1.3.12

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် (တဂ် ပို့စ် )



မနက်ဖြန် မနက်စောစော ပုဂံဘက်ကို နောက်တစ်ခေါက် ခရီးသွားစရာ အကြောင်းလေးတစ်ခု ပေါ်လာလို့ ကျမအနေနဲ့ ခရီးကပြန်ရောက်မှ ပို့စ်သစ်တွေကို ဆက်တင်တော့မယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် မောင်သက်တန့် ရဲ့ “အန်တီတင့်ရေ တဂ်ပို့စ်လေးတဂ်ထားပါတယ်ခင်ဗျ ပြန်ဖြေပေးပါဦးနော်” ဆိုတဲ့ စာသားလေးကို ဖတ်ရ တဲ့အခါမှာ ‘ကိုဇော်’ ပြောတာကို သတိရလိုက်တယ်။ ‘တွေ့တာနဲ့ ကျနော် ဒီလို " ဖတ် " မိပေမဲ့ ဒီလိုတော့ " ဖက် " ထားမိပါသည်’ ဆိုသလိုပါပဲ။ ခရီးထွက်ဖို့အတွက် မပြင်ဆင်ရသေးတဲ့ကျမ တတ်နိုင်သမျှ ဘလော့ဂ် ဘက်ကို ခြေဦး မလှည့်မိအောင် ‘မဖြစ်သေးဘူး’ လို့အကြိမ်ကြိမ် ရှုမှတ်နေခဲ့သော်ငြားလည်း စိတ်များ ဆန်းကြယ်ပုံများ ‘ဒီတစ်ပုဒ်လောက် ဖတ်လိုက်တာ အချိန် မကုန်လောက်ပါဘူး’ ဆိုပြီး ဖတ်လိုက် မိတဲ့ တဒင်္ဂအတွင်း မောင်သက်တန့်ရဲ့ တဂ်ပို့စ်လေးက ကျမကို မရေး ရေးဖြစ်အောင် တွန်းအားပေးလိုက် သလိုခံစားရတဲ့အတွက် ဒီည ဒီတဂ်ပို့စ်လေးကို ရေးဖြစ်ခဲ့ပါတယ်။ နကိုယ်ကမှ တဂ်ပို့စ်ဆိုရင် မြင်တာနဲ့တင် အိနြေ္ဒမဆည်နိုင်လောက်အောင် အသည်းအသန် လိုက်ဖတ်တတ်တဲ့ အကျင့်လေးက ရှိနေတာမို့လည်း စိတ်ကိုအလိုလိုက် အကြိုက်ဆောင်ပေးလိုက်ခြင်းနဲ့အတူ ‘တစ်ခါတစ်လေ အိပ်ရေးပျက်တာလောက် ကိစ္စမရှိပါဘူး နောက်တစ်နေ့ လမ်းမှာအိပ်မှာပေါ့’ ရယ်လို့ ကိုယ့်ကိုယ်ကို အားတောင်ပေးမိ လိုက်ပါတယ်း)။


မြန်မာပြည်မှာ အခြေခံလူတန်းစားဦးရေက အများစုဖြစ်သလို ကျဘန်းအလုပ်ကို လုပ်ပြီး တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေက ဒုနဲ့ဒေးဖြစ်တာကြောင့် ၂-သိန်းဆိုတဲ့ ပမာဏကို တန်ဖိုးနည်းဖုန်းလို့ မမြင်မိ ပါဘူး။

ကိုယ့်ရဲ့အကျိုးအမြတ် ရရှိဘို့ထက် ပြည်သူတွေအပေါ် စေတနာသန့်သန့်နဲ့ အားကြိုးမာန်တက် ဆောင်ရွက် မှုလေးတွေ ဆိုရင်တော့ ဘယ်လိုကြော်ငြာမျိုး ဖြစ်ပါစေ ထောက်ခံ အားပေး ပါတယ်။

စုပေါင်း လက်မှတ်ထိုးပြီး လွှတ်တော်ကို တင်ပြခြင်းကိစ္စမှာ အများစု အဆင်ပြေစေဘို့ အတွက် မိမိတို့ရဲ့ လိုလားချက်ကို တောင်းဆိုမှုတစ်ခုအဖြစ် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ နစ်နာထိခိုက်ခြင်း မရှိတဲ့ တင်ပြခြင်းဖြစ်တယ်လို့ ထင်မြင်ယူဆမိပါတယ်။

လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆက်သွယ်ရေး ကိရိယာလေးမို့ လှိုက်လှိုက်လှဲလှဲကို ထောက်ခံ ကြိုဆို မိပါတယ်။ ကြားဘူးနားဝရှိတဲ့ တစ်ခြားနိုင်ငံများလို ပြည်သူတွေကို ဆင်းကဒ်အခမဲ့ပေးပြီး အသုံးပြုတဲ့ လိုင်းကြေးသာ ကောက်ယူမယ်ဆိုရင် ပိုလို့တောင် ကောင်းပါသေးတယ်လို့ တွေးမိတယ်။

ငါးထောင်တန် ဖုန်းအပေါ် ကျမရဲ့အမြင်ကတော့ တကယ်လို့သာ ဒီအိပ်မက်လေးသာ အကောင် အထည် ပေါ်လာခဲ့ရင် ဆိုတဲ့အတွေးနဲ့တင် ဝမ်းသာပီတိတွေ ဖြစ်နေမိပါပြီ။ သွေးနဲ့ကိုယ် သားနဲ့ကိုယ် တည်ဆောက်ထားတဲ့ လူသားတိုင်းမှာ တူညီတဲ့ ခံစားချက်ဆိုတာ အနည်းနဲ့အများ ရှိကြစမြဲပါ။ အထူးသဖြင့် အသက်ငယ်ရွယ်သူတွေမှာ ငယ်ဂုဏ်မာန် ရှိတာကြောင့် သူများတကာ ဝတ်တာစားတာ မြင်ရင် ကိုယ်လည်း ဝတ်ချင်စားချင်တာ ဓမ္မတာပဲလေ။ အခြေအနေ မပေးလို့သာ ငြိမ်ကောင်း ငြိမ်နေပေမယ့် ဝတ်နိုင် စားနိုင်သူတွေကို ကြည့်ပြီး အားကျမိမှာတော့ အမှန်ပါ။ အလားတူ ငွေကြေး တတ်နိုင်သူတွေက ဖုန်းလေးတွေ ကိုယ်စီအသုံးပြုနေတဲ့အချိန်မှာ တစ်နေ့လုပ်မှ တစ်နေ့စားနေရတဲ့ လူသားတစ်ယောက် အနေနဲ့လည်း အဲဒီဖုန်းလေးကို မလိုချင်ပဲ ရှိပါ့မလား။ ဘယ်လိုပဲဖြစ်ဖြစ် ငါးထောင်တန်ဖုန်းသာ ပေါ်လာမယ်ဆိုရင် တစ်ခြားနိုင်ငံတွေလိုပဲ ကျမတို့နိုင်ငံမှာလည်း သန့်ရှင်းရေးလုပ်နေတဲ့ အဒေါ်ကြီးတွေ ဆိုက်ကားနင်းနေရတဲ့ ဦးလေးကြီးတွေ မုန့်လည်ရောင်း နေရတဲ့ ဈေးသည်တွေအစ ကျောင်းသားလေးတွေအဆုံး အားလုံး ဖုန်းလေးတွေ ကိုယ်စီနဲ့ အသုံးပြုနိုင်ပြီလို့ တွေးရင်းကျေနပ်မိတယ်။

ဒီတဂ်ပို့စ်လေးကို အကောင်အထည်ဖော်ခဲ့တဲ့ မောင်သက်တန့်ရဲ့ စိတ်ဓာတ်ကိုလည်း ချီးကျူးမိပါတယ်။ အများသူငှာတို့အတွက် စဉ်းစားပေးတဲ့ အိုင်ဒီယာလေးကို သဘောကျမိတယ်။ အခုကျမရဲ့ ပို့စ်လေးကို မထင်မှတ်ပဲလာဖတ်သွားတဲ့ ဘလော့ဂါများ ဒီငါးထောင်တန်ဖုန်းနဲ့ ပတ်သက်ပြီး မရေးရသေးဘူးဆိုရင် အန်တီတင့်က တဂ်ပို့စ်လေး ရေးပေးပါလို့ တစ်ခါတည်း လမ်းသင့်တုန်း တဂ်လိုက်ပြီနော်း) မသိချင်ယောင် မဖတ်ချင်ယောင် ဆောင်ပြီး တိတ်တိတ်ကလေး ပြန်သွားမဲ့သူလည်း တစ်ယောက်မှ မရှိဘူးဆိုတဲ့ တီတင့်ရဲ့ ‘အားလုံးအပေါ် ထားတဲ့ ယုံကြည်ချက်လေး’ကို ဆက်ပြီး ရှင်သန်ခွင့် ပေးလိုက်ပါပြီး)

လူသားအားလုံး ကြည်လင်အေးမြတဲ့ စိတ်ဓာတ်ကို အမြဲပိုင်ဆိုင်ခွင့် ရကြပါစေ။

မေတ္တာဖြင့်

အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz