x

19.3.12

ဆန္ဒတွေမစောကြပါနဲ့ တဂ်ပို့စ်


 စပယ်ပန်းနဲ့လိပ်ပြာလေး လျှပ်တစ်ပြက်ရိုက်ချက်း)














 ခြံအဝမှာစက္ကူပန်းဖြူတွေနဲ့အလှလုပ်ထားတာမြင်ရင်ဝင်သာလာခဲ့နော် :P

မနက်က ညီမလေးနဲ့ လမ်းလျှောက်ရာက အိမ်ပြန်ရောက်တော့ လုပ်ရိုးလုပ်စဉ် အတိုင်း အိမ်မှာစိုက်ထားတဲ့ ပန်းပင်ကလေးတွေ လိုက်ကြည့်ရင်း စိတ်ထဲမှာ ကြည်နူးအေးချမ်းမှုကို ရခဲ့တယ်။ ကျမလို တူညီတဲ့ ခံစားချက်မျိုး တဒင်္ဂဖြစ်စေ စာဖတ်သူတို့ကိုလည်း ရစေချင်တဲ့ ဆန္ဒကြောင့် ပန်းလေးတွေနဲ့ နိဒါန်းစလိုက်ပြီ။ အချိန်လေး အားလို့ကွန်ပျူတာနဲ့ မျက်နှာချင်းဆိုင် ထိုင်မိတဲ့အခါ ပို့စ်တွေလိုက်ဖတ်ရင်း အရှိန်လွန်ပြီး ပို့စ်ရေးတဲ့စခန်း မရောက်သေးပဲ အချိန်အတော်လေး ကုန်သွားခါမှ တဂ်ပို့စ် အကြွေးလေးတစ်ခု ဆပ်ဘို့ ရှိသေးတယ်ဆိုတာ ဖြတ်ကနဲ အတွေးထဲ ဝင်လာတယ်။ မောင်ချစ်သူမောင်ရဲ့ ‘ဆန္ဒတွေမစောကြပါနဲ့’ တဂ်ပို့စ်လေးပါပဲ။ မောင်ချစ်သူမောင်က ဖဘမှာ ‘အန်တီတင့်ရေတဂ်ပို့စ်ပါ Tag ပါတယ်ခင်ဗျ’ လို့ ပြောတုန်း က ချက်ခြင်း ရေးပေးပို့ပါပဲ။ ဒါပေမဲ့ အမှန်ပြောရရင် ဘယ်ကစလို့ စရေးရမယ်မှန်း မသိလေတော့ ဝါရင့် ဘလော့ဂါတို့ ရေးတာလေးတွေကို လေ့လာခဲ့တယ်။ ဦးဟန်ကြည်အိမ်ကို အလည်သွားပြီး စနည်းနာခဲ့ ပါသေးတယ်။ ဦးဟန်ကြည်လို မရေးတတ်ပြန်တော့ ဟိုတွေးသည်တွေးနဲ့ အစဖေါ်မရခဲ့ပြန်ဘူး။ မနေ့မနက်ကတော့ ရိပ်သာမှာ နေ့ယောဂီစာရင်းပေးထားတာမို့ တရားသွားနာဘို့ အိမ်ကထွက်လာတဲ့အခါ လှိုင်သာယာကနေ သမိုင်းလမ်းဆုံဘက်ကို သွားတဲ့လိုင်းကား နှစ်စီးအပြိုင် အဆိုင် မောင်းနေတာကို မြင်ရ တယ်။ စိတ်ထဲကနေ ‘အော်… ဆန္ဒတွေစောနေကြတာပါလား အဲဒီကားတွေထဲမှာ လိုက်ပါနေရတဲ့ ခရီးသည်တွေ ကတော့ ဆီးဖြူသီးလေးတွေကို စကော ထဲမှာလှိမ့်နေသလိုပါလား’ လို့တွေးရင်း တဂ်ပို့စ်လေး အတွက် အထောက်အကူ ဖြစ်ခဲ့ပါတယ်။

လူ့စိတ်ဆိုတာလည်း ဆန်းကျယ်သားကလား။ တစ်ခုခုကို လိုချင်တပ်မက်လာပြီဆိုရင် အတ္တဆန်လာတတ် ကြတယ်။ မရမချင်း နည်းအမျိုးမျိုးနဲ့ ကြိုးစားချင်တာ လူ့သဘာဝပါ။ ဘယ်လိုဖြစ်ဖြစ် ကိုယ့်ရဲ့ အတ္တ ဆန်မှုကြောင့် တစ်ပါးသူကို ထိခိုက် နစ်နာစေတာမျိုးတော့ မဖြစ်သင့်ပါဘူး။ တစ်ချို့လည်း နောင်တနဲ့ ကိုယ့်အမှားကို ပြုပြင်ကြလို့ ကောင်းသွားတဲ့သူတွေ ရှိသလို မကောင်းတာကို မကောင်းမှန်းသိရက်နဲ့ ဆက်ပြီး မိုက်တွင်းနေကြသူတို့ကြောင့် နစ်နာသွားသူတွေ ဒုနဲ့ဒေးပါ။ ဘာဖြစ်လို့ ဆန္ဒတွေစောနေကြတာလဲ အချိန်တန်ရင် ကိုလိုရာ ခရီးကရောက်မှာပဲ မဟုတ်လား။ လူထဲကလူတွေ အကြောင်းနဲ့ ပတ်သက်ပြီး စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေး ရေးထားတဲ့ ‘လူ့ဘဝ လူ့အဓိပ္ပာယ်နှင့် လူသာပဓာန’ ဆိုတဲ့စာပေမှာ တရားသဘောနဲ့ ယှဉ်ပြီး ရေးထားတာလေးကို သတိရမိတယ်။

ဒဿနတွေတော့ ကျမ မပြောတတ်ပါဘူး ကျမအတွေးကိုပဲ ဖွင့်ဟပြောပြရရင် လူရယ်လို့ဖြစ်ခွင့်ရှိတဲ့ ကျမတို့တစ်တွေ ကိုယ့်ရဲ့တိုးတက်မှု ဆုတ်ယုတ်မှု အောင်မြင်မှု ကျရှုံးမှု အကြောင်းအကျိုး အကောင်း အဆိုးကို ကံကြမ္မာ အပေါ်မှာချည်း ပုံချလို့မရပါဘူး။ အတိတ်ကံကြောင့် မွေးလာကထဲက ဆင်းရဲမှု ချမ်းသာမှုကို ရွေးချယ်ပိုင်ခွင့် မရှိပေမယ့် ဖြစ်တည်ရာဘဝမှာ အခြေအနေထက် မြင့်မားဘို့ရာ အတွက် ဖန်တီး ကြိုးစားခွင့် ရှိပါတယ်။ လူတစ်ယောက်ရဲ့ တန်ဘိုးကို လူကျင့်တရားနဲ့သာ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ ပညာ ပေါကြွယ်သည် ဖြစ်စေ၊ ဥစ္စာ ပေါကြွယ်သည် ဖြစ်စေ၊ ဆွေမျိုး ထည်ဝါခံ့ညားသည် ဖြစ်စေ၊ လူကျင့်တရား မထားနိုင်ရင် အချည်းနှီးပါ။ ဆင်းရဲချမ်းသာမရွေး လူကျင့်တရားပေါ်မှာသာ လူ့တန်ဘိုးဟာ မူတည်နေပါတယ်။

လူလေးမျိုး
၁။ အမိုက်က လာ အမိုက်ရွာကို သွားသူတစ်ယောက်။
၂။ အမိုက်က လာ အလင်းရွာကို သွားသူတစ်ယောက်။
၃။ အလင်းက လာ အမိုက်ရွာကို သွားသူတစ်ယောက်။
၎။ အလင်းက လာ အလင်းရွာကို သွားသူတစ်ယောက်။
သဂါထာဝဂ္ဂသံယုတ်၊ ပုဂ္ဂလသုတ်မှာ-
၁။ တမောတမ ပရာယနော = ယခုလည်းမှောင် နောင်လည်းမှောင်မည့်သူ
၂။ တမောဇောတိပရာယနော = ယခုမှောင်၍ နောင်၌လင်းမည့်သူ
၃။ ဇောတိ-ကမ ပရာယနော = ယခုလင်း၍ နောင်၌ မှောင်မည့်သူ
၎။ ဇောတိ-ဇောတိ ပရာယနော = ယခုလည်းလင်း နောင်လည်းလင်းမည့်သူလို့ ဒေသနာရှိခဲ့တယ်။
၁။ ယခုလည်းမှောင် နောင်လည်းမှောင်မယ့်သူကို ရှင်းပြရရင် ‘ထိုသူဟာ ဥစ္စာမဲ့မွဲ အလွန်လည်း ဆင်းရဲတယ်။ အဲသည်အပြင် ရတနာသုံးတန်၊ ကံ-ကံရဲ့အကျိုး၊ ဝိပဿနာ၊ မဂ်ဖိုလ်၊ နိဗ္ဗာန်တိုင်အောင်သော တရားမျိုး၌ မြတ်နိုးကျေနပ် ယုံကြည်မှု သဒ္ဓါဓာတ်လည်း မရှိ၊ မပေးရက် သဝန်တို၊ နှမြောစေးနှဲ၊ ယုတ်မာ ညစ်ဆိုး အကြံအစည်မျိုး ရှိတယ်။ မှားယွင်းဖောက်ပြန် မမှန်ကန်သော အယူရှိတယ်။ မကောင်းသော ကာယကံ၊ ဝစီကံနှင့် မနောကံ တို့ကိုသာလျှင် အစဉ်အမြဲ ထူထောင်တတ်တယ်။
အဲသည် ပုဂ္ဂိုလ်မျိုးဟာ သေလို့ရှိရင် ကြမ်းကြုတ်ရက်စက်၊ နရက်သော်မှန်း၊ ချမ်းသာကင်းရာ ငရဲရွာသာ ရောက်တယ်’ တဲ့။ အဲသည်လို လူမျိုးဟာ ယခုလည်းမှောင် နောင်လည်းမှောင်မယ့် လူမျိုးပဲ။

၂။ ယခုမှောင်၍ နောင်၌လင်းမည့်သူ ဆိုတာကတော့ ‘ထိုသူဟာ ဥစ္စာမဲ့မွဲ အလွန်ဆင်းရဲရှာတယ်။ ဒါပေမဲ့လည်း ရတနာသုံးတန်၊ ရတနာသုံးတန်၊ ကံ-ကံရဲ့အကျိုး၊ ဝိပဿနာ၊ မဂ်ဖိုလ်၊ နိဗ္ဗာန် တိုင်အောင်သော တရားမျိုး၌ မြတ်နိုးကျေနပ် ယုံကြည်မှု သဒ္ဓါဓာတ်မူ ထားရှိတယ်။ အဲဒါကြောင့် တတ်စွမ်းသမျှ နှမြောမတွန့် ပေးကမ်းစွန့်ကြဲ လှူဒါန်းလေ့ရှိတယ်။ ကောင်းမွန် လျောက်ပတ် မြင့်မြတ်သော အကြံအစည် ရှိတယ်။ မမှားမယွင်း မဖောက်မပြန်တဲ့ မှန်ကန်သော အယူရှိတယ်။ ကောင်းမွန်သော ကာယကံ၊ ဝစီကံနဲ့ မနောကံတို့ကိုသာ အစဉ်အမြဲ ထူထောင်တတ်တယ်။
အဲသည်လူဟာ သေသည်ရှိတဲ့အခါ ကောင်းမှုနတ်ဘုံရောက်တယ်’ ။ အဲဒါကြောင့် အဲသည်လူဟာ ယခုမှောင်ပြီး နောင်မှာလင်းတဲ့ လူမျိုးပဲ။

၃။ ယခုလင်း၍ နောင်၌မှောင်မည့် လူစားမျိုးကတော့ ‘အဲသည်လူဟာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝတယ်။ ဒါပေမဲ့လည်း ရတနာသုံးတန်၊ ကံ-ကံရဲ့အကျိုး ဝိပဿနာ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တိုင် အောင်သော တရားမျိုးမှာ မြတ်နိုးတယ်။ ယုံကြည်မှု သဒ္ဓါဓာတ်မူကား မရှိ။ အဲဒါကြောင့်လည်း မပေးရက်၊ သဝန်တို၊ နှမြောစေးနှဲတယ်။ ယုတ်မာညစ်ဆိုး အကြံအစည်မျိုးရှိတယ်။ မှားယွင်းဖောက်ပြန် မမှန်ကန်သော အယူရှိတယ်။ မကောင်းသော ကာယကံ၊ ဝစီကံ၊ မနောကံတို့သာလျှင် အစဉ်အမြဲ ထူထောင်တတ်တယ်။
အဲသည်လူမျိုးဟာ သေရင် ချမ်းသာကင်းရာ ငရဲရွာရောက်တယ်’။ အဲသည်လူမျိုးကို ‘ယခုလင်း၍ နောင်၌ မှောင်မယ့်သူ’ လို့ခေါ်တာပဲ။

၎။ ယခုလည်းလင်း နောင်လည်းလင်းမဲ့သူ ဆိုတာကတော့ ‘အဲသည်လူဟာ ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝတယ်၊ ထို့အပြင် ရတနာမြတ်သုံးပါး၊ ကံနဲ့ကံရဲ့အကျိုး၊ ဝိပဿနာ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တိုင်အောင် တရားမျိုး၌ မြတ်နိုးတယ်။ ယုံကြည်မှု သဒ္ဓါရှိပြီး နှမြောမတွန့် ပေးကမ်းစွန့်ကြဲတယ်၊ လှူတယ်။ ကောင်းမွန် မြင့်မြတ်တဲ့ အကြံအစည်ရှိတယ်။ မဖောက်မပြန် မှန်ကန်သော အယူရှိတယ်။ ကောင်းမွန်သော ကာယကံ၊ ဝစီကံနဲ့ မနောကံတို့သာ အစဉ်အမြဲ ထူထောင်တယ်။
အဲသည်လူဟာ သေရင် ကောင်းမြတ်တဲ့ နတ်ဘုံကို ရောက်တယ်’။ အဲသည်လိုလူမျိုးက ယခုလည်းလင်း၊ နောင်လည်းလင်းမယ့် လူမျိုးဖြစ်တယ်’
ဗုဒ္ဓမြတ်စွာဟာ လူလေးမျိုးလေးစား ရှိကြောင်းကို သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်မှာ ကောသလ ပြည့်ရှင် မင်းမြတ်အား ဟောကြားခဲ့ပါတယ်။

မောင်ချစ်သူမောင်ရေ အခုတင်လိုက်တဲ့ပို့စ်က မောင်ချစ်သူမောင်ရေးစေလိုတဲ့ ရည်ရွယ်ချက်နဲ့တော့ ကွာနေမယ်ထင်ပါတယ်။ ဒီတစ်ကြိမ်တော့ ဒီလောက်နဲ့ပဲကျေနပ်ပါတော့လို့ မေတ္တာရပ်ခံလိုက်ပါတယ်နော်။

စာဖတ်သူများ အားလုံးလည်း အမိုက်ကလာလာ အလင်းကလာလာ အလင်းကိုပဲ သွားချင်သူတွေချည်းပါ။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်

အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz