x

9.2.12

ပဒေသာပင်မြို့တော်ရဲ့ နံနက်ခင်း


အခုတစ်လော ကျမ ဘလော့တွေကို အလည်သွားဘို့ ပျက်ကွက်နေတာကြောင့် ဘလော့ဂါ မောင်နှမများကို အနူးအညွတ် တောင်းပန်ပါရစေ။ စာဖတ်မိတ်ဆွေ ဘလော့ဂါ မောင်နှမများနဲ့ ဆွေမျိုး မိတ်သင်္ဂဟတို့ ကျမရဲ့ ဘလော့ကို ဖတ်တဲ့အခါမှာ သပ်သပ်ရပ်ရပ်လေး ဖြစ်သွားစေဘို့ ရည်ရွယ်ပြီး တူကလေး ရဲ့စေတနာနဲ့ မွမ်းမံပြင်ဆင် ပေးနေခဲ့တဲ့ အတွက်ပါ။ ဘလော့နဲ့ သက်ဆိုင်သမျှ နည်းပညာတွေကို ကျမ အဆင်ပြေတဲ့ အခါတိုင်း ဖတ်ရှုလေ့လာ ခဲ့ပေမယ့် ပါရမီဓာတ်ခံအားက နည်းတဲ့အတွက် အမြဲတန်း တူကလေးရဲ့ အကူအညီကို ယူခဲ့ရသလို ကျမ ချစ်ခင်ရင်းနှီးရတဲ့ ဘလော့ဂါတစ်ချို့လည်း ကြုံကြိုက်တိုင်း အကူအညီပေးလေ့ ရှိကြတာကို ကျေးဇူးတင်နေပါတယ်။ နောက်တစ်ချက်ကတော့ ကျမရဲ့ ပို့စ်လေးတွေကို လာရောက်ဖတ်ရှုပြီး စာဖတ်သူများ ရေးလာတဲ့ ကွန်မန့်လေးတွေကို Reply လုပ်ရတာလည်း ကျမအနေနဲ့ ပို့စ်တစ်ပုဒ် ချရေးနေရသလို ပျော်ရွှင် ကြည်နူးမိပါတယ်။ ဒါကြောင့်လည်း ကျမပို့စ်ပေါ်က ကွန်မန့်လေးတွေကို ၃-၄ရက်လောက် စုထားပြီးမှ Reply လုပ်ရတာကို ပိုနှစ်သက်ခဲ့တယ်။ ဒါပေမယ့်လည်း ကျမရဲ့ဘလော့ကို ဖွင့်တိုင်းတော့ ကွန်မန့်လေးတွေကို ဖတ်သွားလေ့ရှိပါတယ်။ ကွန်မန့် တစ်ကြောင်းဟာ နောက်ထပ် ပို့စ်တစ်ခု ရေးနိုင်ဘို့အတွက် ကုန်ခမ်းသွားတဲ့ အားအင်ကို ဖြည့်ဆည်း လိုက်သလိုပါပဲ။ ကျမရဲ့ဘလော့မှာ လင့်ခ်တွေ ချိတ်တဲ့အခါ တစ်ချို့လင့်ခ်တွေကို မသိတာကြောင့် မချိတ်ဖြစ်ခဲ့ပါဘူး။ အဆင်ပြေမယ်ဆိုရင် ကျမမသိသေးတဲ့ လင့်ခ်လေးတွေကိုလည်း လိုချင်ပါတယ်။ ဥပမာ Gyidaw ရဲ့လင့်ခ်ကို ကျမခေါင်းမူးအောင် ရှာဖွေခဲ့ပေမယ့် အခုထိ မရသေးပါဘူး။ အလားတူ တစ်ချို့စာဖတ်သူများကို ဘလော့ဂါထင်ပြီး ရှာနေမိခဲ့တဲ့ အကြိမ်ပေါင်း မနည်းတော့ပါဘူးး)။ ဘယ်လိုဖြစ်ဖြစ် အမြဲ လာရောက်အားပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ် ဆိုတဲ့အကြောင်းလေးကို ကျမပြောလိုက်ပါရစေနော်။

ဒီကနေ့ ညနေမှာတော့ ကျမရဲ့ ဘလော့လေးကို ပြင်ဆင်မွမ်းမံလို့ ပြီးစီးသွားပြီလို့ တူကလေးကပြောလို့ စာဖတ်ပရိသတ်တို့ အတွက် အပျင်းပြေ ကြည့်ရှုနိုင်စေဘို့ မနက်တိုင်း ညီမလေးနဲ့ လမ်းလျှောက်လေ့ ရှိတဲ့နေရာတစ်ချို့ကို ထုံးစံအတိုင်း မြင်မြင်သမျှ ရိုက်မိတဲ့ လျှပ်တစ်ပြက်ရိုက်ချက် ပုံလေးတွေအဖြစ် တင်ပေးလိုက်တယ်နော်။ မြူနှင်းလေးတွေကြားမှာ လမ်းလျှောက်ရတာလည်း ကြည်နူးစရာပါ။ လမင်းကြီး သာနေတဲ့ပုံက မနက်မိုးမလင်းခင် ရိုက်ထားတဲ့ပုံ ဖြစ်ပြီး လပြည့်အလွန် ၂ရက်မြောက်တဲ့ တပို့တွဲ လဆုတ် ၂ရက်နေ့က  ရိုက်တဲ့ပုံဖြစ်ပါတယ်။

 










































ပုံလေးတွေကြည့်ပြီးရင်တော့ ရခိုင်မုန့်တီလေးပါ တစ်ပါတည်း သုံးဆောင်သွားကြပါလို့နော်း) ရခိုင်မုန့်တီချက်နည်းကို ပို့စ်ဟောင်းမှာတင်ပြီးပြီမို့ ထပ်မရေးတော့ပါဘူး။ တို့ဟူးကျော်လေးစားပြီး ပုသိမ်ဟာလဝါနဲ့ အချိုတည်းသွားကြပါရှင်။






လောကလူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz