x

29.1.12

မယုံသော်ရှိ ယုံသော်ရှိ ကြိုးစားကြည့်စေချင်



အခုတစ်လော ကျမဘလော့တွေ လည်ဖတ်ဘို့ စာကြွေးတွေထူနေသလို ပို့စ်တင်ဘို့ စာကြွေးတွေလည်း ထူနေတယ်။ ပုဂံခရီးစဉ်ကို ဖတ်ခဲ့ကြတဲ့ စာဖတ်သူတို့လည်း အခုလောက်ဆို ပုဂံခရီးကို ညည်းငွေ့နေကြပြီ ထင်ပါတယ်။ စာရေးသူကတော့ အရှိန်နဲ့ လိမ့်နေဆဲပါပဲ။ အတားအဆီး အပိတ်အပင်တွေကြားက ခုန်ပျံကျော်လွှား ရင်း ခရီးဆက်နေမိတယ်။ ကျန်းမာရေးကို ဂရုစိုက်ပါလို့ ဘလော့ဂါ ဆွေးမျိုးသားချင်းများ အပါအဝင် စာဖတ်သူ တို့က စေတနာထားပြီး သတိပေးနေတဲ့ကြားက အားလပ်ချိန် နည်းနည်းရတာနဲ့ ဘလော့ထဲကို ရောက်လာ တတ်ပါတယ်။ ပုဂံခရီးစဉ်-၃မှာ နိဂုံးအဖြစ် မှန်းထားပေမယ့် ရေးတဲ့စာတွေနဲ့ ဓာတ်ပုံပေါင်း ၁၂၀ကျော်ကြောင့် အခုပုဂံခရီးစဉ်-၄ ရောက်မှသာနိဂုံး ချုပ်ဖြစ်မှာပါ။ ဒီကြားဖြတ် ပို့စ်လေးကို တင်ခြင်းရဲ့ အဓိက ရည်ရွယ်ချက် က ပုဂံခရီးစဉ်-၄ နိဂုံးအတွက် အရှိန်ယူခြင်း ဆိုရင်လည်း မမှားပါဘူး။ အဒေါ်တွေနဲ့ဦးလေး ညီမလေးတို့က မြောက်ဦး (ရခိုင်)ကို ခရီးထွက်ဘို့ စွယ်နေကြပြန်ပြီ။ မခေါ်ခင်ထဲက လိုက်ချင်နေတဲ့ ကျမအခုတော့ မနားလို့ မရတော့ဘူး ခနနား အားမွေးပြီးမှ ခရီးကို ဆက်ထွက်ဘို့ စိတ်ကူးမိတယ်။

ကျမတို့တစ်တွေ လူတစ်ယောက်ရယ်လို့ လက်ညှိုးထိုးပြောလို့ရတဲ့ ကိုယ်ခန္ဓာကြီးကို ပိုင်ဆိုင်ထားမှတော့ အို နာ သေကြရမှာ မုချဧကန်မလွဲပါ။ မွေးဖွားခြင်းအစ သေဆုံးခြင်းအဆုံး မရောက်ခင် စပ်ကြားမှာ ခန္ဓာကိုယ်ကြီးရဲ့ နှိပ်စက်ညှင်းပန်းမှု မှန်သမျှကို မဖြစ်မနေ ရှိသမျှခွန်အားနဲ့ တောင့်ခံနေရင်း အတိုင်းအတာ တစ်ခုအထိတော့ သည်းခံနေကြရအုံးမှာပါ။ ကျန်းမာခြင်းရဲ့တန်ဘိုးကို မမာမကျန်းဖြစ်တဲ့အခါမှာ ပိုပြီးသဘောပေါက် နားလည်လာကြပါတယ်။ ‘ခလုတ်ထိမှအမိတ’ ဆိုသလို ဒုက္ခရောက်မှ မိဘကို သတိရတာလည်း လူ့သဘောသဘာဝပါ။ အစပျိုးနေမိတာနည်းနည်းတောင် ရှည်သွားပြီး) ဒီကနေ့ စာဖတ်သူတို့ အတွက် မျှဝေခံစားစေချင်တဲ့ အကြောင်းအရာလေးတစ်ခုက ‘ဘုမ္မိယတြာကျင့်စဉ်’ လေးပါပဲ။ ခက်ခက်ခဲခဲ မရှိပဲ လွယ်လွယ်ကူကူလေးမို့ရယ် နောက်တစ်ချက်ကလည်း ဘုရားယတြာလေးမို့ မျှဝေပေးခြင်းပါ။ လူမှမဟုတ်ပါဘူး သက်ရှိသတ္တဝါမှန်သမျှဟာ မိမိတို့ရဲ့အသက် ရှင်သန်ရေးအတွက် အားထုတ်ကြိုးပမ်း တတ်ကြပါတယ်။ သေခါနီး သူတစ်ယောက်ဟာ ကိုယ့်ရဲ့နောက်ဆုံးအချိန်အထိ အားမတန်လို့သာ မာန်လျှော့ လိုက်ရခြင်းပါ။ ဒီလိုပါပဲ ရေနစ်နေသူ တစ်ယောက်လည်း သူ့ရဲ့ အသက်ရှင်သန်ရေးအတွက် မြက်တစ်ပင်ဖြစ်စေ ဆုပ်ကိုင်ပြီး အသက်ရှင်ခွင့်လေးတော့ ရချင်နေတာပါ။

ကျမတို့ လူသားတွေအတွက် အရေးကြီးတဲ့ ကျန်းမာရေး စီးပွားရေးနဲ့ လူမှုရေးအတွက် အနှောင့်အယှက် အတားအဆီး အခက်အခဲများကို ကျော်လွှားစေတဲ့အခါ ကိုယ်ပိုင် အတွေးအခေါ် အယူအဆတွေကို သုံးသပ်ပြီး ဆုံးဖြတ်ချက်တွေနဲ့ ဆောင်ရွက်တဲ့အခါ မြက်တစ်ပင်ဖြစ်စေ အထောက်အကူလေး အဖြစ် မျှဝေပေးလိုက်ခြင်းပါ။ ဒီဘုမ္မိယတြာကျင့်စဉ်က ကျမလက်ထဲမှာ ရှိနေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ သီလ သမာဓိ ပညာတို့နဲ့ ကုံလုံပြည့်စုံတဲ့ ဘုန်းဘုန်း တစ်ပါးကနေ မျှဝေပေးခဲ့ခြင်းပါ။ ယတြာကျင့်စဉ်က တစ်နှစ်ကို တစ်ကြိမ်သာ ပြုလုပ်ရတာမို့လည်း အပမ်းမကြီးပါဘူး။ အချိန် မပေးနိုင်တဲ့ သားငယ်အတွက်တော့ ကျမကပဲ ယတြာ လုပ်ပေးပြီး ကျမ ယတြာလုပ်ပေးနေတဲ့ အချိန်မှာ ရောက်ရာအရပ်ကနေ သားငယ်က ရိုရိုသေသေ အာရုံပြုနေဘို့ပါပဲ။ အရွယ်မရောက်ခင် ကလေးငယ် ဘဝမှာတော့ မိခင်ဖြစ်သူကပဲ အစ-အဆုံး လုပ်ပေးခဲ့ပါတယ်။ အိမ်ဦးသခင်နဲ့ သားကြီးတို့ကတော့ ကိုယ်တိုင် ဆောင်ရွက်နေတဲ့တိုင် မိသားတစ်ခုလုံးအတွက် ယခု မျှဝေပေးတဲ့ ယတြာကျင့်စဉ်ကို ကျမကိုယ်တိုင်လည်း တစ်နှစ်ကို တစ်ကြိမ်ကျ လုပ်လေ့ရှိပါတယ်။ လူချင်းတူပေမယ့် ကံချင်းတော့ မတူနိုင်ဘူးဆိုတာကို ဘုမ္မိယတြာကျင့်စဉ် ဆောင်ရွက်ရင်းနဲ့ ကျမသတိထားမိခဲ့တယ်။ ကြာသာပတေး သောကြာ သား/သမီးတို့ရဲ့ ယတြာကျင့်စဉ်က ကျန်တဲ့ ယတြာကျင့်စဉ်တွေထက် ပိုပြီး အချိန်တိုအတွင်း ဆောင်ရွက်နိုင်လို့ပါး) ကြီးတဲ့အမှုသေးစေ သေးတဲ့အမှုပျောက်စေ ဆိုတဲ့သဘောပါ။ အတိတ်မှာ အကြောင်း ကောင်းခဲ့မှသာ  လက်ရှိဘဝမှာ အကျိုးကောင်းမယ် ဆိုတာကိုတော့ အားလုံးလက်ခံမှာပါ။ ငါးပါးသီလ ခံယူပြီးမှ ဘုမ္မိယတြာကျင့်စဉ်ကို ဆောင်ရွက်သင့်တယ်လို့လည်း အကြံပေးလိုက်ပါရစေနော်။

ဘုမ္မိယတြာကျင့်စဉ်

၁။ တနင်္ဂနွေ၊ အင်္ဂါ၊ စနေ သား/သမီးများ
မိမိတို့မွေးနေ့မှစ၍ အရှေ့သို့ (၇)ရက်ပြည့်အောင် နံနက် (၅)နာရီ ဖယောင်းတိုင် (၁)တိုင်၊ နံနက် (၆)နာရီ ဖယောင်း (၁)တိုင်၊ နံနက် (၇)နာရီ ဖယောင်း (၁)တိုင် ညနေပိုင်းတွင် ညနေ (၅)နာရီ ဖယောင်း (၁)တိုင်၊ ညနေ(၆)နာရီ ဖယောင်း (၁)တိုင်၊ ညနေ (၇)နာရီ ဖယောင်း (၁)တိုင်အားဖြင့် တစ်နေ့ တစ်နေ့လျှင် ဖယောင်း (၆)တိုင် ပူဇော်ရမည်ဖြစ်သည်။ ပူဇော်၍ ပြီးတိုင်းပြီးတိုင်း၊
“နမော တေ ဝိဇိတ သင်္ဂါမ” ဟု မိမိတို့ ရောက်ရှိသော အသက်ထက်တစ်ခေါက်ပို ရွတ်ဆိုပါ။

၂။ တနင်္လာ၊ ဗုဒ္ဓဟူး(ရာဟု) သား/သမီးများ
မိမိတို့ မွေးနေ့မှစ၍ အရှေ့သို့ (၉)ရက်တိတိ နံနက် (၅)နာရီ သောက်တော်ရေ (၅)ဖလား လှူဒါန်းပါ။ မွန်းတည့်ချိန်တွင် ပထမ ကပ်လှူထားသော ရေဟောင်းကိုစွန့်ပြီး ရေအသစ် ထပ်လှူပါ။ ညနေ (၅)နာရီတွင် ယခင်ရေဟောင်းကို စွန့်၍ ရေအသစ် ထပ်လှူထားပါ။ ရေဟောင်းများကို စွန့်သောအခါ မိမိတို့၏ သက်ဆိုင်ရာ ဘုမ္မိအရပ်တွင်စွန့်ပါ။ ရေတော် ကပ်လှူပြီးတိုင်းပြီးတိုင်း၊
“နမော တေ မာရဝိဇယ” ဟု မိမိတို့ ရောက်ရှိသော အသက်ထက်တစ်ခေါက်ပို ရွတ်ဆိုပါ။

တနင်္လာ သား/သမီးတို့ အတွက် ဘုမ္မိအရပ်က အနောက်မြောက်ထောင့် ဖြစ်တဲ့ ရာဟုထောင့် ဖြစ်ပါတယ်။

ဗုဒ္ဓဟူး သား/သမီးတို့ အတွက် ဘုမ္မိအရပ်က အရှေ့မြောက်ထောင့် ဖြစ်တဲ့ တနင်္ဂနွေထောင့် ဖြစ်ပါတယ်။

ရာဟု သား/သမီးတို့ အတွက် ဘုမ္မိအရပ်က တောင်ဘက်အရပ်ဖြစ်တဲ့ ဗုဒ္ဓဟူးထောင့်ဖြစ်ပါတယ်။

၃။ ကြာသပတေး၊ သောကြာ သား/သမီးများ
မိမိတို့ မွေးနေ့၌ ဖယောင်းတိုင် (၅)တိုင်၊ မွေးလွန်တစ်ရက်၌ ဖယောင်းတိုင် (၆)တိုင်၊ မွေးလွန် (၂)ရက်၌ ဖယောင်းတိုင် (၇)တိုင် ထွန်းညှိပူဇော်ပါ။ ဖယောင်းတိုင်များကို လင်ပန်း၌ စိုက်၍ ရေထည့်ပြီးမှ ညှိထွန်းပူဇော်ပါ။ ပူဇော်ရန် အချိန်မှာ ညဦးပိုင်း (၇)နာရီအချိန်တွင် ညှိထွန်းပူဇော် ရမည်ဖြစ်ပါသည်။ ပူဇော်၍ ပြီးပါက၊
“သော ဘဂဝါ ဣတိပိ အနုတ္တရော” ဟု မိမိတို့ အသက်ထက် တစ်ခေါက် ပိုရွတ်ဆိုပါ။

ဘုမ္မိကြီးကျတဲ့နှစ်မှာ တစ်ယောက်တည်း စိတ်ဓာတ်ကျနေပြီး ကျန်းမာရေးကလည်း ချူချာ လုပ်သမျှ အလုပ်တွေက မအောင်မြင် စုဆောင်း ထားသမျှလည်း ကုန်ခမ်း အရာရာကို စိတ်တိုင်းက မကျ ဖြစ်တတ် ကြပါတယ်။ ဒါကလည်း ကျမတို့ လူသား အားလုံး ဘဝရဲ့ တစ်ကွေ့မှာ ကြုံတွေ့ရ စမြဲပါ။

(ဘုမ္မိယတြာကျင့်စဉ် မျှဝေခြင်းရဲ့ ရည်ရွယ်ချက်မှာ ပုဂံခရီးစဉ်-၄ တင်ဘို့ အရှိန်ယူစဉ်မှာ ရင်းနှီးခင်မင်ရတဲ့ စာဖတ် မိတ်ဆွေများ ဘလော့ဂါများနဲ့ ဆွေမျိုးညာတိတို့ကို သိစေချင်တဲ့  ဆန္ဒသက်သက်နဲ့ မျှဝေပေးခြင်း ဖြစ်တာကြောင့် အမှားတစ်စုံတစ်ရာ ပါနေခဲ့ပါက စာဖတ်သူတို့မှ နားလည် ခွင့်လွှတ်ပေးကြဘို့ ကြိုတင်ပြီး မေတ္တာရပ်ခံပါတယ်)

လောကလူသားအားလုံး စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်

အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz