစ်သည်။ စဥ့်လက်ရာမှာလည်း အစုံဆုံး ဘုရားဖြစ်သည်။











၅။ သဗ္ဗညုဘုရားကြီး
သက္ကရာဇ် ၄၈၄ ခုနှစ်တွင် နန်းတက်သော အလောင်းစည်သူမင်းကြီး နန်းစံသက် (၁၁)နှစ်တွင် တည်သော ဘုရားဖြစ်သည်။ မင်းကြီးသည် သာဝတ္ထိပြည်၏ အရှေ့မျက်နှာ ဝိသာခါကျောင်း အမကြီး လှူခဲ့သော ပုဗ္ဗာရုံကျောင်းတော် သဏ္ဌာန် စေတီတစ်ဆူ တည်လိုသော ဆန္ဒဖြစ်သဖြင့် ရှင်အရဟံ၊ စိမ်းညက်မင်းသားတော် မဟာထေရ်၊ ရှင်အာနန္ဒာတို့ အမှူးထား၍ ပညာရှိ သံဃာတော် မှူးမတ်တို့နှင့် တိုင်ပင်ကာ ထုမှာ ဓမ္မာရံ၊ ဉာဏ်မှာ သဗ္ဗညု၊ အနုအာနန္ဒာဟု တွင်သောအားဖြင့် ဖိနပ်တော်မှ ငှက်မျက်နားထိ ၂၀၁ပေရှိသော သဗ္ဗညုစေတီတော်ကြီး ကို တည်ထား ကိုးကွယ်တော် မူခဲ့သည်။ သဗ္ဗညုဂူဘုရားကြီး အမည်မှာ မူလအမည်ပင်ဖြစ်ပြီး ဘုရားရှင်၏ သဗ္ဗညုတရွှေဉာဏ်တော်၏ သဘောအဓိပ္ပာယ်ပင်ဖြစ်သည်။
အလောင်းစည်သူမင်းကြီး၏ ကောင်းမှုတော် ကြေးခေါင်းလောင်းကြီး ချိတ်ခဲ့သည့် ကျောက်တိုင်ဟောင်းကြီး နှစ်ခု ယခုတိုင် ကြွင်းကျန်လျက်ရှိသည်။ ခေါင်းလောင်းကြီးမှာ ကြေးစင်တစ်သောင်း ရှိသည်ဟုဆိုပြီး အရွယ်ပမာဏမှာ မင်းကွန်းခေါင်းလောင်းကြီးထက် ကြီးနိုင်ပေသည်။ သဗ္ဗညုဘုရားကြီး ပတ်ဝန်းကျင်တွင် ဗြဟ္မဏဝါဒနှင့် နွယ်သော ပုဂံခေတ်ဦး တောင်သူကြီးမင်း လက်ထက်တွင် တည်ထားသည့် ငကျွဲနားတောင်း၊ ပုထိုးသားများနှင့် နတ်လျောင်းကျောင်း စသည့် ဘုရားများကို တွေ့ရသည်။








၆။ ရွှေဂူကြီး(နန်းဦး)ဘုရား
အလောင်းစည်သူမင်းကြီးသည် သက္ကရာဇ် ၄၇၅ ခုနှစ်၌ ရှင်အရဟံ စိမ်းညက်မင်း သားတော် မဟာထေရ် အရှင်အာနန္ဒာတို့နှင့် တိုင်ပင်၍ ဘုရားရှင်၏ လက်ထက်တော်အခါ အရှင်သာရိပုတြာ စီမံသော ဂန္ဓကုဋိတိုက် ပုံသဏ္ဌာန်တူ စေတီဂူကြီးတစ်ဆူ တည်တော်မူ၍ ရွှေဂူကြီးဟု သမုတ်တော်မူခဲ့ပြီး နန်းဦးမဟာစေတီကိုလည်း တည်ထားကိုးကွယ်ခဲ့သည်။ အမြင့် ၁၂ပေရှိ အုတ်ခုံမြင့်ကြီးပေါ်တွင် တည်ထားခဲ့ခြင်းကြောင့် ဘုရားကြီးမှာ မြေမှ စုန့်စုန့်ထွက်၍ မှိုပွင့်ကြီးသဖွယ် ထင်မြင်ရသည်။









၇။ မဟာဗောဓိ
၁၂၁၅ ခုနှစ်တွင် ဇေယျသိင်္ခ (ခ) နားတောင်းများမင်း (ခ) ထီးလိုမင်းလိုမင်း နန်းစံ(၄)နှစ်မြောက်၌ မဇ္ဈိမဒေသ သီဟိုဠ်ကျွန်းမှ ဓာတ်တော်မွေတော် လက်ဆောင်များနှင့်တကွ မဟာဗောဓိပုံတော် တစ်ဆူ လာရောက် ဆက်သရာ မှ ၄င်းပုံသဏ္ဌာန်အတိုင်း ရွှေငွေရတနာတို့ ဌာပနာ၍ စေတီ တည်တော်မူရာ မဟာဗောဓိ တွင်တော်မူသည်။ ပုဂံမြို့ဟောင်းတွင် ကြွင်းကျန်လျက်ရှိသေးသော ဘုရားပေါင်း အဆူနှစ်ထောင်ကျော်တွင် ဤမဟာဗောဓိပုံ ကွမ်းထောင်ပေါက်ဘုရားသည် ဗုဒ္ဓဂါယာရှိ မဟာဗောဓိဘုရားနှင့် တူသောဘုရားဖြစ်သည်။
လိုဏ်နှစ်ဆင့်ရှိပြီး တောင်ဘက်နံရံအတွင်းတွင် အပေါ်ထပ်သို့ တက်ရန် လှေကားရှိသည်။ အရှေ့လှည့် ဘုရားဖြစ်ပြီး အပေါ်ထပ်နှင့် အောက်ထပ်တွင် ဘူမိဖဿမုဒြာဟန် ရုပ်ပွားဆင်းတုတော် နှစ်ဆူရှိသည်။ ကွမ်းထောင်မျက်နှာပြင် မုခ်ကပ်အချိုင့်များ၌ မတ်ရပ်ထိုက်လျက်။ လျောင်းလျက် ပုံသဏ္ဌာန် ဗုဒ္ဓဆင်းတုတော်ပေါင်း ၄၆၅ ဆူကျန်ရှိသည်။ ဘုရားဝန်းကျင်တွင် ဗုဒ္ဓဂါယာကဲ့သို့ပင် သတ္တဌာနခန်းများရှိသည်။







၈။ ကန်တော့ပလ္လင်
အေဒီ ၁၁၇၅ ခုနှစ် နရပတိစည်သူမင်းကြီး တည်ထားကိုးကွယ်တော်မူရာ စေတီမပြီးမီ မင်းကြီး နတ်ရွာစံ ကံတော်ကုန်သောကြောင့် သားတော် နားတောင်းများမင်း (ထီးလိုမင်းလို)က ၁၁၈၈ ခုနှစ်တွင် ဆက်လက်၍ ပြီးစီးအောင် တည်တော်မူရသည်။ 
နရပတိစည်သူမင်းကြီး၏ ဘိုးတော် အလောင်းစည်သူမင်းကြီးသည် ၄င်း၏ ဘေးလောင်းတော် ဘိုးလောင်းတော် များ သူ့လောက်ဘုန်းတန်ခိုး အာဏာမရှိဟု ပြစ်မှားမိ၍ မျက်စိကွယ်ရသည်။ ထို့ကြောင့် ပြစ်မှား မိသော ဘေးလောင်းတော် ဘိုးလောင်းတော်တို့၏ ရုပ်ထုများ ထုလုပ်ကာ ပလ္လင်တင်ပြီး ကန်တော့သော အခါမှ  မျက်စေ့ပြန်၍ အလင်းရသည်။ ထိုကန်တော့ရာ နေရာတွင် မြေးတော် နရပတိစည်သူ မင်းကြီးက ဘုရားကြီး တည်ထားကိုးကွယ်ခြင်းကြောင့် ကန်တော့ပလ္လင်ဘုရားဟု တွင်သည်။








၉ ဗူးဘုရား
ပုဂံမြို့ဟောင်း၏ အနောက်ဘက် ဧရာဝတီမြစ်ကမ်း နဖူးတွင် ရှိသည်။ ၁၉၇၅ ခုနှစ်၊ ပုဂံငလျင်ဒဏ်ကြောင့် လုံးဝပျက်စီးသွားသဖြင့် အသစ်ပြန်လည် တည်ရသောဘုရားဖြစ်သည်။ 
အေဒီ (၃)ရာစု မြန်မာသက္ကရာဇ် ၈၉ ခုနှစ်၌ နန်းတက်သော ပျူစောထီးမင်းက ၉၂ ခုနှစ်တွင် ပေါက်ပင်ပေါက်ရာ အရပ်၌ ဤဗူးဘုရားကို တည်တော်မူသည်။ ကျားကြီး၊ ရှူးပျံကြီး၊ ဝက်ကြီး၊ ငှက်ကြီး ဟူသော ရန်သူကြီး (၄)ဦး အပြင် ဗူးဟူသော သဘာဝရန်သူတစ်မျိုးလည်း ပေါ်ပေါက်ခဲံသည်ဟု အဆိုရှိသည်။ ထိုနေရာမှစ၍ ပေါက်ခဲ့သော ဗူးပင်သည် တစ်မြို့လုံးအား ဗူးနွယ်များဖြင့် ရစ်ပတ်ကုန်သည်။ ထို ဗူးရိုင်းကြီးများအား နေ့ခုတ်လျှင် ညတွင်းချင်း ပြန်လည်ရှင်သန် ကြီးထွား၍ ဒုက္ခပေးတတ်ပြန်သည်။ ထိုဗူးပင်တို့အား ပျူစောထီးက သုတ်သင် ရှင်းလင်း နှိမ်နင်းရသည်။ ထိုဗူးပင်ပေါက်ရာ ဘုရားရှင်လက်ထက်က ပေါက်ပင်ပေါက်ရာ ထိုနေရာတွင် ဗူးသီးပုံ သဏ္ဌာန်စေတီ တည်ထားကိုးကွယ်ရာမှ ဗူးဘုရားဖြစ်ပေါ်လာသည်။








ဗူးဘုရားကအပြန်မှာတော့ နေဝင်ချိန်နီးနေတာမို့ Sunset ကို ရွှေဆံတော်ဘုရားကနေ ကြည့်ဘို့သွားခဲ့ကြပါတယ်။ အမြင့်ကို မတက်ရဲတဲ့ အဒေါ် သုံးယောက်နဲ့ မတ်တို့ ကျန်ခဲ့ပြီး ညီမလေး ဦးလေးနဲ့ ကျမတို့ နေဝင်ချိန်ကြည့်ဘို့ အပေါ်သို့ရောက်ပေမယ့် ကံက မကောင်းချင်တော့ ဝင်လုဆဲဆဲ နေလုံးကြီးပေါ်ကို ထူထဲတဲ့တိမ်တိုက်ကြီးတစ်ခုက အုပ်မိုးသွားတဲ့ အတွက် တောင်စွယ်မှာ နေကွယ်တာကို မမြင်ခဲ့ရပဲ ဖြစ်ပျက်ကလေး ရှုကာ အောက်ကိုပြန်ဆင်း ခဲ့ရပါ တယ်း)

 ရွှေဆံတော်ဘုရား
အေဒီ ၁၀၅၇ ခုနှစ်တွင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် လေးမျက်နှာ ဂန္ဓကုဋီတိုက်များ ရှိရာ ၄င်းအတွင်းတို့၌ ဈာနမုဒြာဟန် ဆင်းတုတော်ကြီးများမှာ အနော်ရထာမင်းကြီးခေတ် လက်ရာများ ဖြစ်ကြသည်။ မျက်နှာလေးဘက်တွင် နတ်လမ်းလှေကား တစ်စင်းစီရှိ၍ နေဝင်ချိန် (Sun Set) ကြည့်သူများ အန္တရာယ်ကင်းစွာ ဆင်းတက်နိုင်ရန် လက်ရန်းသံပိုက်များ တပ်ဆင်ထားသည်။ ပဉ္စမပစ္စယံအထိ တက်၍ရသည်။






 ဓမ္မရံကြီးဘုရားကို ရွှေဆံတော်မှ မြင်ရပုံ 
ထုမှာဓမ္မရံဟူသော စကားနဲ့အညီ ပုဂံတွင် ထုထည်ပမာဏ အကြီးဆုံးဘုရား ဖြစ်သည်။ ဘုရားဓဒါယကာ နရသူမင်းဖြစ်ပြီး နန်းစံသက်တစ်နှစ်မြောက် သက္ကရာဇ် ၅၄၅ ခုနှစ်တွင် ကောင်းမှုတော်အဖြစ် ဓမ္မရံကြီးကို တည်ခဲ့သည်။

(ရေနံ့သာဝင်းမောင်-မြန်မာပြည်သားရဲ့ 'လျှပ်တစ်ပြက်မဟာပုဂံ' မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်)

(ပို့စ်အဆက်လေးကို ဆက်တင်ပေးသွားပါ့မယ် စိတ်ရှည်ရှည်နဲ့ တင်ရတာမို့ သည်းခံဖတ်ကြပါနော်)
လောကလူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်စုံကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz