x

13.2.12

အချစ်ထဲကအနှစ်ကိုရှာ



၂-နှစ်ပြည့် မင်္ဂလာသက်တမ်းမှ နှစ်ပေါင်းများစွာချစ်ခင် ကြင်နာနိုင်ကြပါစေ။

ဆိုင်က ကလေးရေးတာ စာလုံးပေါင်းမှားသွားတယ် :P

မဒိုးကပြောခဲ့ဘူးတယ် ‘ဖေဖော်ဝါရီလ ၁၄ ရက်ချစ်သူများနေ့ ဒိုးကန်တို့အိမ်ထောင်သက် ၂နှစ်ပြည့် တဲ့နေ့နော် အဲဒီနေ့ကျရင် ဆုံးမစကားလေး ပြောပေးပါနော် တီနော်း)’ တဲ့။ တောင်းဆိုပုံလေးကလည်း ဖတ်တဲ့သူ ရေးပေးချင်အောင် ပြောလည်းပြော တတ်ပါ့း)။ အဲဒီရက်ကလေးကို ကျမ မေ့လျော့သွားမှာ စိုးလို့ ချက်ခြင်းဆိုသလို ‘ဆောင်ရွက်ရန်များ’ ဆိုတဲ့ ကိုယ့်ကိုယ်ကို သတိပေးတဲ့ မှတ်တမ်းလေးထဲကို ချက်ခြင်း ထည့်မှတ် လိုက်တယ်။ ကျမတို့ အသက်အရွယ်က အသုံးကြာလာတဲ့စက် တစ်လုံးလို သက်တမ်း ကြာလာတာနဲ့ အမျှ နေရာပေါင်းစုံကနေ တစ်ခုခုချို့ယွင်းလာတဲ့ ဇာတိက ပြလာပြီလေ။ မဒိုးနဲ့ ကိုရင့် အတွက် ဘယ်လို ပို့စ်လေး ရေးရင် ကောင်းမလဲ စဉ်းစားခဲ့တာ ၅-ရက်လောက်တော့ ရှိပြီ ဒီကြားထဲ ဘလော့ကို လည်း ပြင်နေတယ် ဆိုတော့ တူကလေးကို ပြောထားရတယ် ဘယ်လိုဖြစ်ဖြစ် ၁၂ရက်နေ့တော့ အပြီး ပြင်ပေးပါလို့လေ။ ၁၃ရက်နေ့ဆိုရင် မတင်မဖြစ်တဲ့ ပို့စ်တစ်ခု တင်စရာရှိလို့ ဆိုပြီး ကြိုတင်ပြောထား ခဲ့တယ်။ တူကလေးကလည်း အချိန်ရရင် ရသလို ဆက်တိုက်ပြင်ပေး ခဲ့တာကြောင့် ၉-၂-၂၀၁၂ ရက်နေ့က ပြင်ပြီးခဲ့တဲ့အခါ အချိန်လေးရသေးတာက တစ်ကြောင်း ပို့စ်အသစ်တစ်ခုကို စမ်းချင်တာက တစ်ကြောင်း အကြောင်းကြောင်းတွေကြောင့် ‘ပဒေသာပင်မြို့တော်ရဲ့ နံနက်ခင်း’ ပို့စ်လေးကို တင်ဖြစ် ခဲ့တယ်း)

ဒီရက်ပိုင်းတွေမှာ မနက်မိုးလင်းပြီဆိုတာနဲ့ အိမ်ဦးသခင် ကျမရဲ့ခေါင်းထဲရောက်မလာပဲ မဒိုးက ရောက်လာသလို ည အိပ်ယာဝင်ခါနီး မဒိုး နောက်တစ်ခေါက် ထပ်ရောက်လာပြန်ရော။ အဲဒီလောက်ကို ဆွဲငင်အားကောင်းတဲ့ မဒိုးပေါ့း) ရေးချင် တဲ့ ပို့စ်လေးတွေကတော့ တစ်ခုပြီး တစ်ခု စိတ်ကူးလို့ရပေမယ့် ပိုပြီးကောင်းမည့် ပို့စ်မျိုးကို ရှာရင်း စာမူကြမ်းလေးတော့ စထားမှဆိုပြီး ၁၁ရက်နေ့မှာ အစပျိုးခဲ့တယ်။ အစပျိုးရုံရှိသေး မီးကပျက်သွားပါလေရော။ ‘ဇာတ်သိမ်းမှာ တိခနဲ ဖြတ်ချလိုက် တာ ဇာတ်ကားကောင်းတုန်း မီးပျက်သွားသလိုပဲ’ လို့ပြောခဲ့တဲ့ ညီမမြသွေးနီနဲ့ ‘ကောင်းခန်းရောက်တော့ မီးပျက်ပါ၏’ ဆိုတဲ့ ဂျက်တို့ကို သွားသတိရလိုက်သေးတယ်း) အဲဒီလိုစိတ်တွေ အာရုံများလာတော့ မီးပြန်လာရင်တော့ ဘလော့တွေကို လည်ပြီး ပို့စ်တွေ ဖတ်မယ်လို့ စိတ်ကူးမိပြန်တယ်။ ပို့စ်တင်မယ်လို့ အစပြုကာမှ တစ်ခါ အာရုံတွေပြန့်ပုံများ အတော်ခက်ပါ့။ ဒီတော့ ပြန့်နေတဲ့ စိတ်တွေကို မနည်းပြန်စုစည်းပြီး ‘ဒီအကြွေးဆပ်လို့ မပြီးမချင်း ဘယ်ပို့စ်မှမဖတ်ဘူး’လို့ စိတ်ကို ဒုံးဒုံးချ လိုက်မှ အေးဆေး တည်ငြိမ် သွားတော့တယ်။ မီးပျက်နေတဲ့ အချိန်လေးမှာ ပန်းကမ္ဘာ ဦးဇင်းဆီကို ဖုန်းဆက်ပြီး ဦးဇင်း ရန်ကုန် ရောက်တုန်းရောက်ခိုက် ကျမလက်ထဲမှာ ရှိနေတဲ့ ဘရူနိုင်းနိုင်ငံမှ အလှူရှင် ဒေါ်မြင့်မြင့်သိန်းရဲ့ အလှူငွေတွေကို ဦးဇင်းနိုင်ငံခြား ပြန်မထွက်ခင် ရန်ကုန်ရောက်ခိုက် လှူလိုတဲ့ အကြောင်း လျှောက်ထားတော့ ဦးဇင်းကလည်း ဒီလ ဦးဇင်း လှူရမှာဖြစ်တဲ့ ကျောင်းတွေကို အရင်စာရင်း လုပ်မှာ ဖြစ်တဲ့ အကြောင်း နောက်ဆုံး အကြိမ် အလှူကိုလည်း အခုထိ ပို့စ် မတင်ရသေးတဲ့ အတွက် အလှူရှင်တွေကို အားနာနေတဲ့ အကြောင်း ဦးဇင်းကပြန်ပြောပါတယ်။ ဒီတော့ ကျမ စဉ်းစားလိုက် တယ် တစ်ချက်ခုတ် နှစ်ချက်ပြတ် အနေနဲ့ ဦးဇင်းရဲ့ဆန္ဒအတိုင်း ပို့စ်တင်လို့ ရအောင်ရယ် နောက်တစ်ချက်က ဦးဇင်းရဲ့ တရားကို နာချင်တာ ရယ်ကြောင့် ဦးဇင်း အားမဲ့ရက်ကို ဆွမ်းစားပင့်ဘို့ လျှောက်ထားတယ်။ စနေ ညနေမှာတော့ ဦးဇင်းက တနင်္ဂနွေနေ့ အားတဲ့အကြောင်း ဆက်သွယ် လာတဲ့အတွက် ကျမရဲ့အိမ်မှာ အလှူလေးတစ်ခု ထမြောက်ခဲ့တယ်။ တနင်္ဂနွေမနက်မှာ အလှူလုပ်တိုင်း မပါမဖြစ်တဲ့ အဒေါ်သုံးယောက် ဦးလေး (အဒေါ် အငယ်ဆုံးရဲ့ခင်ပွန်း)နဲ့ ညီမလေးတို့ စုံတွဲကိုပါ တစ်ပါတည်း လှမ်းဖိတ်ပြီး ကျမဈေး သွားဝယ် လိုက်တယ်။ ဈေးဝယ်က ပြန်ရောက်ပြီ ဆိုတာနဲ့ အိမ်က တူမလေး လေးယောက်စလုံး မနားမနေ ချက်ကြပြုတ်ကြနဲ့ အဲဒီရက်မှာ သားကြီးရဲ့ စာပုံနှိပ် အလုပ်ကလည်း စလည်တော့ သားကြီှးဆီက အကူအညီ မယူတော့ပဲ မနက် ၉နာရီမှာ ညီမလေးနဲ့ ကျမတို့ နှစ်ယောက် ဦးဇင်းကို ရတနာသိင်္ဂီကျောင်းတိုက်မှာ သွားပင့်ကြပါတယ်။





မနက် ၁၀နာရီဝန်းကျင်လောက် အိမ်ကိုပြန်ရောက်လာတဲ့အခါမှာတော့ အဒေါ် ဦးလေး တို့လူစုံတက်စုံ စောင့်နေကြတာ တွေ့ရပြီး ဦးဇင်းရဲ့’အနှစ်သုံးဖြာ ရှာဖွေပါ’ တရားကို နာဖြစ်ကြပါတယ်။ ဦးဇင်းက တရားပြ ကောင်းပေမယ့် ကျမရဲ့ စာအရေးအသားမှာ ထစ်ငေါ့မှုလေးတွေ ဖြစ်နေခဲ့ရင် နားလည်ခွင့်လွှတ်ပေးပါလို့ ဦးစွာပထမ မေတ္တာရပ်ခံ ပါရစေနော်။ ဖြစ်ရ ခဲလွန်းလှတဲ့ လူ့ဘဝကြီးထဲမှာ လူရယ်လို့ ဖြစ်လာရင် လူဖြစ်ရကျိုးနပ်ဘို့ လိုပါတယ်။ အဓိပ္ပါယ်မဲ့ ဘဝကိုဖြတ်သန်းရင်း အဆုံးသတ်ခဲ့ရင် အမည်ခံသာ လူတစ်ယောက်ဖြစ်ပေမယ့် လူဖြစ်ရကျိုးမနပ်ခဲ့တဲ့ လူတစ်ယောက်ပါ။ လူဖြစ်ရကျိုး နပ်စေဘို့ရာ ကျမတို့ အတွက် လိုအပ်ချက်ဖြစ်တဲ့ အနှစ်သုံးခုကို ရှာဖွေရမှာဖြစ်ပါတယ်။ ပထမအနှစ်မှာ ကျမတို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သက်မဲ့အရာဝတ္ထု ပစ္စည်းများကနေ ‘ဒါနအနှစ်’ကို ရယူရမှာဖြစ်ပါတယ်။ ဒုတိယအနှစ်မှာ ခန္ဓာကိုယ်ကနေ ‘သီလအနှစ်’ကို ရယူရမှာဖြစ်ပြီး တတိယအနှစ်ဖြစ်တဲ့ ‘ဘာဝနာအနှစ်’ ကိုတော့ အသက်ကနေ ရယူရမှာဖြစ်ပါတယ်။










ဒါန သီလ ဘာဝနာအစရှိတဲ့ အနှစ်သုံးပါးကို ရှာဖွေတော့မယ်ဆိုရင် အခြေခံအုတ်မြစ် ဖြစ်တဲ့ ဒါနကို စတင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါနဆိုတာ လှူဒါန်း ပေးကမ်း စွန့်ကြဲခြင်းဖြစ်ပါတယ်။ မိမိဝန်းကျင်မှာ ရှိတဲ့ ရွှေငွေ ကျောက်သံ ပတ္တမြား ပစ္စည်းဥစ္စာတို့ကို ပေးလှူခြင်းတစ်ခုသာ ဒါန မမည်ပါဘူး။ မိမိပြုခဲ့သမျှ ကောင်းမှု ကုသိုလ်တွေကို သူတစ်ပါးအား ဝမ်းမြောက်ဝမ်းသာ အမျှပေးဝေခြင်းဟာလည်း ဒါနအရာ မြောက်သလို တစ်ပါးသူရဲ့ ကောင်းမှုကုသိုလ်တွေကို အမျှပေးဝေတဲ့ အခါ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ခြင်းဟာလည်း ဒါနမြောက်ပါတယ်။ သူတစ်ပါးရဲ့ ကုသိုလ်ကောင်းမှုမှာ စိတ်အား ထက်သန်စွာနဲ့ လုပ်အားဒါန ပေးလှူလိုက်ခြင်းဟာလည်း ဒါနမြောက်ပါတယ်။ မိမိရဲ့အိမ်မှ ဘုရားကျောင်းဆောင်အတွင်းရှိ ရုပ်ပွားဆင်းတုတော်ကို သက်တော်ထင်ရှား မြတ်စွာဘုရားလို့ ရည်စူးသတ်မှတ်ပြီး ယုံကြည်မှု သဒ္ဓါတရားတွေနဲ့ အမြဲမပြတ် ဆွမ်းတော်၊ ရေချမ်း၊ ပန်း၊ ဆီမီးဆက်ကပ်ရင်လည်း ဒါနအရာရောက်ပါတယ်။ ထိုဒါနအနှစ်ကို ရှာဖွေဖြည့်စွမ်းနိုင်ပါမှ စားဝတ်နေရေး ပြည့်စုံအောင် အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါနအနှစ်ရဲ့ ရလဒ်မှာ ချမ်းသာကြွယ်ဝတဲ့ စွမ်းအားကို ဖြစ်စေပါတယ်။

သီလအနှစ်ကို ခန္ဓာကိုယ်မှရှာဖွေရမှာဖြစ်ပါတယ်။ သီလဆိုတာ ကိုယ်နှုတ်နှစ်ပါး ကောင်းစွာ ထိန်းခြင်းဖြစ်ပါတယ်။ လူတိုင်း ငါးပါးသီလ ရှစ်ပါးသီလ ကိုးပါးသီလ ဆယ်ပါးသီလ အစရှိတဲ့ သီလများ အနက် ကိုယ်နိုင်သလို လုံခြုံအောင် စောင့်ထိန်း ရမှာပါ။ သီလအနှစ်ကို ရှာဖွေတွေ့ရှိ ထိန်းသိမ်းစောင့်ရှောက် နိုင်ခြင်းရဲ့ အကျိုးရလာဒ်မှာ ကျန်းမာသန်စွမ်းတဲ့ ခွန်အား ကို ဖြစ်စေပါတယ်။ သီလမခိုင်မာလျှင် သာမာဓိ မထူထောင်နိုင်ပါ။ သမာဓိမရှိလျှင် နောက်တစ်ဆင့် ဝိပဿနာ မတက်နိုင်ပါ။ သမာဓိဟာ ကိလေသာနီဝရဏတရားတွေကို ငြိမ်းစေတတ်ပါတယ်။ (နီဝရဏ=ဈာန်မဂ်ဖိုလ်တရားတွေကို ပိတ်ပင်တားမြစ် တတ်သောတရား)။

အရေးအကြီးဆုံး ဖြစ်တဲ့ ဘာဝနာအနှစ်ရဲ့ အကျိုးရလာဒ်မှာ သမထဥာဏ် ဝိပဿနာဥာဏ်တို့ကို ရရှိမည့်ခွန်အားကို ဖြစ်စေ ပါတယ်။ စိတ်ကို ပစ္စုပ္ပန် တည့်တည့်မှာ ထိန်းသိမ်းဖို့အတွက် သမထ ဘာဝနာ၊ ဝိပဿနာ ဘဝနာတွေကို ပွားများ အားထုတ်ရမှာ ဖြစ်ပါတယ်။ အခုလို အားထုတ်ထားမယ် ဆိုရင် ရောဂါဝေဒနာ အပြင်းအထန် ဖိစီးနှိပ်စက် တဲ့အချိန် သေခါနီး အချိန်တွေမှာ ဒေါသဖြစ်နေတဲ့ အကုသိုလ်စိတ်တွေကို ကုသိုလ်စိတ် အဖြစ်သို့ရောက်အောင် ကောင်းစွာ ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ မိမိစိတ်ကို လိုရာ အာရုံကို ပြောင်းရွှေ့ ယူနိုင်ပါတယ်။ သေခါနီး အချိန်တွေမှာ အလွန်အရေးကြီးပြီး လားရာ ဂတိကောင်းစေဘို့ အားထုတ် ထားရပါမယ်။ အထိန်းအကွပ်မရှိတဲ့ သစ်ရွက်လေးတွေ လေတိုက်တိုင်း ကြွေကျတဲ့အခါ လွင့်ချင်ရာလွင့် ကျချင်ရာကျရ ပါတယ်။ အဲဒီလို အထိန်း အကွပ် မရှိတဲ့ စိတ်ဟာ သွားချင်ရာ အာရုံတွေဆီကို သွားနေတဲ့အတွက် အကုသိုလ်စိတ်တွေ အဝင်များတတ်ပါတယ်။ အကုသိုလ်စိတ်တွေ များနေပြန်ရင်လည်း လားရာဂတိဟာ ရောက်ချင်ရာ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ကောင်းတဲ့လားရာဂတိ ရောက်နိုင်ဖို့ မြဲနိုင်ဖို့ သမထ၊ ဝိပဿနာတွေကို အပြင်းအထန် အားထုတ်ထားဖို့ လိုပါတယ်။

လောကီလူသားတို့ရဲ့ အလိုအပ်ဆုံး အတောင့်တဆုံးဖြစ်တဲ့ ကျန်းမာရေး စီးပွားရေး လူမှုရေးတို့ အပြင် လောကုတ္တရာ အတွက်လည်း အနှစ်သုံးဖြာ လိုအပ်တာကို စာဖတ်သူတို့ မပြောပေမယ့် သိနေ လိမ့်မယ်လို့ ထင်ပါတယ်။ တစ်ခါတစ်ရံ ‘သတိမမူ ဂူတောင်မမြင်’ တတ်တဲ့ လူ့သဘာဝမို့ သတိမေ့နေ တာကို ပြန်လည် အသိလေးဝင်ဘို့ မဒိုးနဲ့ကိုရင် တို့ရဲ့ မင်္ဂလာနှစ်ပတ်လည် နှစ်နှစ်ပြည့်မှာ အနှစ်သုံးနှစ် လက်ဆောင်အဖြစ် ဒီပို့စ်လေးနဲ့ ကဗျာလေးတစ်ပုဒ်ပါ တင်ပေးလိုက်တယ်။

လူဖြစ်မရှုံးပါစေနှင့်

ဥစ္စာဓန၊ ပေါကြွယ်ဝလည်း

လောဘစုံမက်၊ မလှူရက်က

ဘဝတွက်တာ၊ လူဖြစ်နာ၏။

ဗုဒ္ဓ သာသနာ၊ ကြုံရပါလည်း

ကောင်းစွာ သီလ၊ မတည်ကြလျှင်

ဘဝတွက်တာ၊ လူဖြစ်နာ၏။

ဗုဒ္ဓတရား၊ ဟောပါငြားလည်း

ပွားများကြိုးကုတ်၊ အားမထုတ်က

ဆုတ်ယုတ်သေချာ၊ လူဖြစ်နာ၏။

သူတော်ကောင်းတရား၊ ရှိပါငြားလည်း

အမှားနှစ်ခြိုက်၊ လမ်းလွှဲလိုက်က

အမိုက်ထိပ်ဆုံး၊ လူဖြစ်ရှုံး၏။

လက်ရှိဘဝ၊ မရှုံးရအောင်

ဒါနသီလ၊ ဘဝနာကို ဖွေရှာကြိုးကုတ်

သိမ်းပိုက်ထုတ်ကြပါကုန်လော့။

[အရှင်နန္ဒာစရိယ(ဝမ်းတွင်း)]

ပန်းကမ္ဘာဆရာတော်ရဲ့ ‘အနှစ်သုံးဖြာရှာဖွေပါ’ တရားတော်ကို အခြေခံပြီး

S.S ခင်မောင်အေးရဲ့ ‘လူဖြစ်ကျိုးနပ်ဖို့ သောတာပန်သို့’ အား မှီငြမ်းကိုးကားခြင်းဖြစ်ပါတယ်။

အန်တီတင့်လည်း အရေးအကြီးဆုံး ဖြစ်တဲ့ ဘာဝနာကို မှန်မှန်ကန်ကန် ပွားနိုင်စေဘို့ရာ ၁၇ရက်နေ့ကစပြီး မိုးကုတ်ဝိပဿနာကျောင်းမှာ (၁၀)ရက်စခန်း ဝင်မှာဖြစ်တဲ့အတွက် ခနပျောက်နေအုံးမှာ ဖြစ်ပါတယ်လို့ စာဖတ်သူများကို ကြိုတင် အသိပေးခဲ့ပါတယ်နော်။

လောကလူသားအားလုံး စိတ်ဓာတ်အစဉ် ကြည်လင်အေးမြကြပါစေ။

မေတ္တာဖြင့်

အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz