x

15.1.12

ကြည်နူးဝမ်းသာမှုများနဲ့အတူ ပစ်ပစ်ရဲ့တစ်နေ့တာတဂ်ပို့စ်


ပစ်ပစ်ရဲ့တစ်နေ့တာတဂ်ပို့စ်လေး

 Black Roze  အတွက် တီတင့်ရဲ့ Red Rose အမှတ်တရ

ပုဂံခရီးစဉ်ပို့စ်ကို တင်နေရင်း ကျမ ဘလော့တွေကို လည်ဖတ်တော့ ပစ်ပစ်ရဲ့ တဂ်ပို့စ်လေးကို တွေ့ခဲ့တယ်။ အဲဒီ တဂ်ပို့စ်လေးကိုတော့ ဒီကနေ့မှ ဖြေလိုက်ရတာကြောင့် နည်းနည်းနောက်ကျသွားတယ် ပစ်ပစ်ရေ။ ကျမ မနက်ဖက် ဆိုရင် ပုံမှန် ၅နာရီခွဲလောက် အိပ်ယာက ထလေ့ရှိတယ်။ မျက်လုံးနှစ်လုံး ပွင့်ပြီဆိုတာနဲ့ အရင်ဆုံး ‘ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဓမ္မံသရဏံ ဂစ္ဆာမိ သံဃာသရဏံ ဂစ္ဆာမိ’ သုံးကြိမ်ကို အနုလုံ ပတိလုံ (ရှေ့ပြန်နောက်ပြန်) ရွတ်ဆို သလို မျက်လုံးနှစ်လုံး ပိတ်ခါနီးမှာလည်း ရွတ်ဆိုလေ့ရှိပါတယ်။ အိပ်ယာကထ ကိုယ်လက်အင်္ဂါ သန့်စင်ပြီး ၈အိမ်ကျော်က ဒုတိယ ညီမလေးနဲ့ လမ်းလျှောက်ကြပါတယ်။ တစ်နာရီ ဝန်းကျင်လောက် လမ်းလျှောက် ကနေ ပြန်ရောက်ပြီဆိုရင် တစ်ကိုယ်လုံးအကြောတွေ လျော့စေဘို့ နာရီဝက်ခန့် လေ့ကျင့်ခန်း လုပ်ပြီး ချွေးတိတ်တဲ့ အထိစောင့်ရင်း အွန်လိုင်းခနတက်ဖြစ်တယ်။ မနက်စာကိုတော့ အများ အားဖြင့် ပေါင်မုန့် ကြက်ဥပြုတ်စားလေ့ရှိပြီး တစ်ခါ တရံတော့ အီကြာကွေး နံပြားပဲပြုတ် ပဲပလာတာတို့ စားဖြစ် ပါတယ်။ ဖဘ Aab ကတောင်းဆိုလာတဲ့ အချိန်မျိုး ဆိုရင်တော့ နို့မလိုင်နံပြားလိုမျိုး စားရကံ ကြုံပါတယ်း) မနက်စာ နေ့လည်စာနဲ့ ညစာအားလုံး အိမ်မှာပဲ စားသုံးတာကို ပိုနှစ်သက်ပါတယ်။ အပြင်စာက အများအားဖြင့် အဆီများတာရယ် အချိုမှုန့်သုံးတာရယ်ကို မနှစ်သက်တာကြောင့်ပါ။ လက်ရှိ အစားချင်ဆုံးဟင်း ရယ်လို့တော့ ထူးထူးထွေထွေ မရှိပါဘူး အကြောင်းကတော့ အာသီသရှိတဲ့ အစာတစ်ခုခု ပေါ်လာရင် တူမလေးက ချက်ပေးတတ်လို့ပါ။

ကော်ဖီကို အချိန်အခါမရွေး နေ့နေ့ ညည သောက်တတ်ပါတယ်။ ကောက်ဖီသောက်လို့ အိပ်လို့ မပျော်တာလည်း မရှိပါဘူး။ အိပ်ယာမဝင်ခင် ညကိုးနာရီထိုးရင် မိသားစုအားလုံး ဘုရားဝပ်ပြုပြီး ငါးပါးသီလ ခံယူပြီး ဘုရားရဲ့ ဂုဏ်တော်တွေကို ရွတ်ဖတ်ကြတယ်။ အရပ် ဆယ်မျက်နှာ မေတ္တာပို့တယ်။ ပြီးရင် ၃၁ဘုံမှာ ကျင်လည်ကြကုန်သူ များကို အမျှပေးဝေပါတယ်။ ဘုရားဝပ်ပြုပြီးရင်တော့ အွန်လိုင်းတက်ပြီး ပို့စ်တွေဖတ် ဒါမှမဟုတ် ပို့စ်တင်တဲ့ အလုပ်လုပ်ပြီး ၁၁နာရီ ဝန်းကျင်ဆိုရင် အိပ်တတ်ပါတယ်။ တစ်ခါတစ်လေတော့လည်း ပို့စ်တင်တာ မပြီးရင် ညဥ့်နက် သွားတတ်ပြန်တယ်။ အိပ်မပျော်တဲ့ ညရယ်လို့တော့ အရင်ထဲက မရှိခဲ့ဖူးပါဘူး။ တစ်ရေးနိုးခဲ့တဲ့ အခါမှာလည်း ပြန်အိပ်တာနဲ့ အိပ်ပျော်သွားတာချည်းပါ။ စိတ်ဓာတ်ကျတဲ့အခါ စိတ်အားငယ်တဲ့ အခါမျိုးဆိုရင် ညီအစ်မတွေနဲ့ ဆက်သွယ်ပြီး အချိန်ဖြုန်းပစ်တတ်သလို တစ်ယောက်ထဲ ရှိသွားတဲ့အချိန်မှာ တရားထိုင်တာ များပါတယ်။ အပြင်သွားတဲ့အခါ မဖြစ်မနေ ယူရတာကတော့ ဖုန်းနဲ့ နေကာမျက်မှန် စာကြည့် မျက်မှန်နဲ့ သောက်ရေ တစ်ပုလင်းပါ။ မိသားစုထဲမှာ ထူးခြားပြီး ချစ်ရမဲ့သူမရှိပါဘူး အားလုံးအပေါ် တစ်ယောက် တစ်မျိုး အနေအထားတစ်မျိုးစီ အပေါ်မူတည်ပြီး ချစ်ပါတယ်။ အမျိုးတွေများလွန်းတဲ့ အသိုင်းအဝိုင်းမှာ ကျမမွေးဖွားခဲ့လို့ ထင်ပါရဲ့ သူငယ်ချင်းတွေထဲမှာလည်း အခင်ရဆုံး သူငယ်ချင်းတွေက အများကြီးဆိုတော့ ရေးရင် ဒီစာရွက်နဲ့ လောက်မယ် မထင်ဘူးး) ဒီကနေ့အထိတော့ သူစိမ်းတွေအထဲမှာ အယုံကြည်ရဆုံးလူ ရယ်လို့ မတွေးမိခဲ့သေးပါဘူး။ ပြောရင်ယုံမလား ပစ်ပစ်ရေ တီတင့်ရဲ့ လက်ထဲမှာရှိတဲ့ ပစ္စည်းတွေထဲမှာ အနှစ်သက်ဆုံး ပစ္စည်းရယ်လို့ မရှိသလို လက်ဆောင်ရထားတဲ့ ပစ္စည်းတွေထဲမှာလည်း အကြိုက်ဆုံးပစ္စည်းရယ်လို့ သတ်သတ်မှတ်မှတ် မရှိပြန်ဘူးလေ။ ကိုယ်နဲ့ ပတ်သက်ဖူးတဲ့ သူတွေထဲမှာတော့ နားလည် ခွင့်လွှတ်ပေးနိုင်ဆုံး သူက တီတင့်ရဲ့ ကျေးဇူးရှင် အိမ်ဦးသခင်ပဲပေါ့နော်။ လောလောဆယ် အဖြစ်ချင်ဆုံးဆန္ဒတစ်ခုက မိသားစုအားလုံး ပါဝင်တဲ့ ဗုဒ္ဓဂါယာဘုရားဖူး နောက်တစ်ကြိမ် ထပ်သွားချင်တဲ့ ဆန္ဒပါ။ ကဲ… ပစ်ပစ်ရဲ့တစ်နေ့တာ တဂ်ပို့စ်လေးက အလုပ်လုပ်နေကြတဲ့ သူတွေကို အဓိက ရည်ရွယ်ထားတာမို့ မလိုအပ်တာလေးတွေ ချန်လှပ်ပြီး အဆင်ပြေသလို တီတင့် ဖြေခဲ့တာကို ပစ်ပစ်ကျေနပ်မယ်လို့ ထင်ပါတယ်။

ကြည်နူးဝမ်းသာမှုများနဲ့အတူ

ပုဂံဘက်ခရီးထွက်ခဲ့ပြီး ရန်ကုန်ပြန်ရောက်တဲ့အချိန်ကစလို့ အလုပ်ကြွေးတွေဆပ်လို့မကုန် ရာသီဥတုကလည်း ပူလိုက်တာမှ ချွေးဒီးဒီးကျနေတဲ့ကြားက ပြေးရလွှားရနဲ့။ ဒီကြားထဲ အချိန်ပိုလေး ရတာနဲ့အွန်လိုင်းတက် ပုဂံခရီးစဉ် ပို့စ်တွေ တင်ခဲ့ပြန်တယ်။ ညပိုင်းဆိုရင် ကွန်နက်ရှင်က ကောင်းလေတော့ တတ်နိုင်သမျှ ဓာတ်ပုံတွေကို ညဖက်မှာ ရအောင်တင်တယ်။ အိပ်ရေးလည်းပျက်ပါ့။ အိပ်ချိန်ကို ကြည့်လိုက်တော့ မနက်၃နာရီ ထိုးနေပြီ မဖြစ်ချေဘူးဆိုပြီး ဇွတ်အိပ်ခဲ့ပေမယ့် မနက် ၆နာရီခွဲလောက်ကျပြန်တော့ ညကတင်ထားတဲ့ ပို့စ် အခုထိ အဆုံးမသတ်ရသေးပါလား ဆိုတဲ့ စိတ်နဲ့ ပြန်ထပြီး မြို့ထဲမထွက်ခင် ရသလောက် တင်ပြန်တယ်။ ဘလော့ဂါဖြစ်မှ အဲဒီလိုဇွဲက အရင်ထက်ကို ပိုကောင်းနေတား) အိပ်ရေးပျက်တဲ့ညက များလာတော့ လူငယ်တွေလို မခံနိုင်ဘူးလေ။ လူတိုင်းရဲ့ ရင်အဝှမ်းမှာ ပီတိတွေ လွှမ်းစေခဲ့တဲ့ ၁၃ရက်နေ့မှာ သတင်းတွေ ဗီဒီယိုဖိုင်တွေကို မနားတမ်း ဆက်တိုက် ဆိုသလို ကွန်နက်ရှင် မကောင်းတဲ့ကြားက မရမက ဖတ်ခဲ့ ကြည့်ခဲ့တယ် တင်လက်စ ပုဂံခရီးစဉ်-၂ ကိုလည်း အဆုံးသတ်နေတယ်။ အကြောင်းက ကျမလည်း ‘ဝမ်းသာကြည်နူးမှုများနှင့်အတူ’ ပို့စ်လေးကို တင်ချင်ခဲ့လို့လေ။ ထမင်းစားဘို့တောင် တူမလေးခေါ်မှ သတိရတဲ့အဖြစ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက အပင်ပန်းခံထားတာတွေနဲ့ ပေါင်းလိုက်တော့ ၁၃ရက်နေ့ ည၇နာရီထိုးတော့ မခံနိုင်တော့ဘူး။ တစ်ကိုယ်လုံး ချမ်းတုန်လာတာကအစပြုပြီး အဖျားဝင်လာပါလေရော။ ကျမတီတင့် ပစ်လဲခဲ့ပြီပေါ့။ ဆရာဝန် ညီမလေးဝမ်းကွဲက တစ်လမ်းထဲမှာဆိုတော့ တူမလေးက ဖုန်းဆက် အခြေအနေကို ပြောပြခဲ့တယ် ညီမဝမ်းကွဲ ရောက်လာတော့ ဆေးကုခံခဲ့ရတယ်။ စိတ်ထဲမှာ သိတ်မကျေနပ်ချင်ဘူး အခုလို လူထုတစ်ရပ်လုံး ပျော်ရွှင်ကြည်နူးပြီး ပီတိတွေ လွှမ်းနေတဲ့အချိန်မှာ ပို့စ်လေးတစ်ပုဒ်တော့ ကျမလည်း တင်ချင်ခဲ့တယ်လေ။

ဒီတော့ ၁၄ရက်နေ့ နေ့လည်မှာ နည်းနည်း သက်သာလာတာနဲ့ အွန်လိုင်းကို အပြေးအလွှား တက်ခဲ့ပြန်တယ်။ ရည်ရွယ်ချက်က ရည်မှန်းထားတဲ့ ပို့စ်လေးကို တင်ချင်လို့ပါ။ ဖြစ်ချင်တော့ ခေါင်းကရည်ဝေနေသလို မျက်စိအမြင် အာရုံကလည်း ပုံမှန်ထက် မှုန်ဝါးနေပြန်တယ်။ အဒေါ်တွေနဲ့ ညီမကတော့ နားဘို့ပြောပေမဲ့ နားမထောင်ခဲ့ဘူး။ ဆန်ပြုတ်နဲ့ နှစ်ပါးသွားချိန်မှာ မိုးငွေ့က တီတင့်အတွက် ဆိုပြီး ဖဘမှာ ဆန်ပြုတ်ပို့ပေးသလို အဖြူရောင်နတ်သမီး ကလည်း သူစားမဲ့ မြူစွမ်ပြုတ်လေးကို စေတနာသဒ္ဓါ ထက်သန်စွာနဲ့ ဖဘမှာ တစ်ဝက် ခွဲကျွေးပြန်တယ်။ နေကောင်းအောင် ဂရုစိုက်ဘို့ သတိလာပေးတဲ့ ဖဘ မိတ်ဆွေတွေက အစပြုလို့ အရမ်းချစ်ဘို့ကောင်းတဲ့ ဘလော့ဂါ ရောင်းရင်း တို့ကို ကျေးဇူးတင်မိတာ အမှန်ပါ။ မကြာပါဘူး တစ်နာရီလောက်အကြာမှာ တစ်ကိုယ်လုံး ချမ်းတုန်လာပြီး ဒုတိယ အကြိမ် အိပ်ယာထက် ပစ်လဲပြန်တော့တယ်။ ဒီတချီတော့ ဆွေမျိုးတွေရဲ့ ဂရုဏာဒေါသောနဲ့ ဝိုင်းပြောတာ ခံရပြီပေါ့။ အားလုံးက စေတနာနဲ့ပြောတာမို့ ညိမ်ခံနေရုံအပြင် အခြားမရှိ။ ကိုယ်ကလည်း မှားခဲ့တာကိုး။ တစ်ဖြည်းဖြည်း နေရထိုင်ရတာ ပိုဆိုးလာတယ် ခြေဖျား လက်ဖျားတွေက အေးစက်နေပြီး ကိုယ်အပူချိန်က တစ်ဖြည်းဖြည်း မြင့်လာတယ်။ ဒရစ်ချိတ်ဘို့ ညီမဝမ်းကွဲက အကြံပေးတယ်။ လိုအပ်တဲ့ဆေးတွေကို ဦးလေးက ချက်ခြင်း ဆိုသလို ထွက်ဝယ်ပေးပါတယ်။ ၈အိမ်ကျော်က ညီမလေးလည်း ရောက်လာတယ်။ အိမ်က တူမလေးတွေ အပါအဝင် အိမ်မှာ လူစုံတက်စုံ တစ်ရုန်းရုန်းနဲ့။ ခေါင်းကလုံးဝမထောင်နိုင်သလို တစ်ကိုယ်လုံး အရိုက်ခံ ထားရသလို နာနေတယ်။ ဦးလေးက ဆေးတွေနဲ့အတူ ကြေးအိုးပါ ဝယ်လာပေးတယ်။ အစာကို အရင်စားပြီးမှ ဆေးသွင်းလို့ ရမယ် ပြောလို့ ကြေးအိုးကို မစားချင်ပေမယ့် ကြိုးစား စားတော့ ၅လုပ်ပဲ ဝင်ခဲ့တယ်။ ကျမက ဒရစ် မချိတ်ချင်တဲ့ အတွက်ကြောင့် ဆေးပဲထိုးပေးဘို့ ညီမလေးကို အကွန့်တက်ခဲ့တဲ့ အတွက် ညီမလေးကလည်း ကျမရဲ့ ဆန္ဒအတိုင်း ဆေးထိုးပေးခဲ့ပြီ ည၈နာရီမှာ အိပ်ယာဝင်ခဲ့တယ်။ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး မနက် ၆နာရီ အိပ်ယာက နိုးလာတော့ စိတ်တွေပေါ့ပါး လန်းဆန်းနေတာကို ခံစားရသလို ရာသီဥတုကလည်း ဒီကနေ့ မနက် အခုမှ ဆောင်းဝင်လာသလို အတော်လေး အေးနေတယ်။ ခေါင်းကလည်း ကြည်လင်နေတာကြောင့် အားရှိအောင် အရင်ဆုံး Breakfast စား။ အပေါ်ထပ် တက်လာပြီး ဘုရားရှစ်ခိုးပါတယ်။ ပြီးတာနဲကျမ ရေးချင်ခဲ့တဲ့ ဒီပို့စ်လေးကို ရေးဖြစ် ပါတော့တယ်။ ဒီကနေ့တော့ အခန်းအောင်းမယ်။ ဆက်သွယ်လာတဲ့ ဖုန်းလေးတွေ လက်ခံရင်း အွန်လိုင်းတက်ပြီး ပို့စ်တင်တဲ့အလုပ်ကို လုပ်ဖြစ်အောင် လုပ်လိုက်တယ်း)

ကျမ ဘလော့ဂါ လုပ်ခဲ့တဲ့အချိန်ကစလို့ အမှောင်ထဲမှာ စမ်းတစ်ဝါးဝါး လျှောက်လှမ်း နေရာကနေ အရာရာကို ထင်ထင်ရှားရှားမြင်နိုင်တဲ့ အလင်းရောင် လောကကို ရောက်ခဲ့သလိုပါပဲ။ ဖဘကိုလည်း အရင်က တစ်ခါတစ်ရံမှာ သုံးခဲ့ပေမယ့် အခုတော့ နေ့စဉ် ပြောင်းလဲမှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ဘို့ စိတ် ကြည်နူးမှုလေးတွေကို ခံစားနိုင်ဘို့ ဖဘကို တစ်နေ့တစ်ခေါက်တော့ အနည်းဆုံး ဝင်ရောက်ဖြစ်သလို ဘလော့တွေကိုလည်း ရွာရိုး ကိုးပေါက် လည်သလို အချိန်ရရင်ရသလို လည်ပတ်နေမိတော့တယ်။ ကျမလည်း အများသူငှာတို့လို ၁၃ရက် ဇန္နဝါရီ ၂၀၁၂ ရက်နေ့လိုမျိုး ပျော်ရွှင်ဖွယ်ရာ အချိန်လေးတွေမှာ စိတ်အားထက်သန် တက်ကြွနေမိ သလို၊ မြစ်ဆုံ စီမံကိန်းလိုမျိုး ဆုံးဖြတ်ချက် တစ်ခုခုကို မချမှတ်ခင်မှာ အားလုံးနဲ့အတူ စိုးရိမ်စိတ်လေးတွေ ရင်မှာကိုယ်စီ ပိုက်ပြီး မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်စား နေခဲ့ဘူးပါတယ်။ အလှူအတန်းများနဲ့ ပတ်သက်လာပြန်တော့လည်း တုန့်နှေးစောင့်ဆိုင်းခြင်း မရှိ ရက်ရက်ရောရော လှူကြတန်းကြနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဒီမနက်ပဲ တဂျီးမင်းဘလော့မှာ စက်ဆန်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး လှူဒါန်းမှုအစုစုတို့အတွက် သာဓုသုံးကြိမ်ခေါ်ဆိုခွင့် ရခဲ့ပါတယ်။ အထူးသဖြင့် ကျမချစ်ခင်ရတဲ့ ဘလော့ဂါ မောင်နှမများရဲ့ ရင်းနှီးပွင့်လင်းမှုဟာ ကျမရဲ့ဘလော့ဂါ သက်တမ်းကို ရှည်စေခြင်းအပြင် အခုလို ကြုံရဆုံရ ဘုံဘဝလေးမှာ ပျော်ရွှင် ကြည်နူးမှုများနဲ့အတူ သားဇော် ကိုဇော် ပြောတဲ့ စကားကို ကော်ပီလုပ်ရရင်တော့ ‘ဝမ်းလည်း လွှတ်သာတယ်’ ပေါ့နော်း)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ ပြည့်ဝကြပါစေ။

မကြာမီ ပုဂံခရီးစဉ်-၃(နိဂုံး) ကိုဆက်တင်ပေးပါ့မယ်လို့-

မေတ္တာဖြင့်

အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz