x

1.2.12

လက်ကျန်ဘဝရဲ့ အမှတ်တရခရီးများ-၎


၅-၁-၂၀၁၂ (ကြာသာပတေးနေ့) ညနေပိုင်းမှာ အဒေါ်များနဲ့ဦးလေး မတ်လေးတို့ ရန်ကုန်ကို ပြန်သွားကြတဲ့ အတွက် ကျမနဲ့ညီမလေးတို့ နှစ်ယောက်သာ ကျန်နေခဲ့ပါတယ်။ ကြိုတင်စီစဉ်ထားခြင်း မရှိပဲ ရန်ကုန်ကိုမပြန်ခင် တစ်ရက်အလိုမှ စီစဉ်လိုက်ရခြင်း ဖြစ်တာကြောင့် ကျမအတွက် Sunset ကြည့်ဘို့ရာ နောက်တစ်ကြိမ် အခွင့်အရေး ရရှိခဲ့ပါတယ်။ ညီမလေးက မြင်းလှည်းစီးချင်တယ် ဆိုတာကြောင့် ဓမ္မရာဇကဘုရားကို မြင်းလှည်းနဲ့ သွားပြီး Sunset ကြည့်ဘို့ နှစ်ယောက်တိုင်ပင်ပြီး ဟိုတယ်ကိုမြင်းလှည်းငှားခိုင်းရာ အသွားအပြန် ကျပ်၁၀,၀၀၀ နဲ့ရပါတယ်။ ညနေ ၄နာရီ၄၅မိနစ်မှာ ဟိုတယ်ကထွက်ခွာပြီး ညနေ၆နာရီ ဟိုတယ်ကို ပြန်ရောက်ခဲ့ကြပါတယ်။ တစ်နေ့လုံး အစား အသောက်တွေ ဆက်တိုက်ဆိုသလို စားခဲ့ရတာကြောင့် ညစာကိုတော့ ပေါင်မုန့် ကြက်ဥကြော် ကော်ဖီပဲ ဟိုတယ်ကနေ မှာစားကြပြီး တစ်ညတာကို စာအုပ်ဖတ် တီဗွီကြည့်ရင်း ကုန်ဆုံးခဲ့ကြပါတယ်။
















































၆-၁-၂၀၁၂ (သောကြာနေ့) မနက်၅နာရီခွဲမှာ အိပ်ယာကထကြပြီး ၆နာရီခွဲမှာ မနက်စာ Breakfast စားကြကာ ဟိုတယ်မှာ ရှင်းရန်လိုအပ်တဲ့ ငွေကြေးများကို ရှင်းလင်းပြီး ၆နာရီ၅၀မိနစ်ခန့်မှာ လေဆိပ်ကို ဆင်းခဲ့ကြပါတယ်။ ၈နာရီ၁၀မိနစ် မန္တလေးကို ထွက်ခွာမည့် Air Bagan နဲ့လိုက်ပါဘို့ရာ ၇နာရီ၁၅မိနစ်မှာ ညီအစ်မနှစ်ယောက် Check-in ဝင်ခဲ့ကြပါတယ်။ ပုဂံလေဆိပ်မှာ နိုင်ငံခြားသားများနဲ့ တိုးမပေါက်အောင် စည်ကားလို့နေတဲ့အတွက် ကိုယ့်အလှည့်ရောက်ဘို့ အချိန်၁၅မိနစ်မက ပေးရပါတယ်။ အတွင်းခန်းကို ရောက်သွားတဲ့အခါမှာ ကျမတို့ သွားရမယ့်အလှည့် မကျခင်အထိ နာရီဝက်အတွင်း လေယာဉ် ၉-စီး ထွက်ခွာတာကို သတိပြုမိပါတယ်။ အခုလို ကိုယ့်နိုင်ငံမှာ ဧည့်သည်များ စည်စည်ကားကား ဖြစ်လာတာမြင်ရတော့ ရင်ထဲမှာ ကြည်နူးနေမိတာ အမှန်ပါ။ ကျမတို့လိုက်ပါတဲ့ လေယာဉ်မှာလည်း ခရီးသည်များအနေနဲ့ မြန်မာဆိုလို့ ကျမတို့ ညီအစ်မနှစ်ယောက် အပါအဝင် အများဆုံးရှိ  ၅ယောက်လို့ ထင်ရပါတယ် ကျန်ခရီးသည်များကတော့ နိုင်ငံခြားသားများပဲ ကျမမြင်မိပါတယ်။



























မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မနက် ၉နာရီ၂၀မိနစ်မှာ ဆိုက်ရောက်ပြီး ကျမရဲ့အိမ်ဦးသခင်ရှိရာ ပလိပ်မြို့ကို မနက်၁၀နာရီခန့်မှာ ရောက်ရှိခဲ့ပါတယ်။ ပလိပ်မြို့ကို ရောက်ပြီဆိုရင်ပဲ အမြဲတန်းအလုပ်များတဲ့ အိမ်ဦးသခင်ကို အလုပ် မရှုပ်စေချင်တာကြောင့် ညီအစ်မနှစ်ယောက် ခနနားရေမိုးချိုးပြီး အိမ်ဦးသခင် စီစဉ်ပေးထားတဲ့ မနက်စာကို စားသောက်ကာ မန္တလေးဘက်ကို မဟာမြတ်မုနိဘုရားကြီး ဖူးဘို့ ထွက်ခဲ့ကြပါတယ်။ မန္တလေး တက္ကသိုလ်နားက ဖြတ်သွားချိန်မှာတော့ ညီမရွှေစင် စစတို့ဆီကို ဝင်ဘို့ စဉ်းစားလိုက်ပါသေးတယ်။ ဒါပေမယ့် ကိုယ်ကသာ အလုပ်မရှိ အလုပ်ရှာပြီး အလုပ်များတဲ့သူတွေကို အလုပ်ပိုစေမလားလို့ တွေးမိပြီး ဘုရားကြီးဘက်သာ ဦးတည်ကာ တန်းတန်းမတ်မတ် သွားဖြစ်ပါတော့တယ်။












မန္တလေးကိုရောက်တိုင်း ဖူးလေ့ရှိတဲ့ မဟာမြတ်မုနိဘုရားကြီး၊ ရွှေကျီးမြင်ဘုရား၊ အောင်တော်မူ ဘုရားနှင့် စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်၊ ကောင်းမှုတော်နှင့် ကံတလူဘုရားများကို တစ်ဆူပြီး တစ်ဆူ ဖူးလေ့ရှိပြီး ယခု တစ်ခေါက်မှာတော့ ယခင်အကြိမ်များက မရောက်ခဲ့တဲ့ မဟာသကျသီဟ ဘုရားကိုအရောက် သွားဖူးခဲ့ပါတယ်။ မန္တလေးဘက်ကို ရောက်တိုင်း ဖူးဖြစ်ခဲ့တဲ့ ဘုရားတွေရဲ့ သမိုင်းအကျဉ်းတွေနဲ့ ပတ်သက်ပြီး ပို့စ်ဟောင်းတွေ မှာ ရေးထားပြီးသားမို့ ထပ်မရေးတော့ဘူးနော်။













မဟာသကျသီဟမြတ်စွာဘုရား သမိုင်းအကျဉ်းချုပ်

မန္တလေးမြို့ မဟာသကျသီဟ မြတ်စွာဘုရား (ပထမ) ဒါယကာတော် ဘကြီးတော်ဘုရားနှင့် မိဖုရားခေါင်ကြီး နန်းမတော်မယ်နုသည် သက္ကရာဇ် ၁၁၈၈-ခုနှစ်၊ တပေါင်းလပြည့်ကျော် (၃)ရက်နေ့တွင် ရွှေစင်ချိန် (၁၇၂၃)ပိဿာ ၊ ဘော်စင်ငွေ (၁၀၀၀၀)ပိဿာ၊ သံ (၅၀၀၀)ပိဿာ၊ သံလွှဲဖြူ (၅၀၀၀)ပိဿာ၊ ကြေးနီကြေးစင် (၅၀၀၀)ပိဿာ တို့ဖြင့် စပ်ထားသော ပဉ္စလောဟာ (ကွမ်းသီးတစ်ခြမ်းစား) ပိဿာချိန်ပေါင်း (၂၆၇၂၃)ဖြင့် အင်းဝနေပြည်တော် တွင် စတင် သွန်းပြု လှူဒါန်းပါသည်။

မဟာသကျသီဟ မြတ်စွာဘုရား (ဒုတိယ) ဒါယကာတော် ပုဂံမင်းနှင့် မိဖုရားခေါင်ကြီးသည် ၁၂၀၉-ခုနှစ်၊ ဝါဆို လဆန်း (၁၂)ရက်နေ့တွင် အင်းဝနေပြည်တော်မှ အမရပူရမြို့သို့ ရေလမ်းမှ ပင့်ဆောင်ပြီး တောင်သမန်အင်းထိပ် ပုထိုးတော်ကြီးအနီး၌ ရွှေ့ပြောင်း ကိုးကွယ်တော် မူပါသည်။

မဟာသကျသီဟ မြတ်စွာဘုရား (တတိယ) ဒါယကာတော် သီပေါမင်းတြားကြီးနှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်တို့သည် မယ်တော် ဆင်ဖြူမရှင် အမှူးထား၍ ၁၂၄၇-ခုနှစ် ကုဆုန်လဆန်း (နှစ်ဆန်း) (၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ တနေ့လျှင် တာပေါင်း (၂၅၀)ကျနှင့် တာပေါင်း (၃၀၀၀)ကို (၁၂)ရက်နှင့် အမရပူရမြို့မှ ကုန်းလမ်းဖြင့် ယခု တည်ထားကိုးကွယ်ရာ မန္တလေးမြို့သို့ ရွှေ့ပြောင်း ကိုးကွယ်ခဲ့ပါသည်။

မဟာသကျသီဟ မြတ်စွာဘုရား ပရိဝုဏ်သည် ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတြားကြီး မင်းသားဘဝမှ အိမ်တော်ရာ နေရာဟောင်းပါဝင်၍ ပတ်ဝန်းကျင်မှ တိုက်တာအိမ်မြေများကို ဆင်ဖြူမရှင် မိဖုရားကြီးမှ ဝယ်ယူ လှူဒါန်းပါသည်။

အထက်ပစ္စယံစိန္တောင်တွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားများ ဝိုင်းရံ၍ အလယ်နှင့်အောက် စိန္တောင်မှာ အသီတိ ရှစ်ကျိပ် ရဟန္တာရှစ်ဆယ်တို့ကို ပြာဿာဒ်များ ဝိုင်းရံလျက် ဆင်ဖြူမရှင်သည် ကုန်းတော်နှင့် ပင်မဂန္ဓကုဋီ ကျွန်းပြာဿာဒ် ကို ဆောက်လုပ် လှူဒါန်းပါသည်။









ဘုရားတွေ ဖူးပြီးချိန်မှာတော့ ညီမဝမ်းကွဲနဲ့ မောင်ဝမ်းကွဲတို့ရဲ့ ဆိုင်တွေကို သွားရောက် နှုတ်ဆက်တဲ့အခါ ညီမဝမ်းကွဲက လဘက်ရည် လိုက်တိုက်ပါတယ်။ အဲဒီကနေ ရတနာပုံဈေး ဒိုင်းမွန်းပလာဇာတို့ကို ခြေဆန့်ကြပြီး ညနေ ၆နာရီမှာတော့ ဒုတိယအကြိမ် ဘုရားကြီးကို ပြန်သွားကြပါတယ်။ အိမ်ဦးသခင်နဲ့ ညနေ၆နာရီခွဲမှာ ဘုရားကြီးမှာ ဆုံကြဘို့ ချိန်းချက် ထားတာမို့ ဖြစ်ပါတယ်။ ည၇နာရီခွဲမှာတော့ ဘုရားကြီးကနေ ပြန်လည်ထွက်ခွာ ခဲ့ကာ အိမ်ကို ည ၈နာရီ ၁၅မိနစ်ခန့် ပြန်ရောက်ကြပါတယ်။






၇-၁-၂၀၁၂(စနေနေ့) မနက် ၃နာရီအိပ်ယာမှထကာ ညီအစ်မနှစ်ယောက် မနက်စာ Breakfast ကို စားသောက် ပါတယ်။ မနက် ၄နာရီမှာ အိမ်ဦးသခင်ကို ကန်တော့ပြီး ပလိပ်မြို့ကနေ ရန်ကုန်မြို့ကို စတင်ထွက်ခွာ လာပါတယ်။ လမ်းခရီးမှာ ပို့စ်တစ်ပုဒ်အတွက် ဓာတ်ပုံတွေကို အမိအရ ရိုက်ဘို့ကို တွေးရင်း ပျော်နေမိတယ်။ ပလိပ်မြို့က ထွက်ခွာလာပြီး နာရီဝက်ကျော်ခန့်မှာ ကားရဲ့ရှေ့အဖုံးထဲကနေ Air-corn Belt ချောင်တဲ့အခါ ထွက်တဲ့အသံမျိုး တကျီကျီနဲ့ ဆူညံတဲ့အသံ ထွက်လာတာကြောင့် ယာဉ်မောင်းက ကားကိုစစ်ဆေးမှု ပြုလုပ်ပြီး တစ်စုံတစ်ရာ ထူးခြားမှု မရှိတာနဲ့ ကားကိုဆက်မောင်းပါတယ်။ နောက်ထပ် ၁၀မိနစ်လောက် မောင်းတဲ့အခါ အရင်လိုပဲ စူးရှတဲ့အသံ ထပ်မံထွက်လာပြန်တယ်။ ဒီတစ်ကြိမ်မှာ မိနစ်-၃၀ ကြာလောက် ယာဉ်မောင်းနဲ့ အိမ်ဦးသခင်ရဲ့ တပည့်လေးတို့ အတူတကွ ကားကိုသေချာ စစ်ဆေးမှုကို ပြုလုပ်တော့မှ မိုင်နှုန်းကိုပြတဲ့ ဒိုင်ခွက်ကနေ ဝါယာရှော့ခ်ဖြစ်နေတာကို ရှာဖွေတွေ့ရှိပြီး မိုင်နှုန်းပြဒိုင်ခွက်မှ ပါဝါကို ဖြုတ်ကာမောင်းပါတယ်။ မိုင်နှုန်းပြ ကိရိယာအလုပ် မလုပ်တော့သည့်တိုင် ယာဉ်မောင်းဟာ ကား Speed ကို ပုံမှန်၈၀ကီလိုမီတာနှုန်း နဲ့ မောင်းခဲ့တာ ကို တွေ့ရပါတယ်။ အခု ပြန်စဉ်းစားမိတာက ကားပျက်တာပဲ ကိုယ့်အတွက် ပျက်ပေးသလိုလိုး)















မနက် ၁၀နာရီခွဲမှာ ဖြူးမြို့ကိုရောက်ပြီး မနက်စာစားရင်း ကားကိုနာရီဝက်ခန့် အနားပေးပါတယ်။

















ရန်ကုန်မြို့ကို နေ့လည် ၂နာရီခွဲမှာဝင်လာပါတယ်။ အိမ်ကို ၃နာရီ၁၅မိနစ်မှာ ရောက်ပါတယ်။ ဒီမှာတင် ကျမရဲ့ ပုဂံခရီးစဉ်လေးလည်း နိဂုံးချုပ်ခွင့် ရပါတော့တယ်။

လူသားအားလုံး စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်

အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz