x

23.1.12

လက်ကျန်ဘဝရဲ့ အမှတ်တရခရီးများ-၃


၅-၁-၂၀၁၂ (ကြာသာပတေးနေ့)မှာ ကျမတို့အဖွဲ့ မကြာသေးမီအချိန်က တည်ဆောက်ပြီးစီး ဖွင့်လှစ်ခဲ့တဲ့ ဧရာဝတီ တံတား(ပခုက္ကူ) ကိုကူးပြီး ပခုက္ကူဘက်မှာရှိတဲ့ ဘုရားများကို သွားရောက်ဖူးကြဘို့ အတွက် သဘောတူခဲ့ကြပါ တယ်။ အိမ်ဦးသခင်ရဲ့ သူငယ်ချင်းတို့ စုံတွဲက လိုက်ပို့ပေးမှာဖြစ်တဲ့အတွက် ကျမတို့အဖွဲ့ ကားနှစ်စီးနဲ့ လူခွဲပြီး ဘုရားဖူးထွက်ဘို့ အချိန်မနက်၇နာရီခွဲကို သတ်မှတ်ခဲ့ကြပါတယ်။ မနက် ၇နာရီမှာ Breakfast စားပြီး ၇နာရီမှာ သွားဘို့အသင့် စောင့်နေစဉ်မှာ ဟိုတယ်နဲ့ မျက်နှာချင်းဆိုင်ကနေ လူစီးဗူဗောင်းကြီးတွေ တစ်လုံးပြီးတစ်လုံး တက်လာတာကိုတွေ့ရပါတယ်။ တိတိကျကျတော့ မမေးမိပေမယ့် ကြားရတာတော့ တစ်ခါငှားရင် ဒေါ်လာ၂၀၀ ဆိုလားပဲ။ ကျမလည်း ပို့စ်ထဲထည့်ရေးဘို့ အကွက်ပဲဆိုပြီး ၄-၅ နေရာကနေတက်လာတဲ့ ဗူဗောင်းတွေကို ဓာတ်ပုံ ရိုက်ခဲ့တယ်။




တစ်ဖက်မှာဓာတ်ပုံရိုက်တုန်း နောက်တစ်နေရာကနေ ထွက်ပေါ်လား)





ရသလောက်တော့အမှီလိုက်ရိုက်


ပုဂံကနေ ပခုက္ကူကိုသွားဘို့အတွက် ညောင်ဦးမြို့ကိုဖြတ်ရတာမို့ ခရီးစဉ်တစ်လျှောက်လုံး အမှတ်တရအဖြစ် ဓာတ်ပုံတွေ ဆက်တိုက် ဆိုသလိုရိုက်ဖြစ်ခဲ့ပါတယ်။ ပုဂံမြို့ရဲ့ ကားလမ်းမကြီးပေါ်ကနေ ဘယ်နေရာကို လှမ်းရိုက်ရိုက် စေတီဘုရားပုထိုးတွေနဲ့ လွတ်တယ်ဆိုတာ အင်မတန်ရှားပါတယ်။ ငယ်စဉ်က သင်ကြားနာယူခဲ့ရတဲ့ ‘လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း’ ဆိုတာကို စိတ်ထဲမှာ သတိပြန်ရစေခဲ့တယ်။ ထနောင်းပင် ဆူးပင်တွေကို မြင်ရတာလည်း အညာမြေရဲ့ သင်္ကေတလေးတွေကို ဖော်ပြနေသလို ခံစားမိပါတယ်။


ရှုခင်းတွေကိုဘယ်အချိန်ကြည့်ကြည့် စေတီပုထိုးများမြင်ရ








ပခုက္ကူသို့ထွက်ခွာ



ညောင်ဦးမြို့ကိုဖြတ်






အညာဒေသရဲ့အငွေ့အသက်များ




နံနက်စောစောမြင်ကွင်း ဝိုးတိုးဝါးတား






ဧရာဝတီတံတား (ပခုက္ကူ)

အဲဒီ တံတားဟာ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နဲ့ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ခြမ်းမှာ ရှိတဲ့ မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူမြို့တို့ကို ဆက်စပ် တည်ဆောက် ထားပြီး ကားရော ရထားပါ သွားနိုင်တဲ့ မြန်မာပြည်မှာ အရှည်ဆုံး၊ အကြီးဆုံး တံတားကြီး ဖြစ်တယ် လို့ သိရပါတယ်။ ကားလမ်းတံတားမှာ (၂ဒသမ ၅၆မိုင်) ရှည်ပြီး ရထားလမ်းတံတားမှာ(၃ဒသမ ၉၀မိုင်) ရှည်ပါတယ်။ တံတားကြီးပေါ်တွင် အကျယ် ၂၈ပေရှိ နှစ်လမ်းသွားကားလမ်း၊ အကျယ် ၁၄ပေရှိ ရထားလမ်းနှင့် တစ်ဖက်လျှင် ၃ပေ ၃လက်မ အကျယ် စုစုပေါင်း ၆ပေ ၆လက်မရှိ လူသွားလမ်းများ ပါရှိပါတယ်။ ဧရာဝတီတံတား (ပခုက္ကူ)ဟာ ပခုက္ကူခရိုင် အပါအဝင် ဧရာဝတီမြစ် အနောက်ဘက်ခြမ်း ဒေသများရဲ့ ဖွံဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်ရုံ သာမကပဲ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံကို ဆက်စပ်ပေးမည့် အဝေးပြေး လမ်းမကြီးပေါ်မှာ တည်ရှိပြီး အဆိုပါ လမ်းမကြီးအတွက် အဓိက တံတားကြီး အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။














မြကန်သာ



ပခုက္ကူသို့အဝင်







မိတ်ဆွေအိမ်ခနဝင် ဒီလောက်ကြီးမားတဲ့အိမ် သန့်ရှင်းရေးလုပ်ရ လွယ်မယ်မထင်း)


ခရီးဆက်


ကျိုးခဲ့သောတံတား


ပြန်လည်မွမ်းမံပြင်ဆင်




နေခြည်ဖြာနေတဲ့ပုံလေးလှလို့တင်ပေးလိုက်တား)




ရွှေမုဌောဘုရားကြီး (ရွှေမုဌောဘုရားသမိုင်းလင်္ကာ)

စကြာလှေရှင်၊ ဖောင်ထက်တွင်၌၊ ပဉ္ဇင်းသံဝါ၊ တူရိယာမှုတ်၊ သောသောအုတ်မျှ၊ ပိုက်ထုတ်ဖြည့်တင်း၊ ပူဇော်ခြင်းကြောင့်၊ နေမင်းလပြည့်၊ မကြည်ညိုပေါင်၊ မိုးထိအောင်လျှင်၊ အရောင်ခြောက်သွယ်၊ ဘဝဂ် ကယ်၍၊ မြေဝယ်ဖျန့်ချိ၊ စိုက်ထူဘိသို့၊ မုနိရွှေစင်၊ သီဟိုဠ်ရှင်မှ၊ အမြင်မူးမူး၊ ကွန့်မြူးလျှံထိန်၊ တောက်လောင်ရှိန်လျှင်၊ ဣန္ဒဒေဝါ၊ နတ်တကာတို့၊ ရွှေကြာလက်စုံ၊ ဦးထက်ပုံသည်၊ အာရုံချည်းချည်း၊ ငှက်မည်းငှက်ဖြူ၊ အသံအူ၍၊ ရှင်ဖြူရှင်လှ၊ နောင်တော်မှလျှင်၊ သီဟဠမှန်၊ သရက္ခန်တို့၊ ခြောက်တန်ရောင်ဝါ ဖြိုးဖြိုးတည်း။
ကျွန်းလုံးမီးလျှံ၊ မနှိုင်းစံသား၊ ပဒိသမ္ပတိ၊ ဘူမိပါလ၊ နရပတိ၊ မည်ရှိစည်သူ၊ တည်တော်မူသား၊ ကိုးဆူမုဌော၊ ခြောက်ရောင်ပြောသည်၊ အံ့မောဖွယ်လိ၊ တွက်ရေညှိသော်၊ ၁-မုနိ “အောင်သာ”၊ ၂-“တပြတ်သာ”နှင့် ကိုးဖြာဂုဏ်စု၊ ၃- “မြေခရု”တည့်၊ အောင်ဆုယူညွှန်း၊ ၄-“ယမုန်ကျွန်း”ဟု ထွန်းသည့်ရောင်ရှင်၊ ၅-“မင်းတလင်” သည်၊ ကုန်းခင်ပိုက်ထုပ်၊ ၆-“ရွှေညောင်အုပ်” လည်း သရုပ်ခေါ်ရိုး၊ ၇-“တမူဆိုး” နှင့်ဓာတ်မျိုးဖြန့်သိုင်း၊ ၈-“မြစ်မ-ကိုင်း”လျှင် ပရိုင်းရံသ၊ ၉-“တစ်ပေါက်ဝ”ဟု၊ ထိုမျှအပြား၊ စေတီများကို၊ ထား၍စိုက်ထူ၊ မြေငူခြိမ့်မွမ်း၊ နိဗ္ဗာန်လမ်းဟု၊ ဘုန်းစွမ်းပကား၊ ပြသောလားတည့်၊ သိကြားခတ်နှိပ်၊ မင်းတံဆိပ်နှင့်၊ ကျွန်းရိပ်ဇမ္ဗူ၊ စိုးတော်မူသည်။ စည်သူအလောင်း ပြည့်ရှင်တည်း။
ဤသို့လျှင် မရေမတွက်နိုင်ရာသော တန်ခိုးပြာဋိဟာကို ပြတော်မူသော မြတ်စွာဘုရားသခင် ရုပ်တုရှင်တို့အား မရေမတွက်နိုင်ရာသော ပူဇော်ဘွယ်တို့ဖြင့် ကြီးကျယ်စွာပူဇော်ပြီးမှ လှေယာဉ်စကြာရှင် ဖြစ်တော်မူသော မင်းတရားဘုရားသည် မြန်မာနိုင်ငံပုဂံပြည်သို့ ပြန်ကြွတော်မူခဲ့လေသည်။

ရွှေမုဌော ဘုရားကြီးကို ပထမဆုံး သွားရောက်ဖူးစဉ်မှာ ရာဇဝင်နဲ့ ပတ်သက်ပြီး လေ့လာခွင့် မရခဲ့တဲ့အတွက် ဘုရား ပုံတွေနဲ့ အတူ ပတ်ဝန်းကျင် ရှုခင်းလေးတွေ ကြည့်ရင်းကျေနပ်ပါလို့ မေတ္တာရပ်ခံပါရစေ။ သူငယ်ချင်းတို့ စုံတွဲက ရွှေမုဌော ဘုရားကြီးမှာ နာမည်ကြီးတဲ့ အသုပ်သုံးမျိုးကို မှာကျွေးခဲ့တယ်။ ကြောင်လျှာပွင့်သုပ်၊ သမုန်းပွင့် သုပ်နဲ့ ကျောက်ပွင့်သုပ်တို့ ဖြစ်ပြီး ကြောင်ရှာပွင့်သုပ်ဟာ နားလေးသူတွေကို ဆေးအဖြစ် အသုံးပြုတယ် လို့ သိရပါတယ်။ သမုန်းပွင့် ကျပြန်တော့လည်း သမားမုန်းပွင့် လို့တောင် ခေါ်ရလောက်အောင် ဆေးဘက် ဝင်တယ်လို့ သိရပါတယ်။ အသုပ်တွေကလည်း စားလို့ကောင်းတာကြောင့် ဇွန်းမှာလက်မလည် ဖြစ်နေခဲ့ရတယ်း)
















ဒီလိုရှုခင်းလေးတွေကို သိတ်သဘောကျတယ်



ကြောင်လျှာပွင့်သုပ်


သမုန်းပွင့်သုပ် (သမားမုန်းပွင့်လို့တင်စားခေါ်)


ကျောက်ပွင့်သုပ်




ဘုရားရဲ့ပတ်ဝန်းကျင်မှရှုခင်းများ




သစ်ခြောက်ပင်တောင်လှနေသလိုပဲ


တူမတော်ဓာတ်ပုံရိုက်နေလို့ စိတ်ရှည်စွာနဲ့စောင့်နေတဲ့ အဒေါ်တို့း)

ပခုက္ကူဈေး

ရွှေမုဌောဘုရားကြီးကနေ ရွှေကူမြတ်စွာဘုရားဖူး အသွားမှာ ပခုက္ကူဈေးထဲကို ဝင်မွှေဖြစ်ပါသေးတယ်။ တစ်ခေါက် တစ်ခါမှ မရောက်ဖူးတာကြောင့်လည်း အခွင့်အရေးရတုန်းလေ သိချင်တာတွေ စပ်စုခဲ့ခြင်းပါ။








စည်စည်ကားကား ပခုက္ကူဈေး


ကြက်ဥဆိုရင်ဘယ်နားတွေ့တွေ့ဝယ်ချင်


လဖက်အကြော်များ


အခြောက်အခြမ်းများတောင်လိုပုံ


လိမ္မော်သီး ပန်းသီးများ အလျှံပယ်


ခေါပုပ်တော့ ကြိုက်မှကြိုက်


ရွှေကူမြတ်စွာဘုရားကြီး

ရွှေကူမြတ်စွာဘုရားနဲ့ပတ်သက်ပြီး စိတ်ဝင်စရာကောင်းတဲ့ သမိုင်းရာဇဝင်ကို သိခွင့်ရခဲ့တာကြောင့် လိုရင်းနဲ့တိုတိုပဲ စာဖတ်သူတို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ရွှေကူဘုရား မူလဒါယကာမှာ အလောင်းစည်သူ မင်းကြီးဖြစ်ပါတယ်။ သက္ကရာဇ် ၄၈၆-ခုနှစ် ပတ်ဝန်းကျင် တော်သလင်း သီတင်းကျွတ်လ လောက်တွင် မိဖုရားကြီးလေးယောက် ကိုယ်လုပ်တော် မောင်းမပေါင်း တစ်ထောင့်နှစ်ရာကျော် တို့အပြင် မင်းညီမင်းသား မင်းဆွေ မင်းမျိုး မှူးကြီးမတ်ရာ သေနာပတိများစွာတို့ ခြံရံလျက် ဖောင်စကြာဖြင့် ကျုံးသုံးတန်ရံ အရိမဒ္ဒနံမြို့ ပေါက္ကံမှ ထွက်တော်မူ၍ ဧရာဝတီဖြစ်ရိုး ဝဲ ယာမြို့များကို ကြည်ရှုစစ်ဆေး စုံစမ်းတော် မူခဲ့လေ သည်။ ဖောင်တော်ကြီးပေါ် စားစရာ သောက်စရာမှစ၍ အပြည့်အစုံ ပါရှိလေသည်။ ဇမ္ဗုသပြေပင်ရင်း၌ ဝိသကြုံနတ် ပေးဆက် အပ်နှင်းလိုက်သည့် ဆိုင်းဝိုင်း တူရိယာမျိုးစုံတို့လည်း ဖောင်ပေါ်တွင် ပါရှိရာ တူရိယာ သမားတို့ တီးမှုတ် ဖျော်ဖြေကြကုန်၏။ ကချေသည်တို့လည်း သတ်မှတ်ထားသည့်အချိန်တိုင်းတွင် ကပြ သီဆို ဖျော်ဖြေကြ ကုန်၏။ ဖောင်တော်ပေါ်တွင် တိုင်းရေးပြည်ရွာ ကိစ္စများကိုလည်း မှူးကြီးမတ်ရာ သေနာပတိ တို့နှင့် တိုင်ပင်၍ စီရင်တော်မူသည်။

ယင်းသို့ ဆန်လာခဲ့ရာ ပေါက်အင်းဒေသ ပခုက္ကူမြို့ အနောက်ဘက်သို့ အချိန်ကောင်းတွင် ဆိုက်ရောက်တော် မူသည်။ မင်းကြီးသည် ပေါက်အင်းဒေသ၌ ဖောင်တော်ကို ခေတ္တခဏ ဆိုက်စေ၍ ဆိုက်ကပ်စဉ် ကမ်းလုံညွတ်မျှ လူများစွာတို့ ကြိုဆိုကြသည်။ မင်းကြီး၏ ၁၂၀၀-ကျော်မျှ များစွာသော ကိုယ်လုပ်တော် မောင်းမတို့သည် အသက် ၁၅-နှစ်၊ ၁၆-နှစ်၊ ၂၀-နှစ်၊ ၂၅-နှစ်အရွယ် သွေးဆူတုန်းဖြစ်၍ ကိုယ်ကို စောင့်စည်းတတ် ဆင်ခြင်တတ်ပါမှ တော်ရုံ ကျသည်။ ယင်းသို့ ကိုယ်လုပ်တော် မောင်းမများအနက်မှ ကိုယ်ဝန်အရင့်အမာနှင့် ကိုယ်လုပ်တော် တစ်ယောက် (မစိမ့်ညို)ကား မင်းတရားကြီး၏ အရေးပေးထားသူ ဖြစ်၏။ ပေါက်အင်းဒေသ ဆိုက်ကပ် လိုက်သည်တွင် ရုပ်ရည် ရူပကာယ ကိုယ်ပေါက် ကိုယ်ရောက်နှင့် ပြည့်စုံသည့် တံငါ အမျိုးသား တစ်ယောက်ကို မြင်တွေ့လေရာ ယောက်ျား အလို ကမ်းနှယ်ပြိုပြီး လောကီစိတ်တွေ ဖြစ်လာလေသည်။ မာယာလက်နက် ၄၀-တို့တွင် အမျိုး မျိုးဖြင့် ဖြားယောင်း သွေးဆောင် ဣနြေ္ဒ ပျက်နေသည်ကို မင်းတရားကြီး မြင်လေရာ မျက်စိထဲ အပေါက် မတည့် ဖြစ်သဖြင့် စိတ်မြန် ကိုယ်မြန်ဖြင့် တယ်ဣနြေ္ဒမဲ့တဲ့ မိန်းမလာခဲ့ဆိုပြီး ကြိမ်ဖြင့် ရိုက်နှက်လေရာ လက်လွန် သဖြင့် ကိုယ်လုပ်တော် မကလေး မစိမ့်ညို ကွယ်လွန်ခဲ့လေသည်။

တကယ်တော့ မစိမ့်ညိုကို မင်းတရားကြီး အလွန်ချစ်ခင် မြတ်နိုးတော်မူသည်။ မင်းကြီးအချစ်ကြီး၍ အမျက်ကြီးခြင်း ပင်ဖြစ်သည်။ အလောင်းစည်သူမင်းကြီးကား သဒ္ဓါတရား ကြီးမားသလောက် ရာဂဒေါသ စသည်တို့ မနည်းချေ။ ကိုယ်လုပ်တော်မလေး မယ်စိမ့်ညိုသည်လည်း မင်းတရားကြီး၏ လက်ချက်ကြောင့် စုတ်ပြတ်ကြွေ သေလွန် ရသော်လည်း မင်းကြီးကို မမုန်းပါ။ မင်းကြီးဖောင်တော်ဖြင့် ဆက်လက်ထွက်ခွာမည် အပြုတွင် ဖောင်တော်ကို ဆွဲထားပြီး အခြားကိုယ်လုပ်တော် တစ်ယောက်အား ပူးပြီး အို မင်းတရားကြီး ကျွန်တော်မကို သည်အတိုင်း ပစ်ထားတော့မှာလား ကျွန်တော်မ ဘယ့်နှယ်လုပ် စားရ နေရမှာတုံး စသည်ဖြင့် ပူးပြောသဖြင့် ဖောင်တော်ကို ဆိုက်ကပ်ရာ အရပ်အနီးတွင် နတ်ကွန်းငယ် တစ်ခု အပိုင်စား ပေးခဲ့လေသည်။ ယင်းဆိပ်ကမ်း အနီးနေ လူများကို သင့်လျော်သည့် အခါများတွင် ယင်းနတ်ကွန်းကို စားဖွယ် သောက်ဖွယ်များ ပန်းမာန်သနပ်ခါးများ စသည်တို့ဖြင့် ပသရမည်ဟု အမိန့်တော် ရှိခဲ့လေသည်။

အလောင်းစည်သူ မင်းတရားကြီးသည် မှူးကြီးမတ်ရာ သေနာပတိတို့ကို အစည်းအဝေးဆောင်တွင် ခေါ်ယူ၍ အို မှူးကြီး မတ်ရာ သေနာပတိတို့ ငါကိုယ်တော်မြတ် ဒေါသရှေ့ထား မှားခဲ့ချေပြီ မှားပြီးသား မည်သို့မျှ မတတ်နိုင် ကိုယ်လုပ်တော်မ အလောင်းကို ဖောင်တော်ပေါ် တင်ယူခဲ့ရမည်။ သင့်တင့်သော နေရာတွင် အခမ်းအနားနှင့် သင်္ဂြိုဟ်တော်မူမည် စသည်ဖြင့် မိန့်ကြားတော်မူပြီး ဖောင်တော်ပေါ် တင်ယူခဲ့လေသည်။ မိဖုရားကြီးများနှင့် ကိုယ်လုပ်တော် မောင်းမတို့ မပျော်နိုင်ကြချေ။ အသံမထုတ်ဘဲ တရှုပ်ရှုပ်နှင့် မိဖုရားမောင်းမတို့ ငိုပွဲဆင်ကြသည်။ မိဖုရားကြီးများနှင့် ပါးရည်နပ်ရည် ရှိသော ကိုယ်လုပ်တော် မောင်းမတချို့ကလည်း ရှင်မတို့ မိန်းမတို့ မိန်းမတို့ ဣနြေ္ဒ ရွှေပေးလို့မရ ဆိုသလို ဣနြေ္ဒရရ နေကြပါ တော်တော်ကြာ ဖောင်တော်ပေါ်မှာ အလောင်းတွေ တင်းကျမ်း ပြည့်နေလိမ့်မည် စသည်ဖြင့်လည်း သတိပေးကြကုန်၏။

ယခုရွှေကူဘူရား တည်ရာအနီးတွင် ဖောင်တော်ကို ဆိုက်ကပ်စေတော်မူပြီး ကိုယ်လုပ်တော်မ မစိမ့်ညို၏ ဝမ်းဗိုက်ကို ခွဲစေရာ ရုပ်ဆင်းသဏ္ဍာန် ကြန်အင် လက္ခဏာနှင့် ပြည့်စုံသော သားသူငယ် အလောင်းကို တွေ့လေရာ မင်းကြီး နောင်တရတော်မူသည်။ ‘ဒေါသထား မှားစွာ့ စင်စစ် ဆိုးစွာ့ မကောင်းစွာ့တကား’ စသည်ဖြင့် နောင်တ တဖန် ပူပန်ခြင်းဖြစ်ပြီး ကျယ်ဝန်းသာယာ ညီညာလှသည့် နေရာ၌ ကိုယ်လုပ်တော် မောင်းမတို့အား သင်္ဂြိုဟ်နည်းအတိုင်း ဂူသွင်းသင်္ဂြိုဟ်စတော် မူခဲ့လေသည်။ ၄င်းဂူအနီး စေတီတော် တစ်ဆူလည်း တည်ခဲ့သည်။

ကိုယ်လုပ်တော် မိဖုရားငယ် မယ်စိမ့်ညို၏ ဝမ်းဗိုက်မှ တွေ့ရှိရသော သားသူငယ် အလောင်းကိုမူ ယခု ရွှေကူ ဘုရား စေတီတော် အနောက်တွင် ဂူတည်သွင်းနှံ စေတော်မူခဲ့လေသည်။ ဤဂူကား သာမန် ပုဂ္ဂိုလ်၏ ဂူမဟုတ် အရိမဒ္ဒနံ ပေါက္ကံပြည့်ရှင် အလောင်းစည်သူ မင်းတရားကြီး၏ ကိုယ်လုပ် မိဖုရား မယ်စိမ့်ညို၏ သားတော်ဂူ ဖြစ်သည် ဟု အမှတ် အသားကိုလည်း ပြုစေတော်မူခဲ့လေသည်။ အလောင်းစည်သူ မင်းတရားကြီး သည်လည်း ထိုနေရာမှ ဆက်လက်ကြွမြန်းတော် မမူတော့ဘဲ ပေါက္ကံရွှေနန်းသို့ ပြန်၍ စုန်တော်မူလေသည်။

သားထုပ်ဂူ၏ အနီး၌ တည်သည် ဖြစ်ရာကား ထိုအခါမှစ၍ သားထုတ်ကူ သားထုပ်ကူရွာဟု တွင်လေသည်။ နောင် တွင် သထုပ်ဂူ ပထုတ်ဂူ ပခုက္ကူဟု အဆင့်ဆင့် ပြောင်းလဲခေါ်ဝေါ် ကြကုန်၏။









ရွှေကူမြတ်စွာဘုရားကြီး ကနေအပြန် သီဟိုဠ်ရှင်မြတ်စွာဘုရားကြီးကို အသွား သူငယ်ချင်းတို့ စုံတွဲက ပခုက္ကူမှာ နာမည်ကြီးတဲ့ နန်းကြီးသုပ်ဆိုင် တစ်ဆိုင်ကို ခေါ်သွားပြီး ကျွေးပြန်တယ်။ အဒေါ်တွေကအစ အားလုံး မဆာသေးဘူး ဆိုတာလည်း ဘယ်လိုမှ ငြင်းလို့မရတဲ့အတွက် ဆိုင်တွင်းကို ဝင်ရောက် ဖြစ်ခဲ့ကြပါတယ်။ ဆိုင်က ကိုယ်တိုင် ထုတ်လုပ်တဲ့ ဝက်အူချောင်းကို စပ်စုခဲ့ပါသေးတယ်။





ပခုက္ကူမှ နန်းကြီးသုပ်


ဆိတ်အူကိုအသုံးပြုပြီး ဝက်အူချောင်း ပြုလုပ်ကြပုံ


သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး

သီဟိုဠ်ရှင်ဘုရားသမိုင်း အကျဉ်းချုပ်မှာ ကောဇာ သက္ကရာဇ် ၄၇၇-ခုနှစ်တွင် သီဟိုဠ်ရှင် ဆင်းတုတော်မြတ်ကို သီဟိုဠ်ဘုရင်သည် အလောင်းစည်သူမင်းကြီးအား မာလ္လာယုကျွန်းအနီး၌ ဆက်သခဲ့လေသည်။ ယင်း ဆင်းတုတော်၌ သစ်တော်ပေါင်း (၁၀)မျိုးပါဝင်၍ မွေတော် ဓာတ်တော်များ ဌာပနာလျှက် ကိုးကွယ်ထားသည်။
မဟာဗောဓိသစ်တော်၊ စန္ဒကူးနှစ်သစ်တော်၊ သရက္ခန်နှစ်သစ်တော်၊ သပြေနှစ်သစ်တော်၊ ထင်းရှူးနှစ်သစ်တော်၊ ကသစ်နှစ်သစ်တော်၊ ကုက္ကိုနှစ်သစ်တော်၊ သခွတ်နှစ်သစ်တော်၊ ထိန်နှစ်သစ်တော်၊ နံ့သာမျိုးနှစ်သစ်တော်၊ သစ်သားတော် (၁၀)မျိုးကို ရောစပ်၍ ဥာဏ်တော် ပမာဏမှာ သံတောင် (၃)တောင် (၂)မိုက်ရှိသော သီဟိုဠ်ရှင် မတ်ရပ်ဆင်းတုတော်ကို ထုလုပ်သည်။
သီဟိုဠ်ရှင်မြတ်စွာဘုရား ဂန္ဓကုဋိစေတီတော်ကြီးကို အလောင်းစည်သူ ဘုရင်သည် သက္ကရာဇ် ၄၇၉-ခုနှစ် တန်ဆောင်မုန်းလတွင် စတင် တည်ဆောက်၍ ၄င်းနှစ်နှောင်း တန်ခူးလ၌ပင် ပြီးစီးသည်။ ထိုစဉ်က စေတီ ပမာဏမှာ လိုဏ်ဂူတော် အလျားသံတောင် (၂၁)တောင်၊ အမြင့်သံတောင် (၃၆)တောင် ရှိသည်။



သီဟိုဠ်ရှင်ဘုရားကြီး မွမ်းမံပြင်ဆင်နေ













မျက်နှာကျက်များ


သီဟိုဠ်ရှင်ဘုရားကြီးက အပြန်မှာတော့ ပုဂံဘက်မှာလမ်းကြုံနေတာကြောင့် ဓမ္မရာဇကဘုရားကို ဝင်ခဲ့ပါတယ်။





ပုဂံသို့အပြန်လမ်း



နှုတ်ဆက်ခဲ့တယ် ဧရာဝတီတံတားရေ

ဓမ္မရာဇက

ကုသိုလ်ရှင်က နရပတိစည်သူ မင်းကြီးဖြစ်၍ သက္ကရာဇ် ၅၅၈-ခုနှစ် သီတင်းကျွတ်လဆန်း (၁၃)ရက် တနင်္ဂနွေနေ့တွင် နရပတိစည်သူ မင်းကြီးသည် သစ်မတီ၌ ပုထိုးတ်ာတင် ပြုအံ့ဟု မြေနေရာ ရှာ၍တွေ့ရှိပြီး ထိုအနီးနေ မထေရ်ကြီးကို တောင်းပန်အခွင့် ရယူသည်။ သက္ကရာဇ် ၅၅၉-ခု သီတင်းကျွတ် လဆန်း-၂ရက် သောကြာနေ့တွင် မူလနတ်ခမိန်လဂ်နေ့ သုံးပဟိုရ်တွင် ကျောက်ဖြာထက်အုတ်ဖွဲ့ ဦးပြု၍ သီဟိုဠ်ကျွန်းသို့ ဓာတ်တော်တောင်း စေလွှတ်ရာ သရီရဓာတ်တော် ၃၀တွင် ရချေသော် ဓာတ်တော် ၄လုံးနှင့်တကွ ကျောက်ဖျာထက် ဌာပနာသည်။ ရွှေစည်းခုံ ဘုရားကဲ့သို့ အဝေးမှမြင်နိုင်သည်။ အရပ်ငါးမျက်နှာတွင် ကွမ်းတောင်ပေါက် ဘုရားငါးဆူ ရံထားသည်။ အကြောင်းမှာ ပွင့်တော်မူပြီးသော ဘုရား(၄)ဆူနှင့် ပွင့်တော်မူရန် ကျန်သော ဘုရားတစ်ဆူ အတွက် ရည်စူးတည်ထားခြင်း ဖြစ်သည်။

ဓမ္မရာဇက ဘုရားကြီး၏ ထူးခြားချက်မှာ ဓမ္မပါလစစ်သူကြီးနှင့် မိသားစုတို့ ပုဂံခေတ်မှ ယခုတိုင် စောင့်ရှောက်သည် ဟူသော သက်သေပြချက် ဓာတ်ပုံအား အမှတ်မထင် ရိုက်ကူးမိခြင်း ဖြစ်သည်။ ၄င်းနောက် စစ်သူကြီး ကိုယ်တိုင် ပန်းရံလုပ်သား တစ်ဦးအား အိပ်မက်ပေးပြန်သဖြင့် ယခုအခါ ဘုရားကြီး၏ အနောက်ဘက်တွင် ဓမ္မပါလစစ်သူကြီး နတ်ကွန်းတစ်ဆောင် ဆောက်လုပ်၍ ပေးထားသည်။ ဘုရားကြီး၏ အရှေ့ဘက်မုခ်နှင့် မြောက်ဘက်မုခ် အတွင်းတွင် အနော်ရထာမင်းကြီး ကိုးကွယ်ခဲ့သော ဆုတောင်းပြည့် ဆင်းတုတော်နှစ်ဆူ စံပယ်လျက်ရှိသည်။ ထိုဆင်းတုတော် နှစ်ဆူမှာ ယနေ့ပုဂံတွင် နာမည်ကြီးနေသော ပြည့် (၅)ပြည့် ဘုရားငါးဆူအနက်မှ (၂)ဆူဖြစ်သည်။







ကြိမ်နဲ့ယက်လုပ်ထားတာလေးတွေ


ပုဂံမြို့မှာ စက္ကူပန်းများ နေရာတကာစိုက်ပျိုးတာမြင်ရ



ညနေမှ Sunset ကြည့်ဘို့ တစ်ခေါက်လာခဲ့မယ်လို့ တွေးမိ


ဟိုတယ်ကို ၃နာရီပြန်ရောက်

ညနေ ၅နာရီကားနဲ့ ကျမနဲ့ညီမလေးကလွဲပြီး ကျန်တဲ့တစ်ဖွဲ့လုံး ရန်ကုန်ကိုပြန်မှာဖြစ်တဲ့အတွက် နေ့လည် ၂နာရီ မှာတော့ တည်းခိုးရာ ပတ္တမြား ဟိုတယ်ကို ပြန်လာခဲ့ကြပါတော့တယ်။

-အရှင်ကေလာသ (ဓမ္မာစရိယ၊ဂဏဝါစက)၏ ရွှေကူမြတ်စွာ ဘုရားကြီးသမိုင်းနှင့် သီဟိုဠ်ရှင် ဘုရားသမိုင်း။
-ရေနံ့သာဝင်းမောင်၏ လျှပ်တစ်ပြက်မဟာပုဂံတို့မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz