x

12.3.12

အပြုံးနဲ့အဆုံးသတ်ရက်များ




ဒီကနေ့တော့ အချိန်လေးယူပြီး ပို့စ်တစ်ပုဒ်တင်မယ်လို့ မနက်စောစောက စဉ်းစားထားတဲ့အတိုင်း မနက်ပိုင်းလုပ်စရာ အလုပ်ကလေးတွေပြီးတော့ အွန်လိုင်းပေါ်ရောက်လာတယ် ထုံးစံအတိုင်း အရင်ဆုံး ဝင်မိတာက Face book မှာ မွေးနေ့ရှင်တွေ ဘယ်သူရှိလဲ ရှာကြည်ပြီး နှုတ်ဆက်တယ် နောက်တော့ AaB (All about Bolggers) စာမျက်နှာမှာ ရှိတဲ့ ကွန်မန့်လေးတွေကို လိုက်ဖတ်တယ်။ ဒါကနေ့စဉ် လုပ်ရိုး လုပ်စဉ်လေးပေါ့။ Face book စာမျက်နှာပြီးရင်တော့ ဘလော့ဘက်ကို တစ်ခါခြေဦးလှည့်တယ်။ ဘလော့ ရွာကြီးထဲကို ကျမ ခြေအစုံပစ်ဝင်ပြီးတဲ့နောက်တော့ ပြန်ထွက်ဘို့ မလွယ်တော့တာ အမှန်ပဲ တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်ရှင်က ကြိုက်မကြိုက် သတိမထားမိပဲ တစ်ခါတစ်ရံ စိတ်ထဲရှိတဲ့ ကွန်မန့်တွေ ရေးခဲ့ မိတယ်။ တကယ်တော့ အပြုသဘောရေးတာပါ အရေးမတတ်လို့ အံချော်ခဲ့ရင် နားလည်ပေးဘို့ ဒီပို့စ် ကနေပဲ ဘလော့ဂါများကို မေတ္တာရပ်ခံပါတယ်နော်။ ကိုယ်က သုံး လေးကြိမ် ကွန်မန့်တွေပေးပြီး တုန့်ပြန်မှု မလာတဲ့အခါမှာ ကိုယ်ရေးတာ ဘာအမှားတွေများ ပါသွားသလဲလို့ တွေဝေမိတယ် (အဲဒီလိုဖြစ်လာတဲ့ ‘မောဟ’ကို ‘အမောဟ’ပြန်လုပ်ရတာလည်း အကြိမ်ကြိမ်ပါး)) တကယ်တော့ ကျမဘလော့ရွာထဲကို ဝင်လိုက်ပြီ ဆိုတာနဲ့ ကျမရဲ့ ဘလော့ထဲမှာ တင်ထားသမျှ ဘာသာရေးပို့စ်တွေက အစ နည်းပညာ သုတရသ အဆုံး လင့်ခ်တွေ အကုန်လုံး တစ်ပုဒ်ချင်း လိုက်ဖတ်လေ့ရှိပါတယ်။ ဖတ်နေရင်း အလုပ်ပေါ်လာရင်လည်း လုပ်စရာရှိတဲ့ အလုပ်ကိုသွားလုပ်ပြီး အားတာနဲ့ အခုနက ရောက်တဲ့နေရာကနေ ဆက်ဖတ်တာ ကျမရဲ့လုပ်ရိုးလုပ်စဉ် တစ်ခုလိုဖြစ်နေပါတယ်။ ကွန်မန့်တွေ မရေးဖြစ်ခဲ့တဲ့တိုင် ဘလော့တိုင်းလိုလိုကိုတော့ ကျမခြေဆန့်လေ့ရှိပါတယ်။

ဒီကနေ့ရေးချင်တဲ့ ပို့စ်လေးနဲ့ ပတ်သက်ပြီး အာရုံရလာရခြင်းကတော့ မနက်ပိုင်းက AaB စာမျက်နှာရဲ့ ကွန်မန့်တွေမှာ Victor Feng ရဲ့ “မိခင်ခေါင်းစဉ်ဖြင့်ပုံတစ်ပုံတင်ပါ” (၁၀)မှတ်။ ဆိုတဲ့စာကြောင်းကို ဖတ်မိတဲ့အခါ ကွယ်လွန်သွားပြီဖြစ်တဲ့ ကျမရဲ့ မိခင်ဓာတ်ပုံကို ချက်ခြင်းဆိုသလို တင်ခဲ့တယ်။ AaB စာမျက်နှာမှာ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးချစ်ခင်စွာနဲ့ အချင်းချင်း စကြနောက်ကြ ဗဟုသုတတွေ ဖလှယ်ကြ ကိုယ်စားသောက်မဲ့ အစားအစာလေးတွေကို မျှဝေပေးကြနဲ့ ကြည်နူးစရာကောင်းတဲ့ အဖွဲ့အစည်းလေး တစ်ခုအနေနဲ့ ကျမမြင်မိတယ်။ အချိန်ရရင် ကိုယ်လည်းဝင်ပြော အချိန်မရရင်တာ့ အချင်းချင်း နောက်ပြောင်တာလေးတွေကို လိုက်ဖတ်ရင်းပေါ့။ တစ်ခါတစ်ရံ အားလုံးကို တဂ်တဲ့ သဘော တစ်ခုခု ရေးခိုင်းတာမျိုး ရှိပါတယ်။ ဓာတ်ပုံတင်ပြီးတဲ့အခါ နောက်ဆက်တွဲအနေနဲ့လည်း ကျမရဲ့ မိခင်နဲ့ ပတ်သက်ပြီး အတွေးလေးတွေ ဆက်တိုက်ဝင်လာတယ်။ မကြာသေးမီက ကျမဝင်ခဲ့တဲ့ တရားစခန်းမှာ ဆရာတော်များ ဟောကြားတော်မူတဲ့ တရားတွေရဲ့ ဆက်စပ်မှုလေးတွေကိုလည်း အတွေးနယ်ချဲ့မိတယ်။ တိုတောင်းတဲ့ လူ့ဘဝကြီးထဲမှာ လောကလူသားတွေဟာ ဝမ်းတစ်ထွာကို အကြောင်းပြုပြီး လောဘ တိုက်ကြတယ်။ လောဘကို လောဘမှန်း မသိတော့ ဒေါသတွေ ရော ယှက် လာပြန်တယ် တစ်ခါ မောဟ ဖုံးလွှမ်းကြတယ်။ လောဘကို အလောဘ အဖြစ်၊ ဒေါသကို အဒေါသအဖြစ်၊ မောဟကို အမောဟ အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိတဲ့ တစ်ခုတည်းသော လမ်းကတော့ မဂ္ဂင်လမ်းမှန်ပေါ် လျှောက်ဘို့ပဲလို့ ကျမ သုံးသပ်မိတယ်။ လောကီရေးရာ အဖြာဖြာမှာ မရှိမဖြစ်တဲ့ လောဘလည်း အစွန်း မရောက်စေပဲ အတိုင်း အတာတစ်ခု အထိတော့ ရှိရမယ်ဆိုတာ လက်ခံပေမယ့် လောဘကို လောဘမှန်းသိ၊ ဒေါသကို ဒေါသ မှန်းသိ၊ မောဟကို မောဟမှန်း သိဘို့ လိုပါတယ်။ အဲဒီလို သိလာရင် ကိုယ့်စိတ်ကို ထိန်းနိုင်ခွင့် ရလာတာနဲ့ အမျှ အကြောင်း အကျိုး အကောင်း အဆိုးကို ခွဲခြမ်း စိတ်ဖြာလာနိုင်မှာပါ။

လူ့ဘဝကြီးထဲမှာ ကျမတို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံးကို လက်ညှိုးထိုးပြီး ရွေးချယ်လို့ ရကောင်း ရလိမ့်မယ် ဒါပေမယ့် တစ်ဦးတစ်လေမှ ရွေးချယ်ပိုင်ခွင့်မရှိတာကတော့ သေချင်းတရားပါပဲ။ ဘယ်နေ့ ဘယ်ရက် ဘယ်အရပ်ဒေသမှာ ဘယ်လိုပုံစံနဲ့ ဘဝကို ကျောခိုင်းရမယ် ဆိုတာကို ဘယ်လိုပုဂ္ဂိုလ်မှ အတိအကျ မသိနိုင်ပါဘူး။ ဒီတော့ သန်းပေါင်းများစွာ ရပ်တည်နေတဲ့ ကမ္ဘာ့ရွာကြီးထဲမှာ ကံထူးကြလို့ ပဌာန်းဆက်ပါပြီး တစ်ယောက်နဲ့ တစ်ယောက် ဆုံဆည်းခွင့်ရှိတာကို တန်ဘိုးထားသင့်ပါတယ်။ တစ်အူတုံ ဆင်း မောင်နှမ အရင်းများတောင်မှ သဘောထား ကွဲလွဲမှုလေးတွေ ရှိနေကြလေတော့ သွေးမတော် သားမစပ် လူသားအချင်းချင်း ခံယူချက်ခြင်း မတူညီတာက အစပြုလို့ စိတ်အခန့် မသင့်တဲ့အခါ ပြဿနာတွေ တက်ကြတာ အဆန်းတော့မဟုတ်ပါဘူး။ ပြဿနာတစ်ခုရဲ့ ဦးတည်ချက် အရင်းအမြစ် အတိမ်အနက်ကို သူ့ရှုထောင့်နဲ့သူ ကြည့်ရင်တော့ နှစ်ဖက်စလုံး အမှန်ချည်းပါပဲ။ ကိုယ်ပိုင်တွေးခေါ်တဲ့ ဦးနှောက်ရဲ့အဖြေ မို့လည်း နှစ်ဖက်စလုံးအမှားမဟုတ်ပဲ အမှန်တွေချည်းဖြစ်နေတာပါ။ ဒီလိုခံယူချက်မျိုးကို ခံယူတတ်အောင် ကျမဖေဖေက ကျမတို့မောင်နှမတစ်တွေကို သင်ကြားပေးခဲ့ခြင်းဖြစ်ပါတယ်။ အရင်ပို့စ်ဟောင်းလေးတွေ မှာလည်း ကျမရေးခဲ့ဘူးပါတယ်။ ကျမတို့မောင်နှမ ၈-ယောက် (ကျမမေမေနဲ့ ၄-ယောက် နောက်မေမေနဲ့ ၄-ယောက်) စုစုပေါင်း ၈-ယောက်ဟာ ဒီအသက်အရွယ်ထိ တစ်ယောက်နဲ့ တစ်ယောက် တစ်ကြိမ်တစ်ခါမျှ ခွန်းကြီးခွန်းငယ် ရန်ဖြစ်တာမရှိခဲ့သလို အထက်သားသမီး အောက်သားသမီး ဆိုတဲ့ အစွဲလဲမရှိကြပဲ တစ်ယောက်နဲ့ တစ်ယောက် အခုအသက်အရွယ်အထိ တန်းတူ ချစ်နေကြဆဲပါ။ အလားတူပဲ ပြင်ပဝန်းကျင် မှာလည်း ကိုယ့်ဖက်ကအမှားမဖြစ်အောင် ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး ဘဝကို ရှင်သန်ခဲ့ကြ ပါတယ်။ တစ်ဦးပေါက်တစ်ယောက်ထွန်းဆိုသလို ၈-ယောက်ထဲမှာ တစ်ယောက်တော့ ဆိုးတာလေး ပါလာတယ်း)။ ဒါပေမယ့် သူ့ရှုထောင့်ကကြည့်တော့လည်း သူမှန်တယ်လို့ပဲယူဆတာ သဘာဝပါ။
ကျမ သိတတ်တဲ့အချိန်အခါ ငယ်စဉ်ဘဝ အသက်အရွယ်ကစလို့ အခုအချိန်အထိ နောင်တဆိုတာကို မခံစားချင်ခဲ့တဲ့အတွက် အကောင်းဆုံးဖြစ်အောင် သက်တမ်း တစ်လျှောက်လုံး ကြိုးစားခဲ့ပါတယ်။ မိဘ မောင်နှမ ဆွေမျိုး မိတ်ဆွေ မိသားစုကအစ အားလုံးနဲ့ပတ်သက်ပြီး ကျမရဲ့ စိတ်ရင်းစေတနာနဲ့ အရှိကိုအရှိအတိုင်း ပေါင်းသင်းဆက်ဆံခဲ့ပေမယ့် လူဆိုတာ ကိုယ့်အားနည်းချက်ကိုယ် မသိတဲ့သူဆိုတော့ ကျမမှာလည်း ကိုယ်တိုင်မမြင်နိုင်တဲ့ ချို့ယွင်းချက်တွေ ရှိနေမှာအသေအချာပါ။ အဲဒီ ချို့ယွင်းချက်တွေ ဟာလည်း တမင်တကာ ဖန်တီးလိုတဲ့စိတ်နဲ့ ရည်ရွယ်ပြုလုပ်ချင်းမဟုတ်ပါဘူး။ အမှားကို အမှန်ထင်လို့ ပြောမှား ဆိုမှားတဲ့ အမှားမျိုးသာဖြစ်ပါတယ်။ အခုအချိန်မှာတော့ တရားသဘောတွေ တစ်စိတ် တစ်ဒေသ နားလည်လာတာမို့ အရင်ထက်ပိုပြီး ဆင်ခြင်လာပါတယ်။ ကျမမေမေဟာ အသက်(၂၉)နှစ်နဲ့ ဘဝကိုကျောခိုင်းခဲ့ပေမယ့် သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လူတိုင်းကို အပြုံး လက်ဆောင်တွေ ဝေပေးနေကျမို့ ထင်ပါရဲ့ အတိတ်ကံ အကျိုးပေးကြောင့် အသက်(၂၉)နှစ်နဲ့ ဘဝကို အဆုံးသတ် ခဲ့ရပေမယ့် သေဆုံးတဲ့ အချိန်မှာ သေပန်းပွင့်တယ်လို့ ဖေဖေနဲ့အဒေါ်တွေ ပြောတာကို ကျမကြားဘူးတယ်။ အဲဒီအချိန်က နားမလည်တဲ့ အတွက် သေပန်းပွင့်တယ်ဆိုတာ ဘာကိုပြောတာလဲလို့ ကျမရဲ့ ဖွားဖွားကိုမေးတော့ ပြုံးသေ၊သေတာကို ပြောတာလို့ ဖြေပါတယ်။ မကွယ်လွန်မီ သူ့ရဲ့လက်ရှိ ဘဝမှာ အကောင်းဆုံး ရပ်တည်ခဲ့တဲ့ ကျမမေမေ့မှာ ဝဋ်ကြွေးများ ရှိခဲ့ရင်လည်း ဒီဘဝမှာတင် ကျေပါစေတော့ ရယ်လို့ တောင်းဆု အခါခါ ပြုခဲ့မိသလို ကျမရဲ့မွေးနေ့ဖြစ်တဲ့ ၁၈ရက်နေ့ ဧပြီလရောက်တိုင်း မေမေဆုံးခဲ့တဲ့ ရက်မို့ မေမေ့ အတွက် ရည်စူးပြီး အလှူအတန်းလေးတွေ မမေ့မလျော့ လုပ်စမြဲပါ။ ဒီနှစ်တော့ ကျမ (၁၀)ရက်စခန်း ဝင်ခဲ့တဲ့ ရွှေမြင့်မိုရ် မိုးကုတ် ဝိပဿနာကျောင်းမှာ စခန်းဝင်နေတဲ့ ယောဂီတွေကိုပါ ကျွေးချင် တာမို့ အလှူလေး လုပ်ဘို့ စိတ်ကူးခဲ့ပေမယ့် အဲ့ဒီရက်နေ့က အလှူရှင်ရှိနေတာကြောင့် လွတ်တဲ့ရက်ဖြစ်တဲ့ (၆)ရက် ဧပြီလမှာ အလှူလုပ်ဘို့စီစဉ်ထားပါတယ်။
သမုဒ္ဒရာ ဘဝရေပြင်ကြီးထဲမှာ လောကဓံ လှိုင်းလုံးကြီးတွေရဲ့ ရိုက်ပုတ်မှုဒဏ်ကို အရှုံးမပေးပဲ အလူးအလှိမ့် ကြံ့ကြံ့ခံရင်း မိမိဘဝ ရှင်သန်ရေးအတွက် ခရီးဆုံးမရောက်မချင်း ကံ ဉာဏ် ဝီရိယ ဆိုတဲ့ လှော်တက်တွေ နဲ့ လှော်ခတ်နေတဲ့ လောက လူသားများ အားလုံး တိုတောင်းတဲ့ ဘဝခရီးလမ်း တစ်လျှောက်မှာ မမြဲတဲ့ မာန် မာနတွေနဲ့ အတူ လောဘ ဒေါသ မောဟတွေကို တစ်ဖက်စွန်း မရောက်စေပဲ တစ်ဦးနဲ့တစ်ဦး နေမဝင်ခင် အချိန်လေးမှာ နောင်တတရားတွေကို ပယ်ရှားနိုင်ရင်း အပြုံးနဲ့ အဆုံးသတ်နိုင် ကြပါစေ။
ဗုဒ္ဓ၏သြဝါဒ
ဒုက္ခသင့်ရှေ့၊ ငိုဖို့တွေ့လည်း
ခန္ဓာရှိ၍၊ ဆင်းရဲခြင်းမှတ်
သုခသင့်ရှေ့၊ ရယ်ဖို့တွေ့လည်း
ခန္ဓာရှိ၍၊ မမြဲခြင်းမှတ်၊
ဒုက္ခသုခ အမှန်မမြဲ
အိုကွဲ နာကွဲ သေကွဲမှန်သည်။
အနိစ္စ၊ ဒုက္ခ၊ အနတ္တပါတကား။
ဥပေက္ခာပွားပါ။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။


မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz