x

19.1.12

ဟင်းသီးဟင်းရွက်စုံ ငါးရံ့ခေါင်းဟင်းချို


ကျမတစ်လောက နေမကောင်းဖြစ်တဲ့အချိန်မှာ အမျိုးမျိုးဂရုတစ်စိုက် အားပေးခဲ့ကြတဲ့ ဆွေမျိုးများ သူငယ်ချင်းများ စာဖတ်သူများနဲ့ ဘလော့ဂါမောင်နှမများကို ကျေးဇူးအများကြီး တင်ခဲ့သလို ပို့စ်ပြန်တင်ရင် တစ်ခုခုတော့ လုပ်ကျွေးမယ်ဆိုတဲ့ အတွေးမျိုးစဉ်းစားခဲ့တယ်။ နေပြန်ကောင်းစမှာ လည်း ‘အသက်ဥာဏ်စောင့် ဥစ္စာကံစောင့်’ ဆိုသလို ကိုယ့်ရဲ့အသက်အရွယ်ကို သတိထားပြီး စိတ်ရောကိုယ်ပါ ဘလော့ထဲမှာ အချိန်မပေးဖြစ်ခဲ့ပဲ တစ်နေ့ တစ်နေ့ကို အချိန်လစ်မစ်ထားပြီး ကွန်ပျူတာကို သုံးခဲ့တာကြောင့် ဒီကနေ့မှသာ ဟင်းသီးရွက်စုံ ငါးရံ့ခေါင်း ဟင်းချိုလေးနဲ့ ဒီပို့စ်ကို တင်ဖြစ်ခဲ့ပါတယ်။ လွယ်လွယ်ကူကူနဲ့ အရသာရှိရှိလေးမို့ စာဖတ်သူများ အားလုံးလည်း အချိန်ရရင် စမ်းသပ်ချက်စား ကြည့်ပေါ့နော်။

ပါဝင်တဲ့အမယ်များကတော့-

ငါးရံ့ခေါင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငံပြာရည်၊ ဆား၊ ငရုပ်မှုန့်၊ အရသာမှုန့်၊ ဆနွင်းမှုန့်၊ အာလူး၊ ခရမ်းသီး၊ ဗူးသီး၊ မုန်လာဥဖြူ၊ မျှစ်ချဉ်၊ ငုံးဥ၊ ရုံးပဒေသီး၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်းတောင့်၊ နံနံပင်၊ မဆလာ၊ ကရဝေး၊ နာနတ်ပွင့် (အိမ်မှာရှိတာလေးလောက်သာ ထည့်ဖြစ်ပါတယ်း)

အဆင်ပြေမဲ့ ဒန်အိုးတစ်လုံးမှာ ဆီချက်သတ်ပြိး ၄င်းအိုးထဲကို ဆား၊ ငရုပ်မှုန့်၊ အရသာမှုန့်၊ ဆနွင်းမှုန့်တို့ နယ်ထားတဲ့ ငါးရံ့ခေါင်းနဲ့ ငါးရံ့တုံးများကိုထည့်ပြီး အနည်းငယ်မွှေပါ။ ပြီးလျှင် နူးရန်ခက်တဲ့ အာလူးနဲ့ ဗူးသီးကို အရင်ထည့်ကာ လှော်ထားတဲ့ မွှေးအကြိုင်များနဲ့ မဆလာကို ထည့်မွှေပြီး ဆူပွက်ထားသော ရေနွေးကို လိုအပ်သလောက်ထည့်ကာ အပွက်စောင့်ပါ။ ပွက်တာနဲ့ကျန် နံနံပင်နဲ့ ရုံးပဒေသီးတို့ကို ချန်ပြီး ကျန်ဟင်းသီး ဟင်းရွက်များကို အရင်ထည့်ပါ။ နောက်ဆုံးမှ ရုံးပဒေသီးကို ထည့်ပွက်စေပြီး နံနံပင်ကို အပေါ်မှ အုပ်ပါတယ်။ အနံ့မွှေးကြိုင်ပြီး အရသာရှိတဲ့ ငါးရံ့ခေါင်း ဟင်းချို တစ်ခွက်ကိုရပါပြီ။ အမှန်တကယ် စားသုံးနိုင်ဘို့အတွက် ကျမ ဒန်အိုးကြီးကြီးနဲ့ ချက်ထားတယ်နော်။ (ချက်ပြီးပြီးချင်းပဲ 'ဖဘအေအေဘီ'မှာ ဧည့်ခံခဲ့ပါတယ်း)

ပါဝင်တဲ့အမယ်များ

ငါးရံ့ခေါင်းကနည်းနေလို့ငါးရံ့အသားပါထည့်ချက်ဘို့စီစဉ်




ငါးရံ့ခေါင်းဟင်းချိုမှာအဓိကကျတဲ့ဟင်းချက်မှုန့်

အမွှေးအကြိုင်ရှိတာလေးထည့်


ငါးရံ့ခေါင်းဟင်းချိုအနံ့မွှေးစေတဲ့ဟင်းချက်မှုန့်

အာလူး ဗူးသီးအရင်ထည့် မွှေပြီးရေပူထည့်

ကျန်ဟင်းသီးဟင်းရွက်များထည့်


ရုံးပဒေသီးနောက်ဆုံးထည့်

နံနံပင်အုပ်

ငါးရံ့ခေါင်းဟင်းချိုးကျက်ပါပြီ

ဆွမ်းတော်အတွက်အရင်ဦးချ

သုံးဆောင်ဘို့အဆင်သင့် ငါးရံ့ခေါင်းဟင်းချို

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်

အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz