x

9.5.12

မွန်မြတ်တဲ့လက်ဆောင်


မေလ၆ရက်နေ့မှာ ကျမနေတဲ့ အိမ်က ညီမလေးတို့ ဇနီးမောင်နှံရဲ့ သမီးလေးစေ့စပ်ပွဲ ပြုလုပ် ခဲ့ ပါတယ်။ ဗုဒ္ဓဘာသာတို့ရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာနဲ့အညီ ဂျူရောင်းအိစ်အတွင်း သတင်းသုံး နေ ထိုင်တော် မူတဲ့ သံဃာတော် အရှင်သူမြတ် သုံးပါးအား အိမ်ကို ပင့်ဆောင်ပြီး နေ့ဆွမ်း ကပ်လှူ ခဲ့ရာကနေ ဆရာတော်ဘုရား ဟောကြားတော်မူတဲ့ ဓမ္မလက်ဆောင် တရားတော်ကို ရိုသေလေးမြတ်စွာ နာရင်း ကျမနှစ်သက် သဘောကျခဲ့တာကြောင့် ကျမရဲ့ အတွေးအမြင်နဲ့ ခံယူချက်လေးကို စာဖတ်လာသူ ဆွေမျိုး မိတ်သင်္ဂဟတို့လည်း ဖတ်ရှုပြီး အကြံဉာဏ်များ ပေးနိုင်စေရန် ဒီပို့စ်လေးကို တင်လိုက်ခြင်းဖြစ်ပါတယ်။

Jurong East မှ သံဃာတော်များအားပင့်ဖိတ်
 ငါးပါးသီလ ခံယူ
မိသားစု သံဃာတော်အရှင်သူမြတ်တို့အား သြကာသ ကန်တော့ကြိုးဖြင့် ပူဇော်
စေ့စပ်ပွဲမှာ တူစုံနွှဲလို့ ရေစက်ချ
ဆွေမျိုး မိတ်သင်္ဂဟများနဲ့အတူ တရားနာ
နဝကမ္မအလှူတော်ငွေ ကပ်လှူ
ဒန်ပေါက်နေ့ဆွမ်းကပ်လှူစဉ်
သံဃာသ နိဗ္ဗာန်န ပစ္စယော ဟောတု



သံဃာတော်များ အဟာရ မသုံးဆောင်မှီ ဆင်ခြင်ခြင်း
မိသားစုများရဲ့ ထမင်းဝိုင်း
သားငယ်နဲ့တီတင့် အမှတ်တရ
 ဒန်ပေါက်နဲ့ဧည့်ခံ
လောကလူ့ဘုံ သံသရာ စက်ဝန်းကြီး အတွင်းမှာ ကျမတို့ လူသားများအနေနဲ့ မိသားစု အသိုင်းအဝိုင်းကြီး ကိုယ်စီမှာ ချစ်ခြင်း အမျိုးမျိုးနဲ့ ချစ်ခင်တွယ်တာစွာ နေထိုင်ရှင်သန်လျှက် ရှိကြပါတယ်။ ဥပမာ မိသားစု တစ်စုအတွင်းမှာ မိဘနဲ့ သားသမီး၊ မောင်နှမ အချင်းချင်း ဆွေမျိုးသားခြင်းတို့ဟာ ၅၂၈ချစ်ခြင်းမျိုးနဲ့ အချင်းချင်း ချစ်ခြင်းမေတ္တာများဖြင့် နှောင်ဖွဲ့နေကြသလို ၁၅၀၀ ချစ်ခြင်းမေတ္တာမျိုးနဲ့ တစ်နည်း တစ်ဖုံ ဇနီးမောင်နှံတို့လည်း အချင်းချင်း ချစ်ခင် ပေါင်းသင်း နေထိုင်လျှက်ရှိကြတာ သဘာဝတရားပါ။

တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ပေါင်းသင်း ဆက်ဆံရာမှာ အရေးပါ အရာရောက်တဲ့ အချက်လေးတွေကို သတိမူသင့်ပါတယ်။ နှစ်ကိုယ့်တစ်စိတ် အဖြစ် ခံယူနိုင်ဘို့ရာ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု၊ နားလည်မှုနဲ့ ဂါရဝတရား လက်ကိုင်ထား ရှိမှုတို့ဟာ အဓိကကျပါတယ်။ ယုံကြည်မှု၊ နားလည်မှုနဲ့ ဂါရဝတရားတို့ ပေါက်ဖွား ရှင်သန်စေဘို့ ကျမတို့တစ်တွေရဲ့ မာန်မာနတွေကို ခဝါချ ဖယ်ရှား ထားရမှာ မရှိမဖြစ် လိုအပ်တဲ့ အချက်တစ်ချက်ပါ။ လူတိုင်းကိုယ်စီမှာ အားသာချက် အားနည်းချက် တို့ ဒွန်တွဲ ရှိစမြဲမို့ လူတစ်ယောက်ရဲ့ အားသာချက်ကို ချီးမွမ်းအားကျမှုမျိုး မပြုလုပ်ချင် နေပါစေ။ ထိုသူရဲ့ အားနည်းချက်ကို အထင်သေး ထောက်ရှု နှိမ့်ချမှုမျိုး မလုပ်သင့်ပါ။

သံသယဆိုတဲ့ ယုံကြည်မှုရဲ့ဆန့်ကျင်ဖက်ဟာ နှစ်ရှည်လများ တည်ဆောက်ခဲ့လို့ ခိုင်မာ တောင့်တင်းနေတဲ့ မိသားစု အသိုက်အမြုံကြီးကို တိုတောင်းတဲ့အချိန် ကာလ အတွင်းမှာ တစ်စဆီဖြစ်အောင် လွယ်ကူစွာ ပြိုလဲပျက်စီး သွားစေနိုင်တဲ့ အစွမ်းသတ္တိရှိသလို မိသားစု ဆွေမျိုး သားချင်း မိတ်ဆွေ သင်္ဂဟတို့ အပေါ် ယုံကြည်မှုပေးခြင်းရဲ့ တန်ပြန်မှုဟာလည်း ဘဝအတွက် အောင်မြင် တိုးတက်ပြီး စိတ်ချမ်းမြေ့မှု အစရှိတဲ့ ကောင်းကျိုးများဖြစ်ထွန်းဘို့ရာ အခွင့် အလမ်းတွေပါ။ အထူးသဖြင့် ထူထောင်ပြီးသား အိမ်ထောင်တစ်ခုမှာ အိမ်ဦးသခင်ဖြစ်သူ ခင်ပွန်းသည်အပေါ် ယုံကြည်မှု အပြည့်အဝ ထားခြင်းဟာ ကိုယ့်ခင်ပွန်းသည်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခြင်းနှင့် ထပ်တူပင်ဖြစ်ပါတယ်။ အလားတူ ဘဝတစ်သက်တာ အတွက် ရည်မှန်းပြီး ရွှေလက်ခိုင်ခိုင် မြဲမြဲ တွဲနေကြသူ ချစ်သူတို့ အတွက်လည်း ယုံကြည်မှုဆိုတာ နှစ်ဦးသားရဲ့ အနာဂါတ်အတွက် အနှိုင်းမဲ့ အလင်းတန်း တစ်ခုပါပဲ။

အချင်းချင်းနားလည် ညှိနှိုင်းမှု မရှိတဲ့ မိသားစုရဲ့ ဘဝခရီးလမ်းဟာ အေးချမ်းသာယာမှု ဖြစ်တည်လာဘို့ ခဲယဉ်းလှပါတယ်။ ဆင်းရဲ ချမ်းသာမှုဟာ ပဓာနမကျပဲ တစ်ယောက်အပေါ် တစ်ယောက် နားလည်ပေးမှု သည်းခံ စိတ်ရှည်မှုနဲ့ အလိုက်သိမှုတို့ကသာ အဓိကကျပါတယ်။ ဓာတ်ကြီးလေးပါးတို့နဲ့ ဖွဲ့စည်း တည်ထားရာ ဖြစ်တဲ့ ဤသတ္တ လောကကြီး အတွင်း မှီတင်း နေထိုင်သူ တို့မှာလည်း အဖက်ဖက်က ပြီးပြည့်စုံတဲ့သူ ရယ်လို့ မရှိတာကြောင့် ယုံကြည်မှုကို ခုတုံးလုပ်ပြီး ထင်ရာမြင်ရာ အမှန်ထင်ပြီး လမ်းလွဲနေသူတို့လည်း အနည်းနဲ့အများတော့ ပါလာတတ်တာကြောင့် ဘယ်လိုဖြစ်စေ မိမိကိုယ်ကိုသာ အကောင်းဆုံးနဲ့ လမ်းမှန်လျှောက်နိုင်သူ ဖြစ်စေဘို့ လိုအပ်ပါတယ်။

လူပုဂ္ဂိုလ် တစ်ဦးအပေါ်တစ်ဦး ဂါရဝတရား လက်ကိုင်ထားမှုဟာလည်း မဖြစ်မနေ လိုအပ်တဲ့ အချက် တစ်ချက်ပါ။ လူကြီးတွေအရှေ့ ခါးလေးကိုင်းပြီး သွားလာနေတိုင်း ရိုသေဂါရဝပြုတာ ဖြစ်ချင်မှဖြစ်မှာပါ။ ကိုယ့်ရဲ့ စိတ်သန္တာမှာ အမှန်တကယ် နှလုံးသားမှ လာတဲ့ ရိုသေ လေးစားမှုရှိတဲ့ ဂါရဝတရား ဖြစ်ဘို့ လိုအပ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး လေးစားသမှု ဂါရဝတရားတို့ဟာ အသက်ကြီးသည် ငယ်သည် မဟုတ်ပါ။ မိဘအပေါ် ရိုသေကိုင်းရှိုင်း ဂါရဝတရားရှိသူ သားသမီးတို့အပေါ်လည်း မိဘဖြစ်သူတို့က တန်ပြန်ပြီး လေးစားမှုကို အသိမှတ်ပြုကာ တုန့်ပြန်သင့်ပါတယ်။ အလားတူ မောင်နှမ အချင်းချင်း၊ ဆွေမျိုး သားချင်းနဲ့ ဇနီးမောင်နှံတို့လည်း ဂါရဝတရား လက်ကိုင်ထားကာ တစ်ဦးနဲ့တစ်ဦး လေးစားမှုရှိသင့်ပါတယ်။

ဆိုခဲ့ပြီးတဲ့ ယုံကြည်မှု နားလည်မှုနဲ့ ဂါရဝတရားတို့ ကိုယ်စီကိုယ်ငှ ပြီးပြည့်စုံစေရန် ကိုယ်၊ နှုတ် ၊နှလုံး စောင့်ထိန်းခြင်းဖြင့် ကာယ သုခ စိတ္တသုခတို့ ခံစားရရှိကာ ဘဝအေးချမ်းမှုဖြစ်တဲ့ မေတ္တာတရားနဲ့ စစ်မှန်တဲ့ သစ္စာတရား တို့ကို ပိုင်ဆိုင်ခွင့်များ ရရှိဘို့ အခွင့်အလမ်းများကို ဓမ္မဓိဌာန် ကျကျ မျက်ဝါးထင်ထင် တွေ့မြင်နိုင်ကြရမှာဖြစ်ပါတယ်။

သူတော်လက္ခဏာ
သူတော်လက္ခဏာ ဆယ့်နှစ်ဖြာကား
စိတ်ထားရှည်စွာ မကြွားဝါခြင်း
မပျင်းဒေါသ မာနမထူ
ကျေးဇူးသိမြင် ဂုဏ်လျင်မပြိုင်
ပြည့်လှိုင်တင့်ရိုး
ကိုယ်ကျိုးကိုသာ မရှာပေလိမ့်။
သူ့အပြစ်ကို မှတ်စစ်မထား
သူတပါးကို စကားပြစ်တင်
မဆိုခြင်ကြောင်း
မကောင်းမှု၌ မကြိုက်မရွှင်
ကောင်းမှုမြင်မူ ကြည်လင်ဝမ်းသာ
သည်းခံပါလည်း များစွာရှိသော်
လူသူတော်ဟု အံ့အော်သိမြင်
မှတ်တုံခြင်လော့။  ။

စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။


မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz