x

7.3.12

ဆယ်ရက်တာအေးချမ်းမှု


ပို့စ်ကြွေးတွေလည်း တင်မယ်စိတ်ကူးရင်း အကြောင်း အမျိုးမျိုးပေါ်လာရင်း မတင်ဖြစ်ရင်း ဒါနဲ့တင် လုံးချာ လိုက်လို့ နေပါတော့တယ်။ နောက်တစ်ချက်က စာရေးတယ် ဆိုရာမှာလည်း စာရေးသူတိုင်း ကိုယ်ချင်းစာ နားလည်ပေးနိုင်မှာပါ စိတ်ထဲက ပေါ့ပါးလွတ်လပ်နေပြီး လိုလိုလားလား ရေးချင်တဲ့စိတ် ပေါ်လာမှရေးရ တာ ပြေပြေပြစ်ပြစ်နဲ့ အစဉ်ချောသလို တစ်ခြား အလုပ်တစ်ခုခု ရှိလို့ နောက်ဆံ တင်းတဲ့အခါမျိုးမှာ စိတ်မပါတဲ့ အချိန်မှာ စာသား တစ်ကြောင်းရေးဖြစ်ဘို့ အတော်လေး ခက်ခဲပါတယ်။



ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့ ညနေ ၄-နာရီမှာ ကျမတို့ညီအစ်မ နှစ်ယောက်နဲ့ အဒေါ်သုံးယောက် ပါရမီလမ်းမှာရှိတဲ့ ရွှေမြင့်မိုရ် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာမှာ ၁၈-၂-၂၀၁၂ရက်ကနေ ၂၇-၂-၂၀၁၂ရက်နေ့ အထိ ဖွင့်လှစ်တဲ့ ၁၇၅-ကြိမ်မြောက် (၁၀)ရက်စခန်း ရိပ်သာကို ဝင်ခဲ့ကြပါတယ်။ အဒေါ်အငယ်နဲ့ ညီမကတော့ နေ့ယောဂီအဖြစ်နဲ့ ဝင်ခဲ့ခြင်းဖြစ်ပါတယ်။ ဝင်တဲ့ညနေ ၆-နာရီမှာ တရားစခန်းဝင် ယောဂီများ လိုက်နာရမည့် စည်းကမ်းချက်တွေနဲ့ နေ့စဉ်အလုပ်ချိန် ဇယားကို ဦးဇင်းတစ်ပါးက မိန့်မှာပါတယ်။




(၁၈)ရက်နေ့ မနက် ၄နာရီမထိုးခင် ၅မိနစ်မှာ မင်္ဂလာရှိပြီး အေးချမ်းတဲ့ ရွှေမြင့်မိုရ် ဆရာတော် ဘဒ္ဒန္တသောဘဏရဲ့ တရားသံနဲ့အတူ ယောဂီအပေါင်းကို နိုးထစေခဲ့ပါတယ်။ ယောဂီတွေကို အခန်းရဲ့ အကျယ်အဝန်းပေါ် မူတည်ပြီး နှစ်ယောက်တစ်ခန်း သုံးယောက်တစ်ခန်း နေစေပါတယ်။ မနက် ၄နာရီခွဲ ကနေ ၅နာရီခွဲအထိ တရားထိုင်ရပါတယ်။ ယောဂီအသစ်တွေ တရားထိုင်နည်း စနစ်တကျနဲ့ မှန်ကန်စေဘို့ အတွက်လည်း သင်တန်းမစခင်ညမှာ ကြိုတင်ပြောထားပြီး ဖြစ်ပါတယ်။ တစ်နေ့ကို (၄)ကြိမ် တရားနာ၊ (၄)ကြိမ် တရားထိုင်ရတာ ဖြစ်ပြီး ယောဂီအသစ်တွေ အတွက် ညစဉ် ည၈နာရီကနေ ၉နာရီအထိ ကမ္မဌာနာစရိယ ဆရာတော်ဘုရားက ပဋိစ္စသမုပ္ပာဒ် သင်တန်း(၅)ရက် ပို့ချပေးပါတယ်။


မနက် ၆နာရီကနေ ၇နာရီအထိ အာရုဏ်ဆွမ်း စားရပြီး မနက် ၇နာရီကနေ ၈နာရီအထိ တရားထိုင်ရပါတယ်။ ၈နာရီကနေ ၉နာရီအထိ နားချိန်မှာ ရေချိုးကြရပြီး ၉နာရီမှာ ဆရာတော်က သီလပေးပြီး ဆရာတော်ရဲ့ တရားကို နာရပါတယ်။ မနက်စာကို ၁၀နာရီခွဲကနေ ၁၂နာရီခွဲအထိ စားပြီး အနားယူကြရပါတယ်။ အနားယူနေစဉ်မှာ ယောဂီများ စုဝေးစားသောက်ခြင်း စုဝေးစကားပြောခြင်းမျိုး မပြုလုပ်ကြစေဘို့ သတိပေးလေ့ရှိပါတယ်။







နေ့လည် ၁၂နာရီခွဲကနေ ၁နာရီခွဲအထိ မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ အသံသွင်း တရားတော်ကို နာရင်း တရားထိုင်ရပါတယ်။ နေ့လည် ၂နာရီကနေ ၃နာရီအထိ တရားထိုင်ရပါတယ်။ ညနေ ၃နာရီခွဲကနေ ၄နာရီခွဲအထိ ကမ္မဌာနာစရိယ ဆရာတော်ရဲ့ တရားတော်ကို နာယူရပါတယ်။ ၅နာရီခွဲကနေ ၆နာရီခွဲအထိ တရားထိုင်ရပြီး ည ၇နာရီကနေ ၈နာရီအထိ ဆရာတော်ဘုရားကြီးရဲ့ အသံသွင်းတရားတော်ကို နာရင်း တရားထိုင်ရပါတယ်။ ၈နာရီပြီးရင်တော့ တစ်နေ့တာအတွက် အချိန်ဇယား ပြီးဆုံးပြီမို့ ယောဂီအသစ်များက လွဲပြီး ကျန်ယောဂီများ အားလုံးကိုယ်စီ မိမိအခန်းကို ပြန်ကြရပါတယ်။ ယောဂီအသစ်များက ပဋိစ္စသမုပ္ပာဒ် သင်တန်းကို ည၉နာရီအထိ ဆက်တက်ကြရပါတယ်။ အိပ်ခါနီးမှာတော့ ရွှေမြင့်မိုရ် ဆရာတော်ဘုရားရဲ့ ‘အိပ်ယာဝင် အလုပ်ပေးတရား’ ကို နာရပြီး တစ်နေ့တာအတွက် ပြီးဆုံးသွားပါတယ်။


ကျမအတွေ့အကြုံ

နည်းမှန်လမ်းမှန် စနစ်တကျနဲ့ တရားထိုင်ခြင်းဟာ စိတ်သက်သာမှုအတွက် ထိရောက်မှု ရှိတယ်လို့ ကျမ ထင်မြင်မိပါတယ်။ တရား စထိုင်ပြီး မိနစ်အနည်းငယ် ကြာလာတဲ့အခါ ညောင်းညာပြီး ထုံကျင် လာတာဟာ ဖြစ်လေ့ဖြစ်ထ ရှိတတ်သလို ခန္ဓာကိုယ်ပေါ်မှာ အကောင်လေးတွေ ကိုက်နေသလို စူးစူးရှရှ ခံစားချက်မျိုး အကောင်လေးတွေ တစ်ရွေ့ရွေ့သွားနေသလို ယားယံတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အဲဒီခံစားချက်တွေကို တစ်ခုမကျန် လိုက်ပြီးရှုမှတ်ရင်း သည်းခံ ကျော်လွှားနိုင်ရင် အချိန်ကြာလာတာနဲ့အမျှ စိတ်တည်ငြိမ်မှုလည်း ပိုအားကောင်းလာပါတယ်။ ဝေဒနာကို ရှုတဲ့အခါမှာလည်း ဒုက္ခဝေဒနာမျိုး ခံစားရှုမှတ်ရသလို သုခဝေဒနာမျိုးလည်း ခံစားရှုမှတ်ကြရပါတယ်။ ‘ဝင်လေသိ ထွက်လေသိ’ကို ရှုမှတ်ရာကနေ ‘တရားရှာ ကိုယ်မှာတွေ့’ ဆိုသလို ခန္ဓာကိုယ်ပေါ်က ဖြစ်မှုပျက်မှုတို့ကို စဉ်ဆက်မပြတ် ရှုမှတ်ရင်း စိတ်တို့ကို စုစည်းလာနိုင်ပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်မှုပျက်မှု အစုစုဟာ ဖောက်ပြန်တတ်မှု ရုပ်အစုဖြစ်ပြီး ‘ငါ’ ဆိုတဲ့နာမ်နဲ့ ရုပ်ကို ခွဲထုတ်နိုင်ရမှာပါ။ ဖောက်ပြန်နေတဲ့ ရုပ်အစုဟာလည်း မမြဲတဲ့ သဘောတရားမို့ ဖြစ်ပြီး ပျက်လေ့ရှိတာကို ရှုမှတ်ရင်း သတိထားမိလာပါတယ်။ ဖြစ်မှုပျက်မှုဟာ စဉ်ဆက်မပြတ်ဖြစ်နေတာမို့ အဟောင်းများချုပ်ရာမှာ အသစ်များအစားထိုးပြီး ဖြစ်ခြင်းပျက်ခြင်း ဆက်တိုက် ဆိုသလိုဖြစ်နေတာကို သိဘို့လိုအပ်ပါတယ်။ ဝေဒနာ တာရှည်စွာ ရှုမှတ်နေရတဲ့အခါမျိုးမှာလည်း တသမတ်တည်း ဖြစ်နေခြင်း မဟုတ်ပဲ ဖြစ်ခြင်း ပျက်ခြင်း အစားထိုးခြင်းများ ဆက်တိုက်ဖြစ်ပေါ်နေတာကို သတိ ကပ်ထားရမှာပါ။

အိပ်ယာမှ နိုးထချိန်က အစပြုပြီး တရားထိုင်ပြီးချိန် တရားနာပြီးချိန် ထမင်းစားချိန် အားလပ်ချိန်များ အိပ်ယာဝင်ချိန် အထိ ကိုယ့်ရဲ့လှုပ်ရှားမှုများ အပေါ်အမြဲ နှလုံးသွင်းပြီး ရှုမှတ်နေရပါတယ်။ မနက် အာရုံဆွမ်းနဲ့ နေ့လည်းနေ့ဆွမ်း အလှူရှင်က နေ့စဉ်ရှိပြီး ကျမရိပ်သာဝင်နေစဉ် (၁၀)ရက်မှာ သိမ်ဆင်းလောင်းခွင့် နှစ်ကြိမ်တိတိ ကြုံခဲ့ပါတယ်။ ကြည်နူးစရာ အလွန်ကောင်းပါတယ်။












တရားထိုင်တာကို ကျမနှစ်သက်သလို ဆရာတော်တွေရဲ့ တရားတွေနာရတာကိုလည်း သဘောကျတယ်။ တရားရိပ်သာက ပြန်ရောက်တဲ့အချိန်မှာ အိမ်မှာရှိတဲ့ မိသားစုကို ကျမရဲ့ အတွေ့အကြုံကို လက်ဆင့်ပြန်ကမ်းခဲ့ပြီး အလုပ်စဉ်အတိုင်း ကျင့်ကြံအားထုတ် နိုင်စေဘို့ ဓမ္မဒါန လုပ်ခဲ့တယ်။ အခုတော့ တစ်အိမ်သားလုံး ညတိုင်းဝတ်ရွတ်ပြီးရင် ရှုမှတ်ရင်း တရားအားထုတ် နေကြပါပြီ။ အခွင့်အခါပေးတုန်း ဝင်ခွင့်ရခဲ့တဲ့ တရားရိပ်သာလေးမှာ ဆယ်ရက်တာ အေးချမ်းမှုကို အပြည့်အဝရခဲ့တယ်ဆိုတာ ကျမပို့စ်ကို လာဖတ်တဲ့ မိတ်ဆွေတို့ကို လက်ဆင့်ကမ်း ပြောခဲ့ပါရစေနော်။
လူသားအားလုံး ကြည်လင်အေးမြတဲ့ စိတ်ဓာတ် အမြဲပိုင်ဆိုင်ခွင့် ရကြပါစေ။

မေတ္တာဖြင့်

အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz