13.4.12

နှစ်သစ်ကူးလက်ဆောင်



၁-၄-၂၀၁၂ ရက်နေ့ ကျမရဲ့အိမ်ဦးသခင်က အလုပ်ခွင်မှာ စုပေါင်းရဟန်းခံရှင်ပြု ရေစက်ချပွဲ အတူတကွ ရေစက်ချဘို့ လှမ်းခေါ်တာကြောင့် ၃၀-၃-၂၀၁၂ ရန်ကုန်ကနေ ခရီးထွက်ခဲ့တယ်။ အလှူပြီးသွားပြန်တော့ ကျမယောဂီ အဖြစ် (၁၀)ရက်စခန်း ဝင်ခွင့်ရခဲ့တဲ့ ရွှေမြင့်မိုရ် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာမှာ ၆-၄-၂၀၁၂ ရက်နေ့မှာ အလှူတစ်ခုလုပ်ဘို့ တရားဝင်စဉ်က ရက်သတ်မှတ်ထားတာကြောင့် ၂-၄-၂၀၁၂ ရက်နေ့မှာ ရန်ကုန်ကို ပြန်ဆင်းခဲ့ပါတယ်။ သားငယ်လည်း ၅ရက်နေ့မှာ ခွင့်ပြန်လာတာနဲ့ ကြုံကြိုက်တာမို့ သားကြီး သားငယ်တို့နဲ့အတူ ကျမတို့ သားအမိသုံးယောက် ၆ရက်နေ့အလှူကို ပြီးမြောက်စေခဲ့ပါတယ်။ ၇-၄-၂၀၁၂ ရက်နေ့မှာ ဒုတိယညီမလေးရဲ့သား တူတော်မောင်ရဲ့ မင်္ဂလာဆွမ်းကျွေး ဧည့်ခံပွဲ မဟာစည်မှာ ကျင်းပတာကြောင့် ညီမလေးကို ကူလုပ်ပေးပြီး ဧည့်ခံပွဲပြီးတာနဲ့ သားနှစ်ယောက်နဲ့ အတူ အိမ်ဦးသခင်ရှိရာ အရပ်ကို ခြေဆန့် ခရီးဆက်ရပြန်တယ်။ အကြောင်းကတော့ ၈-၄-၂၀၁၂ရက်နေ့မှာ သားနှစ်ယောက် ဒုလ္လဘရဟန်းခံဘို့ပါ။ ခွင့်ရဘို့ အင်မတန်ခဲယဉ်းတဲ့ သားငယ် အခုဆိုရင် အသက်လည်း ၂၀ကျော်နေပြီမို့ အခွင့်အခါသင့်တုန်း ပဉ္ဇင်းခံစေလိုတဲ့ ကျမတို့ဇနီးမောင်နှံရဲ့ ဆန္ဒကို အကောင်အထည် ဖေါ်ဖြစ်ခဲ့ ကြပါတယ်။ မိဘအနေနဲ့ ရင်ထဲမှာဖော်ပြလို့ မရနိုင်တဲ့ ကြည်နူးမှု ဝမ်းသာမှုပီတိ အရှိန်အဟုန်တို့နဲ့အတူ အမြဲတန်း မိသားစုအပေါ် နားလည်မှုပေးပြီး ကြင်နာမှု အပြည့်အဝနဲ့ မေတ္တာတွေ လွှမ်းခြုံပေးထားတဲ့ ကျမရဲ့ ကျေးဇူးရှင် အိမ်ဦးသခင်ကိုလည်း ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိခဲ့ပါတယ်။ သားနှစ်ယောက်ကို ရဟန်း ခံယူစေတဲ့နေ့ မနက်ပိုင်းမှာ ကျမ မတော်တဆ ခလုတ်တိုက်ရာကနေ ကျမရဲ့ ခြေချောင်းနှစ်ချောင်း အရိုးအက်ခဲ့ပြီး အဲဒီနေ့လည်မှာပဲ ဒုတိယ ညီမလေးဆီက ဖုန်းဝင်လာတယ်။ အငယ်ဆုံး ညီမလေးရဲ့ခင်ပွန်း ဆုံးပြီတဲ့။ သာမန် အားဖြင့် မွေးဖွားခြင်း သေဆုံးခြင်းဆိုတာ ကျမတို့အားလုံး အတွက် ကြုံရဆုံရမှာကို သတိကပ်နေတဲ့ကြားက ညီမလေးအတွက် စိတ်မကောင်းဖြစ်မိတယ်။ ကျမတို့ အားလုံး သမုဒယ သံယောဇဉ်တွေ ရစ်နှောင်နေသမျှ ကာလပတ်လုံး ဒုက္ခဆင်းရဲခြင်းဆိုတဲ့ သံသရာရဲ့သားကောင် အဖြစ် ရှင်သန်နေကြရ အုံးမှာပါ။ ကျမအနေနဲ့ ပို့စ်အသစ်ကို လောလောဆယ် တင်ဘို့ရာ စိတ်မပါလို့ အခက် အခဲဖြစ်နေပေမဲ့ ဘလော့မိတ်ဆွေတို့ အတွက် စဉ်းစားပြန်တော့ ပို့စ်တစ်ပုဒ်တော့ တင်လိုက်ချင်ပြန်တယ်။ သင်္ကြန်အခါတော် အတွက်လည်း  နှုတ်ခွန်းဆက်သ လိုတယ်လေ။ ပျော်ရွှင်နေကြတဲ့ အခါသမယလေးမှာ စိတ်ရှုပ် စရာလေးများ ရေးမိသွားတဲ့တိုင် သံဝေဂရစေဘို့ စေတနာလေးနဲ့ ရေးလိုက်ခြင်းဖြစ်ပါတယ်နော်။

မီး (၁၁)ပါး လင်္ကာ
သူသူငါငါ ဖြစ်လေရာဝယ်
ဦးစွာကြိုဆီး ဇာတိမီးက
အပြီးပုံသေ လောင်မြိုက်လေ၏
မသွေတသီး ဇရာမီးလည်း
အပြီးနောက်မှာ ကပ်လျှက်ပါ၏။
မကွာစေရ မရဏဟု
တဘဝဖျက်ဆီး လောက်သည့်မီးလည်း
ညီးညီးပြောင်ပြောင် အမြဲလောင်၏
လောင်ပုံလောင်အား မထင်ရှားလည်း
နုထွားပျိုမြစ် အရွယ်ဖြစ်သော်
အချစ် ရာဂ မီးတွေထ၍
ဒေါသ ထန်ပြင်း မောဟ ညှင်း၏။
မကင်းနိုင်အောင် ထိုနောင်နောင်လည်း
ပြောင်ပြောင်ညီးညီး သောကမီးကြောင့်
ဝမ်းနည်းဖွယ်တွေ့ အထွေထွေဖြင့်
ပရိဒေဝ ငိုကြွေးရလျှက်
ဒုက္ခလည်းထပ် ဒေါမနသ်နှင့်
ဆက်စပ်မကွာ ဥပါယာသ
လွန်ပြင်းပြ၍ သက်မျှမရှု
တက်အောင်ပူသည်
ဆူဆူမီးတောက် ဆယ့်တစ်တည်း။ ။

နှစ်သစ်မင်္ဂလာရက်မြတ်နဲ့အတူ စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပြီး တရားထူး တရားမြတ်များ ရရှိကြပါစေ။ (မောင်စိန်လှိုင်ကောင်းရာသုဂတိလားပါစေ)

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz