x

13.1.12

လက်ကျန်ဘဝရဲ့ အမှတ်တရခရီးများ-၂


၎-၁-၂၀၁၂(ဗုဒ္ဓဟူးနေ့) မွန်းမလွဲခင် စွယ်တော်လေးဆူကို ဖူးနိုင်ဘို့အတွက် ကျမတို့အဖွဲ့ တက်ညီလက်ညီ မနက် ၅နာရီခွဲကို ဟိုတယ်ကနေစတင် ထွက်ခွာရမှာ ဖြစ်တာကြောင့် ညကထဲက မောနင်းကော ၄နာရီခွဲလုပ်ပေးဘို့ Reception ကိုမှာထားခဲ့ပါတယ်။ ဟိုတယ်ကလည်း မနက်စာ Breakfast ကိုမနက် ၅နာရီ အဆင်သင့် လုပ်ပေး ထားတဲ့အတွက် မှန်းထားတဲ့ ၅နာရီခွဲ တိတိမှာ ထွက်ဖြစ်ခဲ့ပါတယ်။ မနက်စောစောမို့ အလင်းရောင် နည်းသေး တာကြောင့် ကျမအဆင်ပြေသလိုပဲ ဓာတ်ပုံအနည်းငယ်ကို ရိုက်ဖြစ်ပါတယ်။ စွယ်တော်လေးဆူကို မွန်းတည့် မတိုင်မီ အမှီဖူးပြီး တစ်ဆုတည်းသော ဆုကို တောင်းရင်ပြည့်တယ်လို့ ပါးစပ်ရာဇဝင် တွင်နေပေမယ့် ကျမတော့ အမြဲ တောင်းနေကျ ဆုလေးတွေကို တောင်းခဲ့ပါတယ်။ ဆုတောင်းနည်းတာဖြစ်စေ များတာဖြစ်စေ အတိတ်က ကိုယ်ပြုသမျှ ကောင်းမှုကံ အကြောင်းအပေါ် မူတည်ပြီး အကြောင်းကောင်းရင် အကျိုးကောင်းမယ် မဟုတ်ပါလား။

အာရုံတက် ဟိုတယ်မှထွက်ခွာ

၁။ လောကနန္ဒာ စွယ်တော်ဘုရား






အနော်ရထာမင်းကြီးသည် သီဟိုဠ်ဘုရင် ဓာတုသေနမင်း ဆက်သသော စွယ်တော်တစ်ဆူကို ထပ်မံပွား၍ ရတနာ ဆင်ဖြူတော်တွင် တင်ကာလွှတ်သည်။ ထိုဆင်ဖြူတော် ဝပ်ရာအရပ်တွင် စွယ်တော်ဘုရား တည်မည်ဟူသော အဓိဌာန်ကြောင့် ယခုဧရာဝတီ မြစ်ကမ်းပါး ပုဂံသင်္ဘောဆိပ်အနီး ကုန်းမြင့်တွင် ဆင်ဖြူဝပ်ရာထောင့်တွင် စွယ်တော်လေးဆူ တည်ရှိသည့်အနက် ဤစွယ်တော်မြတ်ဘုရားမှာ တတိယမြောက်ဖြစ်ပြီး ပုဂံ၏ အနောက်တောင် ထောင့်တွင် ရှိသည်။ စေတီ၏ အထက်ပိုင်းတွင် ထီး၊ ဖောင်းရစ်များ ဂုံးလျောတစ်လှည့် အဖေါင်း တစ်လှည့် ဆင်ထားသည်။ ခေါင်းလောင်း ပုံသဏ္ဌာန်မှာ ပျူဘုရားများ၏ လက်ရာဖြစ်၍ ရှည်လျားပြီး ခေါင်းလောင်း နားကော့နေသည်။ မှန်ကူကွက် သဏ္ဌာန် ဖောင်းကြွ ပန်းခက်ကြီးများ ခေါင်းလောင်း ရင်စည်းအဖြစ် ပတ်ထား သည်။ အောက်ခြေတွင် ၁၆မြှောင့် ပစ္စယံနှစ်ဆင့်၊ ရှစ်ထောင့်ပစ္စယံ သုံးဆင့်ရှိပြီး ပစ္စယံအဆင့်ဆင့်ပေါ်သို့ တက်ရန် တောင် မြောက် အရှေ့ဘက်တို့တွင် နတ်လမ်းလှေကားများ ရှိသည်။

လောကနန္ဒာ၏ အရှေ့ဘက် တန်ဆောင်းအတွင်းတွင် အနော်ရထာမင်းကြီး ကိုးကွယ်ခဲ့သော ဆုတောင်းပြည့် ဆင်းတုတော် တစ်ဆူရှိရာ ပုဂံပြည့် (၅)ပြည့်တွင် တစ်ဆူအပါအဝင် ဖြစ်သည်။ အရှေ့ဘက် တန်ဆောင်းကျော ဘက်တွင်ရှိ ခရစ်နှစ် ၁၂၀၇-ခုနှစ် ရေးထိုး ကျောက်စာတိုင် စာကြောင်းရေ ၂၀တွင် (လောကနန်တာ) ဟူသော စာလုံးတွေ့ရသည်။

လောကနန္ဒာစွယ်တော်မှ တုရင်တောင်စွယ်တော်သို့အသွား

၂။ တုရင်တောင်စွယ်တော်












ပုဂံမြို့ အရှေ့တောင်ဘက် ခြောက်မိုင်အကွာ တုရင်တောင်ထိပ်တွင် တည်ရှိပြီး အနော်ရထာမင်းကြီး တည်ထား ကိုးကွယ်ခဲ့သော စွယ်တော်မြတ် စေတီတစ်ဆူဖြစ်သည်။

တုရင်တောင်မှာ လွန်ခဲ့သော နှစ်ပေါင်း ၂၅သန်းက ဖြစ်ပေါ်ခဲ့သော သဲကျောက်တောင် ဖြစ်သည်ဟု ဆိုသည်။ တုရင်တောင်နှင့် တစ်ဆက်တည်း သက်လူမျိုးတို့ နေထိုင်ခဲ့သော သက်စိုးတောင်ရှိသည်။ တုရင်ဟူသော အဓိပ္ပာယ်မှာ တုရင်္ဂဟူသော ပါဠိမှာလာပြီး (မြင်းနှင့်တူသောတောင်) ဟူ၍ အဓိပ္ပာယ်ရသည်။ အနော်ရထာ မင်းကြီးက စွယ်တော်ပွား တစ်ဆူအား ဆင်ဖြူရတနာပေါ်တွင် တင်၍ အဓိဌာန်ဖြင့် လွှတ်ရာ ဆင်ဖြူတော်သည် ဤ တောင်ထိပ်သို့ တက်၍ ဝပ်သောကြောင့် စွယ်တော်ပွားကို ဌာပနာ၍ စေတီတည်ခဲ့ခြင်းဖြစ်သည်။

တုရင်တောင်စေတီ၏ အထက်ပိုင်းထီးမှာ သေးသွယ် ချွန်တက်သည်။ ခေါင်းလောင်းပုံမှာ လုံးဝန်း ပုပြတ်ပြီး ခေါင်းလောင်းပုံ အောက်ခြေတွင် ရှစ်မြှောင့် ပစ္စယံရှိသည်။ ထိုပစ္စယံများကို ဆင်ရုပ် ၃၂ရုပ်ဖြင့်ခံထား၏။
တုရင်တောင် စွယ်တော်မြတ်၏ အနီးတွင် မြန်မာစာပေ သမိုင်းတွင် ထင်ရှားသော စောရဟန်း ကျောက်စာတိုင်နှင့် အနောက်ဘက်တွင် မြကန်ရှိသည်။ စေတီတော်အား ဝန်းရံပူဇော်နေသော ရှင်မောဂ္ဂလိတိဿပုတ္တ၊ ရှင်သောဏ၊ ရှင်ဆပ္ပဒဓမ္မ၊ ရှင်ဓမ္မပါလ၊ ရှင်ဗုဒ္ဓယောသ၊ ရှင်ပံ့သကူနှင့် ရှင်ဓမ္မရံသီ ရဟန္တာ ရုပ်ထုများရှိသည်။ ရှင်အရဟံ တရား အားထုတ်ခဲ့သော ကျောက်သားဂူနှင့် တုရင်တောင်၏ အရှေ့ဘက်၊ တောင်ပရွာ မြောက်ဘက်တွင် ရှင်အရဟံ မထေရ်မြတ်၏ ဓာတ်တော်များ ဌာပနာထားသည့် (ထီးတန်ဆောင်း) စေတီရှိသည်။

တုရင်တောင်စွယ်တော်မှ တန့်ကြည့်တောင်စွယ်တော်သို့


ဗူးဘုရားမှ တဆင့် မော်တော်နှင့်သွားရန်

မော်တော်ဆိပ်သို့အဆင်း
ရင်သပ်ရှုမောဘွယ်ရှုခင်း
တန့်ကြည့်တောင် ဘုရားဖူးများအား တစ်ဖက်ကမ်းသို့ပို့ရန် မော်တော်များ
စင်းလုံးငှား ကျပ် ၂၀,၀၀၀


မြစ်အလယ်တွင်
မြစ်ကူးနေသော ဇက်
အဒေါ်များရဲ့ အမှတ်တရ
တီတင့်ကအအေးကြိုက်ပေမယ့် အအေးကြောက်တယ်း)
မှုံရီဝိုးတိုးဝါးတားနဲ့ဖူးလိုက်ရတဲ့ တန့်ကြည့်တောင်စွယ်တော်







ဇက်ဆိပ်မှ အငှားကားနေရာသို့သွားရန် လမ်းကြော
မော်တော်မောင်းသူမှ ကူညီဖေးမ
Town Ace ကိုငှားလို့မရ အလှည့်ကျအတိုင်း ကားများသတ်မှတ်ထား
ဈေးက ကျပ် ၅၀၀၀ ပိုသက်သာတဲ့ ဂျစ်ကားအလှည့်ပါ (ကျပ် ၁၅,၀၀၀) အသွားအပြန်ခရီး

ရှုခင်းတွေငေးလို့မဝ ကြည့်လို့မဆုံး



၃။ တန့်ကြည့်တောင်စွယ်တော်

ရောက်ခဲ့ပြီ တန့်ကြည့်တောင်စွယ်တော် ခြေရင်းသို့

ဘိုးဘွားများအတွက် အလှူခံ (တန့်ကြည့်တောင်ခြေတွင် ဘိုးဘွားရိပ်သာဖွင့်ထား)




တန့်ကြည့်တောင်စွယ်တော်ရဲ့ တစ်ဆင့်နိမ့်နေရာရှိ ဗျာဒိတ်ပေး ဘုရားကြီး


 









စောင်းတန်းများကို အပေါ်မှမြင်ရပုံ

ဧရာဝတီမြစ်၏ အနောက်ဘက်တွင်ရှိ၍ အနော်ရထာမင်းကြီး အဓိဌာန်ဖြင့် လွှတ်သော ဆင်ဖြူရတနာ ဒုတိယ အကြိမ် ရပ်တန့်တော်မူသော နေရာ၍ မြတ်စွယ်တော် ဌာပနာခြင်းဖြစ်သည်။

ဗုဒ္ဓမြတ်စွာ ဘုရားသည် သက်တော် (၇၀) ဝါတော်(၃၅)ဝါ အရောက် ဒေသစာရီ ကြွတော်မူစဉ် မြစ်တစ်ဖက်ကမ်းရှိ လှမ်းမြင်ရသော နေရာသည် နောင်တစ်ချိန် ပေါက္ကံရွှေပြည် ပေါ်ထွန်းလိမ့်မည် ဟူသော ဗျာဒိတ်ထားတော် မူသည်။ တောင်ပေါ်မှ တန့်ကြည့်၍ ဗျာဒိတ်ပေးတော် မူသောကြောင့် ထိုတောင်အား တန့်ကြည့်တောင်ဟု တွင်၏။
သက္ကရာဇ် ၃၉၆-ခုနှစ်တွင် ရှင်အရဟံ မထေရ်၏ တိုက်တွန်းချက်အရ အနော်ရထာမင်းကြီးသည် သီဟိုဠ်မင်းထံမှ ရသော စွယ်တော်မြတ်ကို ဆင်ဖြူရတနာတွင် တင်၍ အဓိဌာန်ဖြင့်လွှတ်ရာ ဆင်ဖြူတော်သည် ပုဂံနန်းတော်အား သုံးပတ် လှည့်ပြီးနောက် ဧရာဝတီမြစ်သို့ ကူးလေသည်။ ထို့နောက် တန့်ကြည့်တောင်ထိပ် တောင်ပူဇာတွင် ပဆစ်တစ်ဖက် တုပ်၍ ဆင်ဖြူတော် အော်သဖြင့် ရှင်အရဟံအား အနော်ရထာက မေးလျှောက်ရာ ရှင်အရဟံက မင်းကြီး ကြောက်တော်မူသည်ကို သိ၍ ထိုအရပ်၌ (ရှစ်မျက်နှာသက်တော်ရှည်) ဘွဲ့အမည် တွင်သော ဘုရားတည်သည်။ ဆင်ဖြူရောက်သည့် နေ့မှစ၍ မိုးကြီးသည်းထန်စွာ ရွာသောကြောင့်လည်း ရှင်ပင်မိုးကောင်း ဘုရားတစ်ဆူ တည်သည်။ ဆင်ဖြူတော်က အနောက်စူးစူး တောင်ခြေသို့ သွားပြီး မာန်သွင်းသော နေရာ၌ ဆင်မာန်သွင်း ဘုရား တည်သည်။ နောက်ဆုံး ဆင်ဖြူတော် ယခုစေတီတည်သော နေရာ၌ ဝပ်သဖြင့် စွယ်တော်မြတ်အား ဌာပနာ၍ သက္ကရာဇ် ၁၉၇-ခုနှစ်တွင် တန့်ကြည့်တောင် စွယ်တော်မြတ်ကို တည်သည်။
ပုဂံနေဝင်ချိန်တွင် နေလုံးကြီးသည် တန့်ကြည်တောင်အောက်သို့ ငုတ်လျှိုးသွားသည်ဖြစ်ရာ ပုဂံ (Sun Set) ရှုခင်းတွင် ကမ္ဘာလှည့် ခရီးသွားတို့ အကြိုက်ဆုံးဖြစ်သည်။ မြန်မာ ဘုရားဖူးများမှာမူ စွယ်တော်လေးဆူဖူးသည်။ အဓိဌာန်ဖြင့် ထိုတန့်ကြည့်တောင် စွယ်တော်ရှိရာသို့ စက်လှေတစ်တန် ကားတစ်တန် အပင်ပန်းခံ၍ သွားလေ့ ရှိကြသည်။


တန့်ကြည့်တောင်စွယ်တော်မှ အပြန်ခရီးမှာ ကုသိုလ်ယူ (လိုက်ချင်သူများကိုအခမဲ့တင်ခေါ်ခဲ့း))



၎။ စွယ်တော်မြတ်လှုံရွှေစည်းခုံ






ကိုယ်ကိုစောင့်သော ကိုယ်စောင့်နတ်(ရွှေစည်းခုံစေတီတွင်သာရှိ)
 ရွှေဆိုင်းများကပ်လှူအပြီး
အဒေါ်များနဲ့ ညီအစ်မနှစ်ယောက် အမှတ်တရ


ပုဂံနန်းစံသက် သက္ကရာဇ် ၃၉၃ ခုနှစ်တွင် အနုရုဒ္ဓါ(ခေါ်) အနော်ရထာမင်းကြီးသည် သိကြားပေးသော အိပ်မက်အရ သီဟိုဠ်ကျွန်းသို့ သံတမန် စေလွှတ်၍ စွယ်တော်မြတ် ပင့်တော်မူစေသည်။ သီဟိုဠ်ဘုရင် ဓာတုသေန မင်းကလည်း ကျေးဇူးဆပ်သောအားဖြင့် စွယ်တော်ပွား တစ်ဆူ ပေးအပ်လိုက်ရာ အနော်ရထာမင်းကြီး ကိုယ်တိုင် သီရိပစ္စယာ ဧရာဝတီမြစ်ထဲသို့ လည်ပင်းတိုင်အောင် ဆင်းတော်မူကာ စွယ်တော်ကို ကြိုတော်မူသည်။ နန်းတော် တွင်းဝယ် ရတနာပြသာဒ်ဖြင့် ပူဇော်ကာ ဆည်းကပ်ကိုးကွယ်တော်မူစေ၏။ ထို့နောက် ရှင်အရဟံ တိုက်တွန်းတော် မူသောကြောင့် စွယ်တော်မြတ်ကို ဆင်ဖြူရတနာဖြင့် တင်ကာ လွှတ်တော်မူရာ ဆင်ဖြူရတနာသည် ပုဂံမြို့ အရှေ့မြောက်အရပ် သဲစည်းခုံတွင် ဝပ်တော်မူလေသည်။ သဲစည်းခုံဆိုသည်ကား အောက်ခြေခိုင်ခန့်မည် မဟုတ်သောကြောင့် မင်းကြီး စိတ်မကောင်း ရှိတော်မူရာ ထိုည၌ သိကြားမင်းက ဤမြေသည် သာသနာ ၅၀၀၀ အရှည် တည်တံ့ရန် မြေဖြစ်ပါသည်။ စိတ်မကောင်း မရှိပါနှင့်ဟု အိပ်မက် ပေးလေရာ အနော်ရထာ မင်းကြီးလည်း ဝမ်းမြောက်ဝမ်းသာစွာဖြင့် ထိုမြေအား ကျောက်မြေ အဖြစ်သို့ ဖို့ကာ သံပြားကွပ်ပြီး သက္ကရာဇ် ၃၉၃ ခုနှစ် တွင် ရွှေစည်းခုံစေတီတော်မြတ်ကြီး၌ သီဟိုဠ်မှရသော စွယ်တော်အပြင် တရုတ်ပြည်မှရသော မြဆင်းတု၊ သရေခေတ္တရာမှ ရသော ဘုရားသခင်၏ သင်းကျစ်တော်နှင့် မင်းကြီး၏ ကိုယ်စားတော် ရတနာပန်းတောင်း ဖက်ဟန် ရွှေစင် သွန်း၍ ဌာပနာတော်မူသည်။

ရွှေစည်းခုံ အတွင်းကပ်စေတီအား သက္ကရာဇ် ၄၂၁ ခုတွင် ပြီးစီးအောင်မြင်တော် မူသော်လည်း အနော်ရထာ မင်းကြီး၏ စိတ်ထဲဝယ် ဖိနပ်မြေ သံတောင် ၃၂၀ ရှိသော အပြင်ကပ်စေတီအား တည်ထားတော်မူချင်သည့် ဆန္ဒမှာ မအောင်မြင်ဘဲ ဖြစ်ရရှာသည်။ အဘယ်ကြောင့်ဆိုသော် ကိုးခရိုင်နယ်သို့ ထွက်တော်မူပြီး အပြန် သရပါ တံခါးအဝင်၌ အောင်သာဘက်တွင် ကျွဲဆိုးကြီး တစ်ကောင် သောင်းကျန်းနေသည်ဟု ကြား၍ သွားရောက် နှိမ်နှင်း ရာတွင် ကျွဲရိုင်းခတ်၍ နတ်ရွာစံတော်မူရှာသည်။
သက္ကရာဇ် ၄၄၆ ခုနှစ်တွင် နန်းတက်တော်မူသော ကျန်စစ်မင်းကြီးသည် ရွှေစည်းခုံ စေတီတော်အား သက္ကရာဇ် ၄၅၁ ခု တန်ဆောင်မုန်းလဆန်း ၁၃ရက်နေ့တွင် အနော်ရထာမင်း၏ ဆန္ဒအတိုင်း ဖိနပ်ခြေသံတောင် (၃၀၀) အမြင့် သံတောင်(၈၀) ရှိသော အပြင်ကပ် စေတီကို တည်တော်မူသည်။

စွယ်တော်လေးဆူကို ဖူးပြီးတဲ့အခါမှာတော့ နေ့လည် ၁၁နာရီခွဲလောက်ဖြစ်နေပြီမို့ ကျမရဲ့ အိမ်ဦးသခင်ရဲ့ မိတ်ဆွေ သူငယ်ချင်း မိသားစု အိမ်မှာ နေ့လည်စာကို စားဖြစ်ခဲ့ကြပါတယ်။ ဟင်းဖွယ်ရာ စုံလင်စွာနဲ့ ရင်းနှီးခင်မင်စွာ ကျမတို့အုပ်စုကြီးကို လိုလေသေးမရှိ ကျွေးမွေးဧည့်ခံခဲ့တဲ့အတွက် အားမနာနိုင်တော့ပဲ ဆာလောင်နေတဲ့ ကျမတို့ အဖွဲ့လည်း ဒါနမြောက်အောင် အားပေးပါတယ် ဟင်းခွက်တွေကို ဓာတ်ပုံရိုက်ရမှာ အားနာလို့ မရိုက်ဖြစ်တော့ဘူးး)

အိမ်ဦးသခင်ရဲ့သူငယ်ချင်းက နေ့လည်စာနဲ့ဧည့်ခံ (ကျေးဇူးတင်ပါတယ် မနုရေ)

နေ့လည်စာစားပြီး စကားစမြည်ပြောကြကာ နေ့လည် ၁နာရီခန့်မှာ ပုပ္ပါးတောင်ကို ခရီးဆက်ခဲ့ကြပါတယ်။ ၂နာရီ ၂၀မိနစ်မှာ ပုပ္ပါးတောင်ကိုရောက်ခဲ့ကြပြီး တောင်ထိပ်ရောက်အောင် မတက်တော့ပဲ သံတံခါးနားအထိသာ တက်ခဲ့ ကာ ပြန်ဆင်းလာပါတယ်။

ပုပ္ပါးတောင်ကြီးကို နတ်တို့ပျော်စံရာ နတ်တောင်ကြီး အဖြစ်ခေါ်ဝေါ်ကြ၏။ အနောက်တိုင်းသား အချို့ကလည်း ပုံပြင်ဒဏ္ဍာရီလာ အိုလံပတ်စ်တောင်ကြီးဟု တင်စားခေါ်ဆိုကြလေသည်။

ပုပ္ပါးတောင်သည် တောင်ထိပ်ပေါင်းများစွာကို ဖွဲ့စည်းပေါင်းစပ်ထားသည့် တောင်တန်းကြီးဖြစ်၏။ တောင်မကြီး၏ အနောက်တောင်စွယ်ရှိ ကလပ်သဏ္ဍာန် တောင်ကို ‘တောင်ကလပ်’ ဟု ခေါ်ဆိုကြသည်။ ပုပ္ပါးတောင်ကလပ်မှာ အမြင့်ပေ ၂၄၁၇ပေ ရှိပြီး မတ်စောက်လှ၏။ ထူးခြားသည်က အခြားသောတောင်များနှင့် မဆက်စပ်ပဲ တစ်သီး တစ်ခြား တည်ရှိခြင်းဖြစ်ပါသည်။ ပုပ္ပါးတောင်ဝန်းကျင်တွင် မြောက်မြားစွာသော တောင် ကုန်း တောင်တန်း တို့ကို တွေ့ရှိရ၏ ယင်းတို့အနက် မှန်ပြတောင်နှင့် ငှက်မနားတောင်ခေါ် တောင်ထွတ်ကြီးနှစ်ခု မှာ အမြင့်ဆုံးဖြစ်၏
မြန်မာရာဇဝင် ကျမ်းများ၌ အစောဆုံးတွေ့ရှိရသော မှတ်တမ်းမှာ ဒုတိယပုဂံခေတ် သေလည်ကြောင်မင်း လက်ထက် (ခရစ်နှစ် ၃၄၄-၃၈၇)တွင် သေလည်ကြောင်မင်းသည် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် တကောင်းမှ ပုဂံသို့ မျောပါလာသည့် စကားပင်တုံးကြီးကို ဆယ်ယူကာ နတ်မောင်နှမ ရုပ်ထုလုပ် ကိုးကွယ်ခဲ့သည် ဟုဆို၏။ ထို့နောက် ပုပ္ပါးတောင်သို့ ပို့ဆောင်ကာ နတ်ကွန်းဆောက်လုပ် ပူဇော်ပသစေခဲ့သည်။

ထိုခေတ်အခါက ပုဂံမင်းတို့အနေဖြင့် မိဖုရား၊ သားတော်၊ သမီးတော်၊ မှူးမတ်အစုံ ခြံရံလျက် နှစ်စဉ် နတ်တော်လတိုင်း ပုပ္ပါးသို့ သွားရောက်ကာ နတ်ပွဲသဘင် ကျင်းပခဲ့ကြသည် ဟုဆို၏။ နတ်ပူဇော်ပသရာ၌ ယဇ် ပူဇော် ဓလေ့လည်း ရှိခဲ့ဟန်တူပါသည်။ ယင်းနတ် မောင်နှမတို့သည်ကား ပုပ္ပါး၏ အဦးဆုံးနတ်များဖြစ်ကြသော ပန်းပဲမောင်တင့်တယ် မောင်နှမနတ်များ ဖြစ်ကြသည်။ နတ်ရုပ်ထုများကို ရွှေဖြင့် ရေးနှိပ်ထားသည်ဟုလည်းဆို၏။

ပုပ္ပါးမောင်နှမ နတ်ရုပ်များ ပုပ္ပါးဒေသသို့ ရောက်ရှိလာချိန်မှ စ၍ မြန်မာတို့၏ နတ်ကိုးကွယ်မှု ဓလေ့ ကျယ်ပြန့်စွာ ဖြစ်ပေါ်လာခဲ့၏။ အုပ်ချုပ်သူ ဘုရင်မင်းမြတ် ကိုယ်တိုင် အသိအမှတ် ပြုထားသဖြင့် နိုင်ငံစောင့်နတ် ကိုးကွယ်သူ တစ်ဦးချင်းအတွက် အိမ်စောင့်နတ်လည်း ဖြစ်လာကြောင်း ယနေ့တိုင် မြန်မာနတ်လောကတွင် အရေးပါဆုံးသော နတ်တို့ဖြစ်လာကြောင်း သမိုင်းပညာရှင် တစ်ဦးကဆိုပါသည်။

 ပုပ္ပားတောင်သို့အသွားခရီးလမ်း


 ပုပ္ပါးတောင်ကလပ်











 
အံ့ဘွယ်(၉)ပါး
ပုပ္ပါးတောင်နှင့်ပတ်သက်လာလျှင် အံ့ဘွယ်(၉)ပါး ရှိကြောင်း အဆိုရှိကြသည်။
၁။ ပန်းပဲအလုပ်လုပ်၍ မထွန်းကားနိုင်ခြင်း
၂။ မြေအိုးမြေခွက်လုပ်၍ မကြီးပွားနိုင်ခြင်း
၃။ ဇာတ်ရုပ်သေးပွဲသဘင် တည်ထောင်၍ မထွန်းကားနိုင်ခြင်း
၎။ ဆေးဘက်စုံပေါများခြင်း
၅။ ပန်းမျိုးစုံပေါများခြင်း
၆။ နတ်မြင်းရှိခြင်း
၇။ စိမ့်စမ်းရေထွက် ပေါများခြင်း
၈။ နတ်ကျားရှိခြင်း
၉။ မြွေဆိုးမရှိခြင်း တို့ဖြစ်ကြလေသည်။

ပုပ္ပားတောင်ကအပြန်အဆင်းမှာ အိမ်ဦးသခင်ဆီက ဖုန်းလာတယ်  ရွှေဝင်းခြံကိုဝင်ခဲ့ပြီး ဓာတ်ပုံလေးဘာလေး ရိုက်ပါလားတဲ့ ဆရာတော်က ကျောက်ဆည်ဘက် ရောက်နေပေမယ့် ဆရာတော်ရဲ့ လက်ထောက်ဦးဇင်း ရှိတယ်ဆိုလို့ ဝင်ရောက်လေ့လာခဲ့ပါတယ်။


 ရွှေဝင်းခြံ








 ဆောက်လုပ်ဆဲ

ပုပ္ပားတောင်ကနေ ညနေ ၄နာရီခန့်မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။ မနက်၅နာရီခွဲကနေ စတင်လှုပ်ရှားမှုဟာ ညနေ၅နာရီ၃၀မှာ အဆုံးသတ် သွားပါတယ်။ အားလုံးလည်း ပင်ပန်းနေပြီး ညနေစာထမင်းကို အပြင်ထွက်မစားချင်တာကြောင့် ကုဋေကြွယ် စားရိပ်မွန်ကနေ ခေါက်ဆွဲကြော် ထမင်းကြော်တို့ ဝယ်ကာ ဟိုတယ်ကိုပြန်လာခဲ့ကြပါတယ်။ 

 ခေါက်ဆွဲကြော် ထမင်းကြော်ဝယ်တဲ့နေရာ
ဘလော့ဂ်စရေးကထဲက တိုက်ဆိုင်မှုလေးတွေရှိတိုင်းဘလော့ဂါတွေကို သတိရတယ် 
Black rose ကိုမြင်တော့ Black roze ပစ်ပစ်ကို သတိရသွားတယ်လေး)

(လျှပ်တစ်ပြက်မဟာပုဂံ-ရေနံ့သာဝင်းမောင်နှင့် အပူပိုင်းဒေသ၏အိုအေစစ် ပုပ္ပါး- တင်နိုင်တိုးမှ မှီငြမ်းခြင်းပါ)

လူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz