x

20.4.12

ဖြည်ရခက်တဲ့ ကြိုးထုံးများ


စဥ့်ကိုင် စုပေါင်းရဟန်းခံရှင်ပြုပွဲမှာ အိမ်ဦးသခင်နဲ့အတူ သာဓုခေါ်ဆိုခဲ့
ဟင်းမယ်စုံလင်စွာနဲ့ဆွမ်းကပ်ခွင့်ကြုံခဲ့ရ
လှူတန်းမှုအစုစုသည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်ရပါစေသား
ရွှေမြင့်မိုရ်မိုးကုတ်ဝိပဿနာကျောင်း ရန်ကုန်မှာမွေးနေ့အလှူပြုလုပ်ခဲ့စဉ်က
သားနှစ်ယောက်နဲ့အတူ ဆရာတော်ကို သိက္ခာထပ်ပွဲအတွက် လှူတန်း
သိမ်ဆင်းလောင်းလှူ 
သားတို့နဲ့အတူ လှူတန်းခဲ့စဉ်က အမှတ်တရ
 သံဃာများနဲ့ ယောဂီများအတွက် နေ့ဆွမ်းလှူခွင့်ရ
စဥ့်ကိုင်မြေသို့တစ်ခေါက် ပြန်ရောက်ခဲ့
၇-၄-၂၀၁၂ ညမှာ မိုးနဲ့အတူ ကျလာတဲ့ မိုးသီးများ
ရခဲလှသော ဒုလ္လဘရဟန်းအဖြစ် ရှင်ကုသလနဲ့ရှင်နန္ဒမာလာတို့ အမှတ်ရ

ပို့စ်တစ်ပုဒ်ကို ရေးဘို့အတွက် ပြင်ဆင်လိုက်တာနဲ့ အတွေးထဲ အရင်ဆုံး အပြေးကလေး ရောက်လာတာ ကတော့ ဘလော့တွေကို အလည်အပတ် မှန်မှန်မရောက်ဖြစ်ပဲ ပျက်ကွက်နေတဲ့ အတွက် ဘလော့ဂါ များကို တောင်းပန်ခြင်တာလေးပါ။ မတ်လအကုန်ကစလို့ ကျမ ရန်ကုန်-မန္တလေးကို အိမ်ဦးနဲ့ ကြမ်းပြင် လို ခေါက်တုန့်ခေါက်ပြန် သွားလာဘို့ရာ အကြောင်းလေးတွေက ဖန်တီးလာလို့ပါ။ ကျမရဲ့ ဘလော့ကို ဖတ်မိသူတွေတော့ ကျမအပေါ် ခွင့်လွှတ်နားလည် ကြမယ်လို့ ယုံကြည်ပါတယ်။ ဒီရက်ပိုင်းတွေမှာ ကျမကို လောကဓံတရားကလည်း မျက်ဝါးထင်ထင် ကိုယ်ယောင်ပြနေတာကို သံဝေဂလေးနဲ့အတူ သတိ ချပ်နေမိတယ်။ ပျော်ရွှင် ကြည်နူးခြင်းများနဲ့အတူ ဝမ်းနည်း ကြေကွဲမှုတွေဟာ မထင်မှတ်တဲ့အချိန်တွေမှာ အနတ္တသဘော အတိုင်း အရာရာဟာ သူ့သဘောသူ ဆောင်ပြီး ဖြစ်ပျက်ပြောင်းလဲ နေပါတော့တယ်။ ကျမ ၁၃-၄-၂၀၁၂ ရက်နေ့က တင်ခဲ့တဲ့ ‘နှစ်သစ်ကူးလက်ဆောင်’ ပို့စ်လေးမှာ ကျမတွေ့ကြုံနေရတဲ့ လတ်တလော အခြေအနေလေးတွေကို ရေးပြခဲ့ပြီးပါပြီ။ ခင်ပွန်းသည် ဆုံးပါးသွားတဲ့ ညီမလေးကို အားပေးစကား နှစ်သိမ့်စကား ပြောချင်တာရယ် သားငယ်ရဲ့ စာမေးပွဲအတွက်လည်း လိုအပ်တာလေးတွေ လုပ်ပေးဘို့ရာ ဆရာဝန်က သုံးပတ်လောက် ခြေထောက်ကို အသုံးမပြုပဲ အနားပေးပါလို့ ဆိုထားတဲ့ကြားက ၁၅-၄-၂၀၁၂ ရက်နေ့မှာတော့ သားငယ်နဲ့အတူ စင်္ကာပူနိုင်ငံကို လိုက်ခဲ့ပါတယ်။ အရင်ကဆိုရင် စင်္ကာပူနိုင်ငံကို လေယာဉ်ဆိုက်လာတာနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနကို အများနည်းတူ ရောက်မှန်း မသိ ရောက်ခဲ့ပေမယ့် ဒီတစ်ခေါက်တော့ ခြေထောက်က ကျမ မှန်းတာထက် ပိုနာပြီး ရောင်နေတာကြောင့် တစ်လှမ်းခြင်း လှမ်းရင်း အပြင်ရောက်ဘို့ တစ်နာရီခွဲလောက် အချိန်ပေးခဲ့ရပါတယ်။ ခြေထောက်နာတာကို ဂရုမစိုက်နိုင်ပဲ ၁၆ရက် ၁၇ရက် နှစ်ရက်ဆက်တိုက် ညီမလေးအိမ်မှာပဲ မိုးလင်းတာနဲ့သွားပြီး မိုးချုပ်မှပြန် အချိန်ပေးခဲ့သလို အိမ်ပြန်ရောက်ပြန်တော့ မေးလ် စစ်ရုံလောက်သာ စစ်နိုင်ခဲ့ပြီး ဘလော့ရွာထဲကို အရင်လို တစ်အိမ်ဝင် တစ်အိမ်ထွက် လည်ဘို့ရာ အားအင်ကုန်ခမ်းနေပါတယ်။

၁၈-၄-၂၀၁၂ ဗုဒ္ဓဟူးနေ့ကစပြီး ညီမလေးရုံးပြန်တက်တာကြောင့် ကျမလည်း ဘယ်မှမသွားတော့ပဲ ကိုယ့်မွေးနေ့တစ်ရက်ကို အွန်လိုင်းမှာတင် အချိန်ဖြုံးရင်း အေးချမ်းစွာနဲ့ ခြေထောက်ကို အနားပေးခဲ့ပါတယ်။ ကျမရဲ့ မွေးနေ့အတွက် အချိန်ပေးပြီး မွေးနေ့ဆောင်းပါးလေးကို တရားဓမ္မများ ဆုံးမ သြဝါဒလေးများနဲ့ အတူ ရေးပေးခဲ့တဲ့ ပန်းကမ္ဘာဆရာတော် အရှင်သုနန္ဒာလင်္ကာ၊ ကဗျာလေး စပ်ပေးခဲ့တဲ့မောင်ဘုန်း၊ ကိတ်မုန့် အမျိုးမျိုးနဲ့ ဧည့်ခံပေးတဲ့ နတ်သမီးလေးတို့နဲ့ ကျမကို ကိတ်မုန့် ပန်းခြင်း ဓာတ်ပုံဒီဇိုင်းလေးတွေ လုပ်ပေးတဲ့ ဘလော့ဂါသူငယ်ချင်းများ အေအေဘီအဖွဲ့သားများ RIT ကသူငယ်ချင်းများနဲ့ ဂျီတော့မှ မွေးနေ့ အတွက် ဆုတောင်းပေးသူများရဲ့ စကားခွန်းလေးတွေ စတဲ့ လူတစ်ရာ့ငါးဆယ်ကျော်ကို အချိန်ကုန်မှာ စိုးတာကြောင့် ဘလော့မျက်နှာပြင်မှာ ဖော်ပြခြင်းမရှိတဲ့တိုင် ဖုန်းနဲ့ ဆက်သွယ်ပြီး တောင်းဆုလေးပေး သွားတဲ့ အိမ်ဦးသခင်၊ သားများနဲ့ ဆွေမျိုးများ၊ မိတ်ဆွေ သူငယ်ချင်းများ နည်းတူ ကျမရဲ့ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကြည်နူးဝမ်းသာစွာနဲ့ ကျေးဇူးတင်ပြီး ကျမရဲ့ ဘဝတစ်စိတ် တစ်ဒေသ မှတ်တမ်းအဖြစ် သိမ်းဆည်း ထားပါတယ်။ ကျမရဲ့ ပို့စ်လေးတွေနဲ့ ပတ်သက်ပြီးလည်း ကျမရဲ့ ဘလော့ဂါသက်တမ်း ၁၀လအတွင်း အများဆုံးလာရောက်အားပေးတဲ့ ၁၂ရက်မတ်လ၂၀၁၂ ရက်နေ့မှာ တင်ခဲ့တဲ့ ‘အပြုံးနဲ့ အဆုံးသတ်ရက်များ’ ပို့စ်ကို စာဖတ်သူ စုစုပေါင်း ၅၂၆ ယောက် လာရောက်အားပေးခဲ့တာကိုလည်း ကြည်နူးစွာနဲ့ မှတ်တမ်း တင်ခဲ့ဘူးပါတယ်။
မွေးနေ့ပွဲအတွက် ရခဲ့တာလေးတွေမှ တစ်ချို့
 


စာဖတ်သူ အများဆုံး လာရောက်အားပေးခဲ့စဉ်က မှတ်တမ်း

ဒီကနေ့ ၁၉-၄-၂၀၁၂ ရက်နေ့ကတော့ လွန်ခဲ့တဲ့ ၈-၄-၂၀၁၂က ကွယ်လွန်သွားတဲ့ မောင်စိန်လှိုင် (ညီမလေးရဲ့ခင်ပွန်း) မွေးနေ့ဖြစ်ပါတယ်။ ညီမလေးက ခရိယာန်ဘာသာ ဝင်ဖြစ်တာမို့ မောင်စိန်လှိုင် ကိုးကွယ် ပူဇော်ခဲ့တဲ့ ဗုဒ္ဓရှင်တော်မြတ် ဆင်းတုရုပ်ပွားတော်နဲ့ နဝကမ္မအလှူတော်ငွေ တို့ကို မြန်မာ ဗုဒ္ဓ ဘာသာ ဘုန်းကြီးကျောင်း မှာ လှူပေးဘို့ ပြောလာတာကြောင့် မောင်စိန်လှိုင် အတွက် ရည်စူးပြီး ကျမနဲ့ တတိယ ညီမလေးတို့ တိုပါးယိုးက မြန်မာဘုန်းကြီးကို ဒီမနက်အရောက်သွားခဲ့ပြီး လှူတန်းဖြစ်ခဲ့ပါတယ်။ ကျမတို့ ဆွေမျိုး မိတ်သင်္ဂေဟ အားလုံးတို့ရဲ့ ပြုပြုသမျှသော ဒါန သီလ ဘာဝနာ အစရှိသော ကုသိုလ် အစုစုတို့ရဲ့ ကောင်းမှုကံ စေတနာတို့ကြောင့် မောင်စိန်လှိုင် တစ်ယောက် ရောက်လေရာ ဘုံဘဝမှာ သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ဘို့ရာ မောင်စိန်လှိုင်မှအစပြုပြီး အားလုံးသော လူ နတ် ဗြဟ္မာသတ္တဝါအပေါင်းတို့ကို အမျှပေးဝေပြီး သာဓုခေါ်ဆိုစေခဲ့ပါတယ်။ ကျမရဲ့ ရင်ထဲမှာတော့ ဝမ်းသာမှု ဝမ်းနည်းမှု များရောထွေးနေတဲ့ ခံစားမှုများဟာ မွမ်းကြပ်နေသလို နှောင်ကြိုးတွေနဲ့ ရစ်ပတ် ရှုပ်ထွေးနေတဲ့ ဒီကြိုးထုံးကြီးကို ပြေသွားစေဘို့ ခက်ခဲသည့်တိုင် ကျမတို့တစ်တွေ အခွင့်ကြုံတိုင်း တစ်စခြင်း တစ်စခြင်း ဖြည်နိုင်ကြမှသာ ကြိုးထုံးပြေပြီး မပြီးဆုံးနိုင်တဲ့ သံသရာ စက်ကွင်းကနေ လွတ်မြောက်နိုင်ကြကာ အို နာ သေဘေး ကင်းဝေးရာ အမှန် မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြမှာ ဖြစ်ပါတယ်လို့ ပြောခဲ့ပါရစေနော်။ နိဗ္ဗာန်ကို အမှန်တကယ် မျက်မှောက်ပြုချင်ကြတယ် ဆိုရင်တော့ သစ္စာလေးပါးကို တွေ့အောင် အရင်ဆုံး ရှာဖွေရမှာဖြစ်ပါတယ်။

ဗုဒ္ဓရှင်တော်မြတ်အား သွားရောက်ဖူးခဲ့စဉ်က
ဆရာတော်သို့ ဗုဒ္ဓရှင်တော်မြတ် ရုပ်ပွားတော်နဲ့ နဝကမ္မဝတ္ထုလှူစဉ်
ဆရာတော်မှ မောင်စိန်လှိုင်မှ အစပြုပြီး အားလုံးသော သူတို့အတွက် အမျှပေးဝေ တောင်းဆုချွေ

သစ္စာလေးတန် အမှန်လေးချက် {အရှင်နန္ဒာစရိယ (ဝမ်းတွင်း)}
၁။ မြေ ရေ မီး လေ လေးထွေဘုတ်စု၊ စက္ခု သောတ ဃာန ဇိဝှါ ကာယ မနော ဝဏ္ဏောသဒ္ဒ၊ ဂန္ဓ ရသာ၊ ဖောဌဗ္ဗာနှင့် ဓမ္မအပြား ဤတရားကို ဒုက္ခဆို။
၂။ လိုလိုချင်ချင် ခင်မင်စုံမက် ငဲ့ကွက်တွယ်တာ သာယာသမှု တဏှာစုကား သမုဒယ။
၃။ ဒုသ နှစ်တန် ချုပ်ရာမှန်သည် နိဗ္ဗာန်မည်ရှိ မြတ်ခေါင်ထိကို နိရောဓမှတ်။
၎။ တစ်ရပ် ထို့ပြင် ဖြူစင်လှဘိ ဒိဌိ သင်္ကပ္ပါ၊ ဝါစာ ကမ္မန္တ အာဇီဝနှင့် ဝါယာမ သတိ သမာဓိဟု ရှိသည့် အပြား ဤရှစ်ပါးကို မဂ္ဂဆို။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz