x

22.3.12

ကျွေးမေမေရဲ့မွေးနေ့


၂၀-၃၀-၂၀၁၂ရက်နေ့က ကျွေးမေမေရဲ့အိမ်မှာ ညီအစ်မတစ်တွေ ဆုံကြဘို့ရာ အဲဒီရက် မရောက်ခင် (၁၀)ရက်ခန့်က မေမေက ကြိုတင်ပြီး ဖိတ်ထားခဲ့ပါတယ်။ မေမေ့ရဲ့ အသက်(၈၀)ပြည့် မွေးနေ့ပွဲလေးမှာ သမီးတွေနဲ့အတူ အချိန်ကို ကုန်လွန်စေချင်တဲ့ မေမေ့ရဲ့ ဆန္ဒအရ ကျမတို့ မနက် ၁၁နာရီခွဲကို အိမ်ကနေ စထွက်ကြပါတယ်။ မောင်နှမ တစ်တွေ စုံစုံလင်လင် မဆုံဆည်းနိုင်တဲ့ အဲဒီနေ့က မွေးနေ့ပွဲလေး ဟာ ခြောက်ကပ်ကပ်လေးနဲ့ပဲ အဆုံး သတ်သွားပါတယ်။ တစ်ချိန်တုန်းက ဖေဖေ ရှိစဉ် ပြုလုပ်ကျင်းပလေ့ ရှိခဲ့တဲ့ မွေးနေ့ပွဲလေးတွေကို သတိရလိုက် မိတယ်။ မောင်နှမ တစ်တွေ အားလုံး ဆုံဆည်းကြတဲ့ အချိန်တွေမို့ ပျော်လိုက်ကြ  တာဖြစ်ခြင်း။ ဖေဖေနဲ့မေမေလည်း ကျေနပ်တဲ့ အပြုံး ကိုယ်စီနဲ့ပေါ့ ဘယ်လိုမှ ပြန်မရနိုင်တော့တဲ့ အချိန်လေးတွေပါ။ မေမေက မောင်ထော်လေးလမ်း ကနေ နှင်းပုလဲ ထမင်းပေါင်းကို ဝယ်ကျွေးတယ်။ ထမင်းစားပြီးတဲ့အခါ မွေးနေ့ကိတ်လေးကို ကျွေးတယ်။ မေမေ့ မျက်နှာပေါ်မှာ သမီးတွေ လာတယ်ဆိုတော့ ပြုံးပျော်ကြည်နူး နေပေမယ့် ဖွင့်ဟ မပြောတဲ့တိုင် မေမေ့ ရင်ထဲမှာ ရပ်ဝေး တစ်နေရာ ရောက်နေ ကြတဲ့ မောင်လေးနဲ့ ညီမ အထွေးဆုံးတို့ကို သတိရနေတယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ တစ်ယောက် တစ်နယ် ဝေးနေရတာကို ကျမတို့တစ်တွေ ရွေးချယ်ပိုင်ခွင့် မရှိတဲ့ အနတ္တ သဘောပါပဲ။ ကျမမေမေ့ဆီက အပြန် ခရီးလမ်းမှာ ကျမရဲ့စိတ်တို့ မေမေနဲ့ စတင်ဆုံဆည်းခဲ့တဲ့ အတိတ်ကာလဆီကို လွင့်နေပြီး အတွေးနယ်ပယ်ထဲမှာ။ 














ကျွေးမေမေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျမနေမကောင်းပါ။ ကုတင်ပေါ်မှာလှဲနေသလို ကျမကုတင်ဘေးမှာ မောင်လေးတူတူး သံပတ် ခလုတ် နှိပ်ရင် ပြေးလွှားတဲ့ မီးရထား အရုပ်ကလေးနဲ့ ကစားနေသလို ကျမအစ်ကိုကြီး တီးတိုကလည်း တူတူးအတွက် မီးရထား အရုပ်ကလေးပြေးဘို့ လမ်းကလေးတွေ ဆက်ပေးနေတယ်။ ကုတင်ပေါ်ကနေ ကျမရဲ့ ကိုယ်ကို ခပ်စောင်းစောင်းလေး လှဲနေတဲ့ အနေအထား ကနေ ညီအစ်ကိုနှစ်ယောက် ကစားတာကို ကြည့်နေတဲ့ အချိန် အခန်းထဲကို ဖေဖေနဲ့အတူ အန်တီတစ်ယောက် ဝင်လာပါတယ်။ ဖေဖေ့မျက်နှာက ရွှင်ပြုံးနေသလို ဖေဖေနဲ့ ပါလာတဲ့ အန်တီ့ရဲ့မျက်နှာကလည်း ခပ်ပြုံးပြုံးလေးနဲ့ ကျမတို့ အနားမှာ လာရပ်ပြီး-
“တီးတို လုလု နဲ့ တူတူး ဒီအန်တီက မေမေအသစ်နော် ဖေဖေတို့ရဲ့အိမ်မှာ နောက်ဆိုရင် အမြဲလာနေမှာ အားလုံးက ‘မေမေ’ လို့ခေါ်ကြရမယ်နော်” လို့ ကျမဖေဖေရဲ့စကားအဆုံးမှာ အသက်(၃)နှစ်သား တူတူးက ကစားနေရာကနေ ချက်ခြင်းထရပ်လိုက်ပြီး ဖေဖေ့ဆီကို ပြေးသွားကာ ဖေဖေ့ရဲ့ ခြေထောက်နှစ်ဖက်ကို ဖက်ထားလိုက်ပါတယ်။ ဖေဖေအပြင်က ပြန်လာတိုင်း တူတူးရဲ့ ပုံမှန်အဲဒီလို ကြိုနေကျပါ။ ဖေဖေ့ကို ဖက်ထားရာကနေ မျက်နှာစိမ်းဖြစ်တဲ့ မေမေအသစ် ဆိုတဲ့သူကို ဖေဖေ့ခြေထောက်ကို အကာအကွယ် ယူပြီး ချောင်းကြည့် နေပါတယ်။ ဖေဖေက တူတူးကို ချီလိုက်ပြီး-
“တူတူး မေမေ လို့ ခေါ်ကြည့်ပါအုံး” လို့ ဖေဖေကပြောတဲ့အခါ တူတူးက ရှက်တဲ့ အမူအယာလေးနဲ့ မျက်နှာလေးကို ဖေဖေ့ရဲ့ ပုခုံးအပေါ် မှောက်ချလိုက်ကာ ဖွက်ထားလိုက်တယ်။ ဖေဖေက မေမေ အသစ်ကို-
“ဒီအခန်းက သူတို့မောင်နှမ သုံးယောက်နဲ့ သူတို့အဒေါ်တွေ (ဖေဖေ့ညီမများ)ရဲ့ အိပ်ခန်းပေါ့” လို့ မေးတစ်ချက် ဆပ်ပြီး ထိုးပြရင်း ရှင်းပြလိုက်တယ်။ တစ်ဆက်တည်း ကျမဘက်ကိုလှည့်ပြီး-
“လုလုဒီကနေ့ ဘယ်လိုနေလဲ ဆေးကော သောက်ပြီးပြီလား’ လို့ မေးပါတယ်။ ကျမဖြေမယ် အရှိန်ယူတုန်း အဒေါ်အလတ်က ဖေဖေ့အနောက်က ရောက်လာပြီး-
“မနက်ကတော့ အဖျားတက်သေးတယ် အခုတော့ ကျသွားပြီ ဆေးလည်းပုံမှန် တိုက်ပါတယ် အကိုကြီး” လို့ ဖြေရင်း ကျမရဲ့နဖူးကို သူ့ရဲ့လက်နဲ့ လာစမ်းသပ်ပါတယ်။
“လမ်းလျှောက်တာကော လေ့ကျင့်သေးလား” ဖေဖေက အဒေါ်အလတ်ကို ဆက်မေးရာ-
“ဒီကနေ့တော့ လေ့ကျင့်နိုင်မယ် မထင်ဘူး အဖျားသွေးက မနက်က ဝင်လိုက်တယ်ဆိုတော့ သူလည်း အတော်နုံးနေတာ” လို့ အဒေါ်အလတ်က ကျမကို ကြည့်ရင်း ဖေဖေ့ကို စကားများ ဆက်တိုက်ပြောရာ-
“လမ်းတော့ ပြန်လျှောက်နိုင်အောင် နေကောင်းတဲ့ရက်တွေမှာ လေ့ကျင့်ခိုင်းပါအုံး။ နောက်လ မင်္ဂလာပွဲမှာ ဒီအတိုင်းချည်းဆို မဖြစ်ဘူးလေ” လို့ ဖေဖေက ပြောပြောဆိုဆို ကျမကုတင်ပေါ်မှာ တင်ပါးလွှဲထိုင်ကာ တူးတူးကို အောက်ချပေးရင်း-
“လုလုကလည်း နေကောင်းအောင် ကြိုးစားရမယ်နော်။ နောက်လဆိုရင် ဒီခြံကြီးထဲမှာ ပွဲကြီးတစ်ခု လုပ်မှာ။ လုလုနေမကောင်းလို့ လမ်းမလျှောက်နိုင်ရင် ကိုကိုတို့ တူတူးတို့လို ဘယ်ပျော်နိုင်ပါ့မလဲ” လို့ပြောပြော ဆိုဆို သက်ပြင်းတစ်ချက် မသိမသာချရင်း ဖေဖေက မေမေအသစ်ကို မျက်နှာရိပ် မျက်နှာကဲပြပြီး ကျမတို့ အခန်းကနေ ထွက်သွားပါတယ်။ တူတူးလည်း သူ့မီးရထားလေးကို ဆက်ကစားသလို အစ်ကိုကြီးကလည်း လုပ်လက်စ အလုပ်ကလေးကို တူတူးအတွက် ဆက်လုပ်ပေးပါတယ်။ ကျမကတော့ အတွေးထဲ တစ်ဝဲလည်လည် ဖြစ်နေပါတယ်။ မေမေအသစ် ဆိုသူကို မြင်ပြီးတဲ့နောက် ကျမရဲ့မွေးမေမေကို သတိရ လွမ်းဆွတ်မိသလို ‘အခုလာနေမဲ့ မေမေအသစ်ဟာ အရင်မေမေလို ငါတို့နဲ့ ကစားပါ့မလား၊ အရင်မေမေလို ဂစ်တာလေးတီးရင်း သီချင်းဆိုပါ့မလား၊ အရင်မေမေလို ဇလုံကြီးထဲ ထမင်းတွေနယ်ပြီး ခွံ့ကျွေးပါ့မလား၊ အရင်မေမေလို ရေချိုးရင်း ကျောကိုဂျီးတွန်းပေးပါ့မလား၊ အရင်မေမေလို x x x x x x x x x x x x လားပေါင်း များစွာကျမခေါင်းထဲမှာ မေးခွန်းတွေ တသီတတန်းကြီး ထုတ်မိနေပါတော့တယ်။ ဖက်လုံးကို ဖက်ရင်း မေမေ့ရဲ့ နောက်ဆုံးနေ့ရက် ပုံရိပ်များကိုလည်း ပြန်လည်လို့ တွေးနေမိပြန်တယ်။ ရက်စက်လွန်းတဲ့ အတိတ်ကံကိုပဲ အပြစ်တင်ရလေမလား ကျမဆက်မတွေးချင်တော့ပါ တွေးလည်းမတွေးနိုင်အောင် ခေါင်းတစ်ခုလုံး ကိုက်ခဲလာသလို နားထင်နား က သွေးကြောကလည်း တဒိတ်ဒိတ် ခုန်နေပါတယ်။ အဲဒီလို ခံစားရတိုင်းလည်း ငယ်ထိပ်နေရာကနေ အပူငွေ့များ တစ်ရှိန်းရှိန်း ထွက်နေတတ်ပါတယ်။ မေမေ ကျမတို့တစ်တွေကို ခွဲခွာသွားခဲ့တဲ့နေ့ ကစလို့ နေပူထဲမှာ နာရီပေါင်း များစွာ ရပ်နေမိခဲ့တဲ့ ကျမမှာ ခေါင်းကြီးကိုက် ရောဂါအစပျိုးခဲ့ခြင်းပါ။ စိတ်ရှုပ်စရာ ဖြစ်ပေါ်လာတိုင်း စိတ်ဖိစီးမှုများ ခံစားရလေတိုင်း အဲဒီရောဂါကလည်း စိတ်နဲ့ ထပ်ချပ်မကွာ ဖြစ်ပေါ်လာစမြဲမို့ ကျမကို လူကြီးတွေက အလိုလိုက်သလို အရိပ် တကြည့်ကြည့် နေတတ် ပါတယ်။ ခေါင်းကြီးကိုက်ရောဂါအပြင် အမြဲတန်းလိုလို ဆေးကုနေတဲ့ကြားက အဖျားသွေးရှိနေတာမို့ အိပ်ယာထက်မှာ အချိန်ပြည့် ခွေနေတတ်တဲ့ ကျမအချိန်ကြာလာတာနဲ့အမျှ လမ်းလျှောက်ဘို့ ဝန်လေးလာတာနဲ့ အညီ ခြေထောက်နှစ်ဖက်စလုံး သန်မာမှုအား လျော့နည်းလာပါတယ်။ ဒီအတွက် ကျမနေလို့ ထိုင်လို့ သက်သာတဲ့ နေ့များမှာ လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းကို ဖွားဖွားနဲ့ အဒေါ်များက တစ်လှည့်စီ ကူညီဖေးမပြီး လမ်းလျှောက်စေခဲ့ပါတယ်။ ကျမမေမေအသစ်နဲ့ ပထမဦးဆုံး ဆုံခဲ့စဉ်က အကြောင်းအရာလေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျမရဲ့ ကျွေးမေမေကို ကျမသေသေချာချာ ဂရုတစိုက် ကြည့်နေမိပါတယ်။ ညီမရွှေစင်ဦး ပြောသလို ကျမရဲ့ ဖေဖေ လူရွေးတော်ပုံကို သဘောကျမိတယ်။ မွေးမေမေနဲ့ ကျွေးမေမေတို့ရဲ့ နာမည်ချင်းတူ နေပုံ ကိုးကွယ်တဲ့ ခရိယာန် ဘာသာချင်းကလည်းတူ သီချင်းဆို တော်တာကလည်းတူ ဆွဲဆောင်မှု ရှိပုံကအစ တူညီကြတယ်။ အခုတော့ လူတိုင်း ရှောင်လွှဲလို့မရတဲ့ ဇရာပိုင်းကို မေမေ တစ်ဖြည်းဖြည်း ကူးပြောင်းလို့ လာပါပြီ။ စိတ်ဘယ်လောက် ဆောင်ဆောင် ယိုယွင်းလာတဲ့ ခန္ဓာကိုယ်က သက်သေပြနေပါတယ်။ ကျမရဲ့ ဖေဖေသက်ရှိထင်ရှား ရှိစဉ်က ကျမက အစ်မကြီးပီပီ ဖေဖေ့ရဲ့ လိုအပ်ချက် မှန်သမျှကို ကွက်လပ်မရှိ ဖြည့်ဆည်းပေးခဲ့ပါတယ်။ ကျမရဲ့မောင်နှမ တစ်တွေမှာ နောင်တ ဆိုတာ မကျန်ရစ်ခဲ့ကြစေဘို့ ကျမမှာ တာဝန်ရှိတယ်လို့ ခံယူထားခဲ့ပါတယ်။ ဒါကြောင့်လည်း ဆေးဖိုး ပစ္စည်းဖိုး အစားအသောက်ကအစ ကုန်ကျစရိတ်ကို မောင်နှမတစ်တွေ မျှဝေခံပြီး ဖေဖေ့ကို အကောင်းဆုံး စောင့်ရှောက် ခဲ့ပါတယ်။ ဖေဖေ မျက်ကွယ် ပြုခဲ့ပြီးတဲ့နောက် အခုအချိန်မှာလည်း မေမေ့ကို အလားတူ ဝိုင်းဝန်း ထောက်ပံ့ စောင့်ရှောက် ကာနေကြဆဲပါ။ မေမေ့ အနားမှာ အနီးကပ်စောင့်ရှောက်နေတဲ့ ညီမလေးကိုတော့ အားလုံးကိုယ်စား ကျေး ဇူးတင်နေမိပါတယ်။ မိဘရဲ့ကျေးဇူးတရားကို သေတပန်သက်တဆုံး ဆပ်ရင်တောင် မကုန်နိုင်တာကြောင့် အတိတ်ကံကောင်းလို့ မိဘများ သက်ရှိထင်ရှား ရှိနေခဲ့ရင် ကိုယ်တိုင်လည်း အလုပ်ကျွေးပြုဘို့ ပျက်ကွက်နေသေးတယ် ဆိုရင် အချိန် မနှောင်းခင် မိဘတွေရဲ့ လိုအပ်ချက်လေးတွေကို ဖြည့်ဆည်းရင်း ကုသိုလ်ယူဖြစ်အောင် ယူကြပါလို့ စေတနာနဲ့ သတိပေးပါရစေနော်။

တစ်ချိန်တည်းမှာပဲ နေ့ယောဂီအဖြစ်နဲ့ ရွှေမြင့်မိုရ်တရားရိပ်သာကို ရောက်ခဲ့စဉ်က မွေးနေ့ရှင်တွေကို ဆရာတော်က “မွေးနေ့ဆိုတာ တကယ်တော့ သေဘို့အတွက် ရှေ့ကိုခြေတစ်လှမ်း တိုးသွားတာပါ ပဲ။ မွေးနေ့တွေမှာ အလှူဒါနတွေ ပြုလုပ်ကြပြီး ပြုလုပ်ခဲ့တဲ့ အလှူအတွက် လိုတဲ့ဆုကို တောင်းပါ လို့ ပြောလိုက်ရင် ‘လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ’ ဆုကိုပဲ အများစုက တပ်မက်ကြတယ် တောင်း ဆုပြုကြတယ်။ ” လို့ တရားပြခဲ့တယ်။ လူ့ဘဝသံသရာ ဝဋ်ဆင်းရဲကြီးထဲက လွတ်မြောက်စေဘို့ ကျမတို့ ရဲ့တောင်းဆုက မှန်ကန်ဘို့ အတော်လေး အရေးကြီးပါတယ်။ ဒုက္ခသစ္စာဆိုတာ ပစ္စုပ္ပန်ဘဝမှာ အနေအထိုင် အစားအသောက် ပြီးပြည့်စုံမှုမရှိတဲ့အတွက် ဆင်းရဲနေတာကို ဆိုလိုတာမဟုတ်ပဲ ခန္ဓာငါးပါး ရထားတာကို ဆိုလိုခြင်းဖြစ်တယ်ဆိုတာ သိသူအလွန်တရာမှ နည်းပါးပါတယ်။ မိဘကို ကျေးဇူးဆပ်နည်း တစ်ခြားတနည်း ကတော့ စစ်မှန်တဲ့ တရားထူး တရားမြတ်တွေ ရရှိနိုင်စေဘို့အတွက် မိဘကိုယ်တိုင် ကျင့်ကြံ ပွားများ အားထုတ်နိုင်စေရန် တစ်ဖက်တစ်လမ်း ကနေ ကူညီဆောင်ရွက် ပေးဘို့ပါပဲ။

မကယ်နိုင်သောတရား
 ရေဘေး မီးဘေး ပြည်ပျက်ဘေးကား၊
ဆယ်ရေးတစ်ရေး၊ ကယ်နိုင်သေး၏၊
အိုဘေး နာဘေး သေခြင်းဘေးဟု၊
ဤဘေးသုံးပါး၊ လွန်ကြီးမားကား၊
သားနှင့်အမိ၊ ဖြစ်တုံဘိလည်း၊
မျက်စိအောက်တွင်၊ ရင်ခွင်တင်လျှက်၊
သက်သက်ရေးပိုင်၊ မကယ်နိုင်ဘူး၊
လက်မှိုင်ချကာ၊ နေရစွာရှင့်။
တရားထင်မှု၊ မြင်အောင်ရှုက၊
နှစ်ခုဧကန် ရုပ်နှင့်နာမ်တည်း။
ဖောက်ပြန်တတ်လှ၊ သင်္ခါရမို့၊ နိစ္စခိုင်ကြည်၊
မြဲမတည်သည်၊ ပျက်မည်မုချပါတကား။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်




ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz