x

5.2.12

ငယ်စဉ်ဘဝနဲ့အမှတ်တရနေ့စွဲများ တဂ်ပို့စ်


ပြောရင်လည်းတီတင့်ပိုတယ်ထင်ကြအုံးမယ်။ မှန်တာပြောရင်သစ္စာပါ။ မနေ့ညကအိပ်မက် မက်တယ်။ ကျမ ဘလော့ရွာကြီးထဲကို တစ်အိမ်ပြီးတစ်အိမ် လျှောက်လည်နေတယ်။ အဲဒီလိုလည်နေရင်း ပို့စ်တစ်ခုမှာတော့ ကျမကို တဂ်စာ ကျွေးထားတာ ဖတ်လိုက်ရတယ်။ ဘယ်သူဘယ်ဝါ ဘယ်လိုမျိုး တဂ်စာကျွေး လိုက်တယ်ဆိုတာတော့ မမှတ်မိဘူး။ မနက်မိုးလင်းတော့ တဂ်စာရဲ့ခေါင်းစဉ်ကို စဉ်းစားကြည့်သေးတယ် ပေါ်မလာခဲ့ဘူး။ တစ်ကြိမ် တစ်ခါမျှ ဘယ်သူ့ကိုမှ စပြီးမတဂ်ဘူးတော့ ဘလော့ဂါများကို ဘယ်လိုခေါင်းစဉ်နဲ့ တဂ်ရပါ့လို့ စဉ်းစားမိသေးတယ်။ အလုပ်များတဲ့ သူတွေကို တဂ်မိမှာလည်း စိုးရိမ်မိပြန်တယ်။ ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခု တစ်ပါးသူ အတွက် ပျော်စရာမဟုတ်ပဲ စိတ်ရှုပ်စရာ ဖြစ်သွားမှာမျိုးကို မလိုလားဘူးလေ။ သို့လောသို့လောနဲ့ နောက်ဆုံးတော့ တဂ်စာကျွေးမယ်လို့ စဉ်းစားထားမိခဲ့တဲ့ အကြောင်းလေးလည်း လေထဲမှာတင် လွင့်ပြယ် ပျောက်ကွယ် သွားတော့တယ်။ မနက်ပိုင်းလေး အားတဲ့အချိန်မှာ ‘ဒီကနေ့တော့ ဘလော့တွေကို လိုက်လည်မယ်’ ဆိုပြီး အွန်လိုင်းကို တက်လိုက်တယ်။ မကြာပါဘူး မီးပျက်သွားတာကြောင့် အပြင်ထွက်ပြီး လုပ်ရမည့် အလုပ်လေးတွေ အရင် လုပ်မယ်လို့ စိတ်ကူးခဲ့တဲ့အတိုင်း အလုပ်ကျွေးတွေ ဖြတ်ခဲ့တယ်။ နေ့လည်ပိုင်း ပြန်ရောက်တဲ့ အချိန်ထိ မီးက မလာသေးပြန်ဘူး ဒီတော့ စာအုပ်တစ်အုပ် ထိုင်ဖတ်ရင်း မီးလာဘို့ကို စောင့်နေမိတယ်။ တစ်လမ်းထဲက ညီမလေးအိမ် ခန သွားလိုက်တယ်။ ဒီလိုနဲ့ညနေပိုင်းမှ အွန်လိုင်းတက်ဖြစ်တယ်။ ကိုယ့်ဘလော့ကို အရင်ဖွင့်ပြီး ကွန်မန့်လေးတွေ လိုက်ဖတ်တော့ မောင်နွေလရဲ့ ကျွန်တော့်ဘဝ၏ အမှတ်တရနေ့စွဲများ ဆိုပြီး အန်တီတင့်ကို တဂ်စာကျွေးထားတာ မြင်ပါလေရော။ တစ်ခါ Facebook မှာလည်း မိုးကုတ်သားရဲ့ ‘တို့ငယ်ငယ်တုန်းအရွယ်’ တဂ်ထားတာ ဖတ်မိပြန်တယ်လေ။ တိုက်ဆိုင်မှုများ အံ့သြစရာ။ တကယ်တော့ ပြန်စဉ်းစားကြည့်ရင် ဦးနှောက်  နည်းနည်း မအားလိုက်နဲ့ အားတာနဲ့ ဘလော့အိမ်တွေ လည်ချင်တဲ့ စိတ်မျိုး ဖြစ်နေမှတော့ အိပ်မက်ထဲအထိ ဘလော့ရွာကြီးက ရောက်လာခဲ့တာ အဆန်းတော့ မဟုတ်ပါဘူးလေး) အဲဒီတဂ်ပို့စ် နှစ်ခုကို ပေါင်းစည်းရေး လုပ်ပြီး ကျမ ရေးလိုက်ပါတယ်။

ရှည်လျားလွန်းလှတဲ့ ဘဝသံသရာမှာ ကျင်လည်နေကြတဲ့ လူသားတိုင်းမှာ ငယ်စဉ်ဘဝ ဆိုတာကို ဖြတ်သန်းကြရ စမြဲပါ။ ငယ်စဉ်တောင်ကြေး ကလေးဘဝကို အေးချမ်းစွာ ဖြတ်သန်းခဲ့ရသူတွေ ရှိသလို ခက်ခက်ခဲခဲ ဘဝကို ရင်ဆိုင်ရင်း ဖြတ်သန်း ခဲ့ရသူတွေလည်း ဒုနဲ့ဒေးပါ။ လူဖြစ်ရတဲ့ ဒုက္ခဆိုတဲ့ စကားလို လူရယ်လို့ဖြစ်လာတဲ့ ကျမတို့ တစ်တွေ မွေးရာကနေ သေဆုံးချိန်အထိ အေးချမ်းစွာနဲ့ မတောင့်မတ မကြောင့်မကျ ဘဝမျိုးနဲ့ တစ်ဘဝလုံး ဖြတ်သန်း သွားရသူ ဆိုတာ ကျမရဲ့ ပတ်ဝန်းကျင်မှာတော့ အခုအချိန်အထိ တစ်ကြိမ်တစ်ခါမှ မကြုံခဲ့ဖူးပါဘူး။ ကိုယ်က အစပြုပြီး ဒုက္ခ သေးသေးကြီးကြီး ကြုံနေသူတွေကိုသာ မြင်ခဲ့ဘူးပါတယ်။ ဘယ်လိုဘယ်ပုံ ဖြတ်သန်း ခဲ့ရပါစေ ငယ်ဘဝကိုတော့ လူတိုင်းရဲ့နှလုံးသားထဲမှာ သံမှိုလိုစွဲကျန်နေလျှက်ပါ။ ကျမရဲ့ ငယ်ဘဝဟာ မလှမပနဲ့ ကြမ်းတမ်းခဲ့ပါတယ်။ ကျမမေမေ ကျမတို့မောင်နှမ တစ်တွေကို လူ့လောက အလယ်မှာ ထားခဲ့ပြီး ကျောခိုင်းသွားခဲ့တဲ့ နေ့တစ်နေ့ဟာ ကျမအတွက် မေ့လို့မရတဲ့ အမှတ်တရနေ့ တစ်နေ့ ဖြစ်ခဲ့ ပါတယ်။ 

အနွေးထည်အင်္ကျီအနက်ရောင်နဲ့ကျမရဲ့မေမေ၊ သူ့ကိုချစ်ခင်တဲ့ရုပ်ရှင်လောကမှ မင်းသားဦးဇေယျ၊မင်းသမီးဒေါ်ကြည်ကြည်ဌေးတို့နဲ့အတူ အမှတ်တရ

ကျမမေမေဆုံးစဉ်က အစ်ကိုအကြီးဆုံးက ၉-နှစ်၊ ကျမအသက် ၇-နှစ်၊ ညီမလေးက ၅-နှစ် ဖြစ်ပြီး အငယ်ဆုံးမောင်လေးက ၂-နှစ်ပဲ ရှိပါသေးတယ်။ အချိန်တန်ရင် လက်ဆေးပြီး ထမင်းစားရတဲ့ အခြေအနေကနေ ကျမအသက် ၈-နှစ်ပြည့်တဲ့ နေ့ကအစပြုလို့ ကျမရဲ့ဘဝဟာ နေ့ချင်းညချင်း အပြောင်းလဲကြီး ပြောင်းလဲ သွားခဲ့ပါတယ်။ အစ်ကိုဖြစ်သူက ဖေဖေပြောင်းရွှေ့ခဲ့တဲ့ ကျိုက်ထိုမြို့ကို မလိုက်တော့ပဲ မန္တလေးမြို့ တက်နေတဲ့ကျောင်းမှာ ဘော်ဒါ နေခဲ့တဲ့အတွက် ကျမက အစ်မအကြီးဆုံးမို့ အိမ်ထောင်တစ်ခုလုံးရဲ့ ဈေးဝယ် ချက်ပြုတ် လျှော်ဖွပ် သိမ်းဆည်းရေး တာဝန်တွေကို နေ့ ညမပြတ် လုပ်ဆောင် ခဲ့ရပါတယ်။ ကျောင်းမသွားခင် အချိန်နဲ့ ကျောင်းကပြန်ရောက်ပြီး အချိန်တွေအားလုံး အချိန်အားလပ် မရှိလောက်အောင် အလုပ်တွေ ပိနေတာကြောင့်လည်း အိမ်စာမပြီးလို့ အပြစ်ပေးခံရတဲ့ အကြိမ်ပေါင်းလည်း မရေမတွက်နိုင်ပါ။ ကလေးဘဝ ကစားနည်း မှန်သမျှဟာ ကျမနဲ့လုံးဝ သက်ဆိုင်ခြင်း မရှိခဲ့သလို အိမ်ကိုလာရောက် လည်ပတ်မည့် အပေါင်းအသင်း ဆိုတာလည်း တစ်ယောက်မှ မရှိခဲ့ပါ။ နေ့တဓူ ကျမရဲ့ ပုံမှန် လုပ်ဆောင်ရတဲ့ အလုပ်တွေကို စက်ရုပ် တစ်ရုပ်လို သံပတ်မကုန်မချင်း တစ်နေ့တာအတွက် လုပ်ဆောင်ခဲ့ရပါတယ်။ အောက်အငယ်တွေအတွက် ခက်ခဲပင်ပန်းစွာ လုပ်နေရပေမယ့် တစ်ကြိမ် တစ်ခါမှ ကျမညည်းတွား ငြူစူခြင်းမျိုး မရှိခဲ့ပါဘူး။ ကျမရဲ့ဖေဖေက တစ်နှစ်တစ်ကြိမ်လောက် နယ်ကိုပြောင်းရသလို ပစ္စည်းတွေထုပ်ပိုးရတာ ကျောင်းတွေကို ထွက်လိုက် ဝင်လိုက် လုပ်ရတာကို ပင်ပန်းလာသလို ခံစားရတယ်။ ဖေဖေ့ရဲ့ တပည့်တပန်းတွေကတော့ ကူပါတယ်။ ဒါပေမယ့်လည်း အကူလောက်ပဲ ရနိုင်တာပေါ့လေ ဘယ်ပစ္စည်းကို ဘယ်ထဲ ထည့်ပိုးရမယ်ဆိုတာတော့ ကျမကပဲ ကျွေးမေမေရဲ့ ညွှန်ကြားမှုအောက်မှာ ဦးစီးပြီးလုပ်ဆောင်ခဲ့ရတယ်။

ဒီလိုနဲ့ပဲ ဘဝကို လိမ်ဖယ်လိမ်ဖယ် ဖြတ်သန်းရင်း ကျိုင်းတုံရောက်တော့ ကျမခုနှစ်တန်း တက်နေပါပြီ။ ကျောင်းစာနဲ့ ပတ်သက်ပြီး ကျောင်းသစ်ပြောင်းတိုင်း မတန်တဆ လိုက်ယူရတယ်။ ကျမအတွက် မမေ့နိုင်တဲ့ ရက်ကလေး တစ်ရက် နှလုံးသားမှာ စွဲကျန်ရစ်စေတဲ့ နေ့ကတော့ ခုနှစ်တန်းအောင်စာရင်းတွေ ထွက်တော့ ကျမတို့သူငယ်ချင်း တစ်ဖွဲ့မှာ ကျမတစ်ယောက်ထဲ ကျကျန်ခဲ့တယ်လေ။ ကျမရဲ့သူငယ်ချင်းတွေက အတန်းသစ်ကို ဆက်ပြီး တက်ကြတော့မယ် ကျမတစ်ယောက်ပဲ အထီးကျန်စွာ အတန်းဟောင်းမှာ နေခဲ့ရမှာကို ရင်ဆိုင်ဘို့ ဘယ်လိုမှ အဆင်သင့် မဖြစ်ခဲ့ပါဘူး။ ဖေဖေကကျမရဲ့ စိတ်ကိုသိနေလေတော့ တစ်ခြားကျောင်းကို ပြောင်းပေးခဲ့တယ်။ သားသမီးတွေရဲ့ အခက်အခဲမှန်သမျှကို အခွင့်သာတိုင်း ဖြေရှင်းပေးတတ်တဲ့ဖေဖေ့ကို ကျမသိတ်ချစ်ပါတယ်။ ဒါပေမယ့် ကံကြမ္မာရဲ့လှည့်ကွက်ကိုတော့ ဖေဖေမှမဟုတ်ပါဘူး ဘယ်သူမှဖြေရှင်းပေးနိုင်မယ် မထင်ပါဘူးလေ။ စာမေးပွဲကျတာရဲ့ ခံစားချက်ကို ပထမဆုံးအကြိမ် ခံစားလိုက်ရတဲ့အပေါ် သင်ခန်းစာယူပြီး နောက်တစ်ကြိမ် ထပ်မကျအောင် ကြိုးစားဘို့လည်း ဆုံးဖြတ်ခဲ့တယ်။ နေ့စဉ်အိမ်အလုပ်တွေ ဘယ်လောက်များများ ညညကိုတော့ အိပ်ချိန်ထဲကနေ အိမ်စာတွေကို အပြီးတိုင်လုပ်ခဲ့တယ်။ ကျောင်းသစ်မှာ သူငယ်ချင်းသစ်တွေရပြီးတဲ့အခါမှာတော့ ခံစားချက်ဒဏ်ရာတွေ သက်သာခဲ့တဲ့တိုင် အမှတ်တရ နေ့တစ်နေ့အဖြစ်ကတော့ စွဲကျန်နေခဲ့ပါတယ်။


ဘီးကုပ်လေးနဲ့ကျမ၊ ၇-တန်း အောင်စာရင်းမထွက်ခင် သူငယ်ချင်း ပြုံးပြုံး နန်းစံနွမ်း ကောင်ဆိုင် နန်းဝိုးကိန် မသန်းရွှေ ပဲန်စီ နီလာ သီတာ နန်းအမ်းတစ် တို့နဲ့အတူ ကျိုင်းတုံရေပူစမ်းအသွား အမှတ်တရ
 
အမှန်တကယ်တော့ ကျမရဲ့ပင်ကိုယ်ဥာဏ်က နည်းနည်းတုံးပါတယ်။ ကျမမှာရှိနေတဲ့ ဝိရိယလေးကသာ ကျမ ဘဝလေး လှပစေဘို့ အများကြီး အထောက်အပံ့လေး တစ်ခုအဖြစ် ရပ်တည်ခဲ့တာပါ။ ကျမစာညံ့တဲ့အတွက် အတန်းထဲမှာ မျက်နှာငယ်ရတာကို ကျမ မနှစ်မြို့ခဲ့ဘူး။ စာတော်တဲ့သူတွေနဲ့ ပေါင်းချင်ပေမယ့် ကိုယ့်ရဲ့ သိမ်ငယ်မှုကြောင့် အနားတောင် မသီရဲခဲ့ပါဘူး။ ကျိုင်းတုံကနေ ပုသိမ်ကို ဖေဖေပြောင်းတဲ့အခါ ကျမအဌမတန်းကို ဆက်တက်ရပြန်တယ်။ တစ်နှစ်အကြာမှာပဲ ဖေဖေ ဂျပန်နိုင်ငံကို စစ်သံမှူးနဲ့တာဝန် သွားရောက်ထမ်းဆောင်ခဲ့တဲ့ အချိန်မှာ ကျမ ရန်ကုန်မြို့မှာ ရှိတဲ့ ကျမရဲ့ အဒေါ်အကြီးဆုံး အိမ်မှာကျန်ခဲ့ပြီး နဝမတန်းပညာကို အထက(၃) ဒဂုံမှာ ဆက်လက် သင်ကြား ဆည်းပူးခွင့် ရခဲ့ပါတယ်။ ကျမအပေါ် သမီးရင်းနဲ့ မခြား အစစအရာရာ သွန်သင် ဆုံးမ လမ်းညွှန်မှု ပေးခဲ့တဲ့ အဒေါ်အကြီးဆုံးရဲ့အရိပ်အောက်မှာ နေရင်း ကျမဘဝ အဆင့်မြင့်ခဲ့တာကို ကျမရဲ့ရင်ထဲမှာ အမြဲတန်း အမှတ်တရအဖြစ် သိမ်းဆည်းရင်း ယနေ့တိုင် အခွင့်အခါသင့်တိုင်း သွားရောက် ကန်တော့လေ့ ရှိပါတယ်။


အဒေါ်အကြီးမေကြည်(ပန်းရောင်ဝတ်ထားသူ)နဲ့ အဒေါ်အလတ်လေးနီတို့ပုံ အမှတ်တရ

ကျမဒဿမတန်းပညာကို သင်ယူနေတဲ့အချိန်မှာ ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်မှု အားနည်းတဲ့ ကျမ တစ်ယောက် တစ်ခြားသူတွေထက် အဆပေါင်းများစွာ ကျက်မှတ်ရပါတယ်။ သူများတစ်တွေ အိပ်ချိန် ၈နာရီမှာ ကျမအတွက် တစ်နေ့အိပ်ချိန် ထက်ဝက်သာရှိပေမယ့် ကျမရဲ့ဘဝကို ပျော်နေခဲ့ပါတယ်။ ကျမစာကြည့်နေတဲ့ ညဥ့် သန်းခေါင်ယံ ရက်များများမှာ ဖေဖေ့ရဲ့ မေမေ ဖွားဖွားက ကျမအတွက် စားစရာတစ်ခုခု လာပို့ရင်း အားပေးမှုနဲ့ နှစ်သိမ့်မှုတွေ ပေးခဲ့တာလည်း ဖွားဖွား မရှိတော့ပေမယ့် ယနေ့ထက်တိုင် သတိရနေဆဲပါ။ ကျမရဲ့ ဝိရိယ အကျိုးကို ဒဿမတန်း စာသင်နှစ်ပြီးလို့ အောင်စာရင်း ထွက်တဲ့နေ့မှာ ကြည်နူးစွာ အပြည့်အဝ ခံစားရတာကတော့ R.I.T ကိုဝင်ခွင့်ရခဲ့တာပါ။ ကျမရဲ့ဘဝလေး တစ်သွေး တစ်မွေး ဖြစ်လာခဲ့တဲ့ R.I.T ကို စတက်ခဲ့ရတဲ့ နေ့တစ်နေ့ ဟာလည်း ကျမဘဝရဲ့ အောင်မြင်မှု လမ်းစလေးအဖြစ် ရင်ထဲမှာမမေ့မလျော့စွဲထင်လို့ ကျန်နေဆဲပါ။

စက်မှုတက္ကသိုလ်အမှတ်တရ

ကျမဘဝရဲ့ ပီပြင်တဲ့အနာဂတ်ကို အပြည့်အဝရရှိစေဘို့ လက်တွဲခေါ်ယူခဲ့တဲ့ ကျေးဇူးရှင် အိမ်ဦးသခင်နဲ့ ကျမတို့ရဲ့ မင်္ဂလာရက်မြတ်လေး ၂ရက်နိုဝင်ဘာလ ၁၉၈၂ခုနှစ် ရက်တစ်ရက်ဟာလည်း နှလုံးသားထဲမှာ ကမ္ဗည်းထိုးခဲ့တဲ့ ရက်တစ်ရက်ပါ။ ဒီနှစ်ဟာ ကျမတို့ရဲ့ အိမ်ထောင်သက် အနှစ်(၃၀) ပုလဲရတုနှစ်တစ်နှစ်ဆိုလည်း မမှားပါဘူး။

အိမ်ဦးသခင်နဲ့အတူ ကထိန်ခင်းခဲ့စဉ်ကအမှတ်တရ

အပေါ်မှာရေးခဲ့တဲ့ ကျမရဲ့ငယ်ဘဝ တစ်စိတ်တစ်ဒေသနဲ့ အမှတ်တရနေ့လေးတွေကို တဂ်စာကျွေးတဲ့ မောင်နွေလ နဲ့ ဘိုဘိုတို့ကို ဒီလောက်နဲ့ပဲ ကျေနပ်ကြပါလို့ ပြောလိုက်ပါရစေနော်။ ငယ်ဘဝအကြောင်းလေးတွေ 'အချိန် ရရင် ရေးပါလား အစ်မရယ်' လို့ ဆိုတဲ့ ညီမရွှေစင် အတွက်လည်း ဆက်လက်ကြိုးစားပါအုံးမယ်။

လောကလူသားအားလုံး စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေလို့။

မေတ္တာဖြင့်

အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz