x

28.3.12

မပုပ်မသိုး ရိက္ခာမျိုး


၂၇-၃-၂၀၁၂(အင်္ဂါ)ရက်နေ့ မနက် ၆နာရီမှာ ညီအစ်မတွေလို ရင်းနှီးချစ်ခင်ရတဲ့ သူငယ်ချင်းနဲ့ ပဲခူးမြို့ နယ် ကျောက်တန်းရွာမှာ ရှိတဲ့ ဝေဠုဝန်စာသင်တိုက် ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတကျောင်းကို သွားဖြစ်ခဲ့ပါတယ်။ မတ်လ ပထမအပတ်မှာ သူငယ်ချင်းက သူ့အစ်ကို ဝမ်းကွဲမိသားစုရဲ့ အလှူတစ်ခုကို လိုက်ခဲ့ဘို့ရာ ကျမကို ကြိုပြောကထဲက အရေးတကြီးအလုပ် မပေါ်ခဲ့ရင် သွားဘို့ရာ ဆုံးဖြတ်ခဲ့ပါတယ်။ အကြောင်းကတော့ ဆင်းရဲနွမ်းပါး ကလေးများ ၄၀၀ကျော်ရဲ့ ပညာရေးကို ဝိုင်းဝန်းကူညီ ပံ့ပိုးသူများထဲမှာ ကျမလည်း အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်စေ တတ်စွမ်းသမျှ ဒါနပြုလိုတဲ့ ရည်ရွယ်ချက်နဲ့ ထိုနေရာကို သွားရောက်ဘို့ ဆုံးဖြတ်ခဲ့ခြင်းပါ။ လှူဒါန်းတယ်ဆိုတာ ပမာဏထုထည် ကြီးမားမှု နည်းပါးမှုအပေါ် မူတည်ခြင်းမဟုတ်ပဲ မိမိရင်ထဲက စစ်မှန်တဲ့ စေတနာ သဒ္ဓါတရား ပြတ်သားမှုသာ အဓိက ဖြစ်တယ်လို့ ကျမ ယုံကြည်ထားခဲ့ပါတယ်။ ဝေဠုဝန် ဘုန်းတော်ကြီးသင် ပညာရေးပရဟိတကျောင်းရဲ့ သြဝါဒါစရိယ ဆရာတော်မှာ ဘဒ္ဒန္တ ဉာဏ (ဂိုဏ်းအုပ်ဆရာတော် မဟာဗောဓိဝိနည်းပြန်ဌာန) ဖြစ်ပြီး ကျောင်းအုပ် ဆရာတော်မှာ ဒေါက်တာ အရှင်ပညောဘာသ (ပန်းပျိုးလက်) ဓမ္မာစရိယ, M.A,Ph.D တို့ဖြစ်ပါတယ်။ အင်းတကော်အလွန် ၁၀-မိုင်မှာရှိတဲ့ ဝေဠုဝန်စာသင်တိုက်ကို ရောက်မဆိုက် မုန့်ဟင်းခါးနဲ့ဧည့်ခံပါတယ်။

မနက် ၆နာရီအိမ်ကထွက်ချိန် ရှုခင်းလေး
ဘုရင့်နောင်တံတားပေါ်မှမြင်ကွင်း
ပါရမီလမ်းနဲ့ကမ္ဘာအေးလမ်းဆုံမီးပွိုင့်

ထောက်ကြံ့မှလွန်ပြီး အင်းတကော်ဘက်သို့အသွား
အရိပ်အာဝါသကောင်းမွန်တဲ့ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှာ ဆင်းရဲနွမ်းပါးပြီး ကျောင်းမနေနိုင်တဲ့ ကလေးငယ်တို့က ဆရာတော်ဘုရားကြီးထံ လာရောက်ပြီး ပညာအမွေကို ခံယူကြပါတယ်။ သက်တော် ၈၀ကျော် ဆရာတော်ကြီးမှာ ရဟန်းသာမဏေများကိုး စာပေပို့ချရင်း တရားဘာဝနာပွားများ အားထုတ်ကာ ကလေးငယ်များကိုလည်း ပညာသင်ပေးနေရတဲ့အတွက် ကိုယ်ပိုင်အလုပ်ချိန် နည်းနေတာကို သိတဲ့ တပည့်ရင်းဖြစ်သူ အရှင်ပညောဘာသဟာ နွေရာသီ တက္ကသိုလ်ပိတ်ရက် အိန္ဒိယမှပြန်ရောက်ခိုက် ပင်ကိုယ်က ပရဟိတစိတ် ထက်သန်သူပီပီ လူမှုရေး စိတ်ဓာတ်ထက်သန်သူ ဒကာ/ဒကာမများနဲ့ ညှိနှိုင်းတိုင်ပင်ကာ ကျောင်းအကျိုးဆောင်အဖွဲ့ကို ဖွဲ့စည်းပြီး ၂၀၀၄-၂၀၀၅ ပညာသင်နှစ် အတွက် ကျောင်းသား လက်ခံခဲ့ပြီး အမှန်တကယ် ကျောင်းမနေနိုင်သူ ၁၈၅-ဦးကို စိစစ်လက်ခံခဲ့ကာ ဆရာ/ဆရာမ ၆-ဦးတို့နဲ့ စတင် ပညာ သင်ကြားပေးနိုင်ခဲ့ပြီး ၂၉-၅-၂၀၀၄ ရက်နေ့မှာ ဖွင့်လှစ်ကာ သမိုင်းမှတ်တိုင် တစ်ခုကို ခိုင်မာစွာ စတင် စိုက်ထူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဆရာတော်ရဲ့ စိတ်ရင်းခံစေတနာ သဒ္ဓါတရား တို့ကြောင့် ၂၀၀၄-၂၀၀၅ ခုနှစ် ပညာသင်နှစ်မှာ ကျောင်းသားဦးရေ ၁၈၅ယောက်ကနေ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာ ကျောင်းသားဦးရေ ၄၀၆ယောက်နဲ့ ဆရာ/ဆရာမ ၁၃-ဦးအထိ တိုးပွားလာခဲ့ပါတယ်။ ငွေပင်ငွေရင်း ကျောထောက်နောက်ခံ အားနည်းပေမယ့် ပရဟိတ လုပ်ငန်း လူမှုရေးလုပ်ငန်း စိတ်ဝင်စားတဲ့ ဒကာ/ဒကာမများရဲ့ ပံ့ပိုးလှူဒါန်းမှုများနဲ့ ခက်ခဲစွာရပ်တည်လျှက် ရှိပါတယ်။ တိုးတက်များပြားလာတဲ့ ကျောင်းသားဦးရေတို့အတွက် လုံလောက်တဲ့ အဆောက်အဦးနဲ့ ပရိဘောများ ပြည့်စုံမှု မရှိတဲ့တိုင် မပြတ် သင်ကြားနိုင်ရေးအတွက် ယာယီ ကျောင်းဆောင်များ နဲ့ အောင်မြင်အောင် ကြိုးပမ်းလျှက် ရှိပါတယ်။ မူလတန်းမှ အလယ်တန်းသို့ တိုးချဲ့ကာ ကျောင်းဆောင် သစ်ကြီးများနဲ့ သင်ကြားပေးနိုင်မယ်လို့လည်း ဆရာတော်က မျှော်မှန်း ထားကြောင်း သိရှိခဲ့ရပါတယ်။ ကလေးငယ်များကို နေ့စဉ် စာသင်ချိန် မတိုင်မီ ၁၅-မိနစ် တရားရှုမှတ်စေခြင်း အဖိတ်နေ့တိုင်း ဘာသာရေး သင်တန်းများနဲ့ နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်းများ တက်ရောက်စေကာ ကလေးတရားစခန်း ရက်တို သင်တန်းများပေးခြင်းနဲ့ ဗုဒ္ဓဘာသာ တရားကို ရင်းနှီး ထိတွေ့စေခဲ့ပါတယ်။ 

အလှူတွင်သူငယ်ချင်းရဲ့ ဖွားလေးအသက် (၈၅)နှစ်နဲ့အတူ အမှတ်တရ
ဝါးသက်ကယ်မိုးတို့နဲ့ယာယီဆောင်လေးများ
ပရဝုဏ်အတွင်း
ကျောင်းသားကလေးများရဲ့နားနေဆောင်


ထူးထူးခြားခြားအုန်းမောင်းလေး





သတိပေးစာသားလေးမို့အမှတ်တရရိုက်ခဲ့တယ်
ကျွန်းစားပွဲခုံလေး

သာသနာမြေပေါ်တွင် ထူးခြားတဲ့ မြေတစ်နေရာကို ကျမသွားရောက်ခဲ့ပါတယ်။ မြေကြီးကို တုတ်ဖြင့် ကလော် ထုတ်လိုက်တိုင်း အုတ်ခွက်ဘုရားများ တစ်ဆူပြီးတစ်ဆူ ဆက်တိုက်ပေါ်ခဲ့တဲ့ နေရာပင်ဖြစ်ပါတယ်။

ထူးခြားမြေနေရာသို့အသွား
ကွမ်းပင်များစိုက်ပျိုးထား


ယောဂကျင့်စဉ်သင်ကြားစဉ်
သစ်အမျိုးစုံလင်တဲ့တောလေး



ကျွန်းများ




အပင်ပေါ်မှသစ်ခွပန်းလေး


အုတ်ခွက်ဘုရားများထားရာကျောင်းဆောင်
မြေအောက်မှရရှိတဲ့အုတ်ခွက်ဘုရားများ
အုတ်ခွက်ဘုရား အပိုင်းအစများ




ကျောင်းအုပ်ဆရာတော် တူးဖော်ထားတဲ့ရေကန်

အုတ်ခွက်ဘုရားတူးဖော်ရရှိတဲ့နေရာကို အသွား
တောရိပ်ဝါးရိပ်ထဲမှ အဆောင်လေးများ


အုတ်ခွက်ဘုရားရရှိတဲ့မြေနေရာ
သာသနာ့အလံနဲ့အမှတ်အသားများလုပ်ထား
အနီးအနားမှာရှိတဲ့ ဘုရားပျက်





သိမ်ဆင်းလောင်းအမှီ အလှူနေရာသို့အပြန်


အဲဒီကနေ အပြန်မှာတော့ သိမ်ဆင်းလောင်းတဲ့ နေရာကို ကျမတို့နှစ်ယောက် သွားရောက်ပြီး ကုသိုလ် ယူကြပြန်တယ်။ သိမ်ဆင်းလောင်းအပြီးမှာ ဓမ္မာရုံမှာဆရာတော် သီလပေးတာခံယူကာ တရားနာ ကြရပါတယ်။ တရားနာ အပြီးမှာတော့ ဧည့်သည်များကို နေ့လည်စာဧည့်ခံပါတယ်။ နေ့လည်စာ စားပြီးတဲ့အခါမှာတော့ ကလေးသူငယ်များ ထမင်းစားဆောင်ကို သွားကြပြီး မှတ်တမ်းဓာတ်ပုံလေးတွေ ရိုက်ရင်း ကလေး သူငယ်လေးတွေရဲ့ လှုပ်ရှားမှုလေးတွေကို ကျမလေ့လာပါတယ်။



အုတ်တစ်ချပ်သဲတစ်ပွင့်အလှူပါဝင်လိုမှုအတွက် ဆရာတော်အားလျှောက်ထား
ပိတ်ရက်ဖြစ်ပေမယ့်အလှူရှိလို့ ကလေးတွေကျောင်းခေါ်ထား
ကျောင်းဆောင်အမည်လေး သဘောကျလို့ရိုက်ခဲ့

သုံးရေအတွက် စနစ်တကျစီစဉ်ထား

ထန်းပင် ပင်စည်နဲ့ကျွန်းစားပွဲ
သိမ်ဆင်းလောင်းဘို့စောင့်စားကြ





ဓမ္မာရုံအတွင်း
ကျောင်းအုပ်ဆရာတော်မှ လှူဒါန်းပစ္စည်းအစုစုတို့အားကြေငြာ
သံဃာတော်များမှ ရွတ်ဖတ်သရစ္ဇျာယ်
ရွတ်ဖတ်အပြီး သံဃာတော်အချို့အား လှူဘွယ်ပစ္စည်းများကပ်

ဆရာတော်မှတရားဟောပြီးအမျှဝေ

နေ့လည်စာဖြင့်တည်ခင်းကျွေးမွေး

ဝက်သား ငါးကြင်းကြော်ချက် အစိမ်းကြော် မရမ်းချဉ်သုပ် ငါးပိကြော် ပဲဟင်းချို အတို့အမြှုပ်

မီးဖိုဆောင်ဘက်စနည်းနာ
ကျောင်းသူလေးများဆေးကြောရေးတာဝန်ယူထား
ကျောင်းသားလေးများ ထမင်း ဟင်းထည့်တဲ့ တာဝန်ယူထား
ကလေးငယ်များ ထမင်းမစားခင် ၁၅မိနစ်တရားထိုင်ရ

ဆရာမများကလိုအပ်တာများဖြည့်ထားပေး


အလှူရှင်မိသားစုများဆရာတော်နဲ့အမှတ်တရ မှတ်တမ်းရိုက်စဉ်
တရားထိုင်အပြီး အဟာရမသုံးဆောင်မီ ဆင်ခြင်ခြင်း
အလှူရှင်တို့အားမေတ္တာပို့ အရပ်ဆယ်မျက်နှာ မေတ္တာပို
ဆရာတော်ကိုယ်တိုင် ကလေးငယ်များအနီးတွင် နေ့ဆွမ်းဘုဉ်းပေး

အဲဒီနောက် အပြန်ခရီးလမ်း မှာ ကျောက်တန်းရွာ အထွက် ကျောင်းအုပ်ဆရာတော် ဒေါက်တာအရှင် ပညောဘာသ ဦးစီးဆောက်လုပ်တဲ့ မီးသဂြိုလ်စက် တစ်လုံးကို မြင်တွေ့ရပါတယ်။ ကျမတို့ တစ်တွေရဲ့ နောက်ဆုံးခရီးလမ်းဆုံး နေရာလေးပါ။ အတိတ်ဘဝက မိမိပြုသမျှ ကောင်းမှု ကုသိုလ်ကံ စေတနာဟာ လက်ရှိဘဝမှာ အကျိုးပေးတယ် ဆိုတာကို ကျမအနေနဲ့ အပြည့်အဝ ယုံကြည်ရင်း အပြန် လမ်းခရီးမှာတော့ စိတ်ထဲကကြည်နူးစွာနဲ့ သာဓု အကြိမ်ကြိမ် ခေါ်ဆိုခဲ့ ပါတယ်။ သံသရာအတွက် မပုပ်မသိုး ရိက္ခာမျိုးကို နောက်ဆုံးလမ်း မရောက်ခင် အခွင့်အခါ ပေးသမျှ ကျမတို့တစ်တွေ ထုပ်ပိုး ထားကြပါစို့ လို့ တိုက်တွန်းပါရစေနော်။



စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz