x

16.5.12

ရောက်ခဲ့ပေါ့ မလေးတို့ ဌာနေ


၁၂-၅-၂၀၁၂ စနေနေ့မနက် ၉နာရီမှာ ကျမတို့ညီအစ်မနှစ်ယောက် မောင်ညိမ်းနိုင် အကူအညီနဲ့ မလေးရှားနိုင်ငံ ကွမ်လမ်လာပူမြို့ (Kuala Lumpur) ကိုအလည်အပတ် သွားရတော့မယ်ဆိုတော့ စိတ်ထဲမှာ ပျော်ရွှင်နေမိတယ်။ တစ်ကြိမ်တစ်ခါမျှ မရောက်ဘူးသေးတဲ့နေရာ တစ်နေရာ နိုင်ငံ တစ်နိုင် ဖြစ်တဲ့ အပြင် အွန်လိုင်းပေါ်ကနေ ခင်မင်စရာကောင်းတဲ့ ဘလော့ဂါ များနဲ့ တွေ့ရတော့မယ် ဆိုတဲ့ အသိက စိတ်ကို ကြည်နူးစေမိတာ အမှန်ပါ။ ပထမဦးဆုံး အကြိမ် မန္တလေးက ဘလော့ဂါတွေနဲ့ တွေ့မယ် ဆိုတုန်းကလည်း တူညီတဲ့ ခံစားချက်မျိုးကို ခံစားခဲ့ဘူးသလို ဘလော့ဂါတွေနဲ့ တွေ့ရမယ် ဆိုတိုင်း စိတ်ထဲမှာ အရင်ထဲက ခင်မင်ဘူးသူတွေ အနေနဲ့ ပြန်ဆုံဆည်း သလိုပါပဲ။ နေမကောင်း ဖြစ်နေတဲ့ မဒိုးနဲ့ ကိုရင် (လိမ္မော်သီးသိုင်း ဇနီးမောင်နှံ) တို့ ကားဂိတ်ကို လာကြိုမယ်ဆိုတာရယ်၊ တနင်္ဂနွေမှာ မင်းဧရာ(နွေတေးရှင်) က တာဝန်ယူပြီး အထင်ကရ နေရာတွေ လိုက်ပို့ပေးမယ်ဆိုတဲ့ အကြောင်း သတင်းကောင်းတွေက တစ်ဖွဲဖွဲ နားထဲကို စဉ်ဆက်မပြတ် ကြားနေရသလို သောမတ်စ်ကလည်း လာကြိုပေးရမလားမေးတယ်။ တစ်ခါ ညနေ ငါးနာရီမှာ အားလုံးလိုလို အလုပ်များတဲ့ကြားက ဆုံတွေ့ကြဘို့ ချိန်းထားတယ်ဆိုတော့ အခုလို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာကို သိရတဲ့အတွက် မလေးဘက်ကို ခရီးထွက်ခဲ့တာ အလဟသ မဖြစ်တော့ဘူး ဆိုတဲ့ အသိနဲ့ ထင်တာထက်ကို ပိုပြီး စိတ်ကြည်နူးမှု အပြည့်အဝနဲ့ ပျော်နေခဲ့တယ်။

 Causeway link ယာဉ် နဲ့လိုက်ပါခဲ့ကြတယ်

စနေနေ့ မနက် ကိုးနာရီမှာ ဂျူရောင်းအိစ် အိုင်အမ်အမ် အရှေ့က ခရီးသွားမဲ့ကား ထွက်မှာမို့ ညီမလေးက မနက် ၇နာရီခွဲလောက် ကျမနေတဲ့ အိမ်ကို ရောက်လာပြီး ၈နာရီမှာတော့ ညီအစ်မနှစ်ယောက် အထုပ်အပိုး ကိုယ်စီနဲ့ အိုင်အမ်အမ်ကို ထွက်လာခဲ့ကြတယ်။ ကျမနေတဲ့ နေရာနဲ့ အိုင်အမ်အမ်က နီးနီးလေး ဖြစ်တာကြောင့် ၁၀မိနစ်အတွင်း ရောက်သွားတယ်။ မောင်ညိမ်းနိုင်နဲ့က ၈နာရီခွဲ ချိန်းထားတဲ့အတွက် ပိုနေတဲ့ အချိန်လေးမှာ Giant ထဲမှာ အချိန်ဖြုန်းနေလိုက်ကြတယ်။ မောင်ညိမ်းနိုင် လည်း ရှစ်နာရီခွဲလောက် စောရောက်လာပြီး မနက် ကိုးနာရီမှာ ခရီးစတင်ထွက်ခဲ့တယ်။ မလေးရှား နယ်စပ်ကို ဖြတ်ကျော်တဲ့အခါ စင်္ကာပူ လူဝင်မှု ကြီးကြပ်ရေးဌာန (အထွက်)နဲ့ မလေးရှား လူဝင်မှုကြီး ကြပ်ရေးဌာန (အဝင်)တို့ကို ဖြတ်ကျော်ရပါတယ်။ ထုပ်ပိုးပစ္စည်းတွေပါ သယ်ဆောင်ရတဲ့အတွက် ကျမမှာ ဓာတ်ပုံရိုက်ဘို့ အခွင့်အရေးမရခဲ့ဘူး။ မလေးဘက်ကို ရောက်လာတော့ မျက်စိထဲမှာ ဆီအုန်းပင်တွေချည်း တစ်လမ်းလုံးမြင်နေရတယ်။ အလယ်ဘောင်တွေမှာ စိုက်ထားတဲ့ ပန်းအလှတွေကတော့ တစ်ရောင်တည်း ကို တစ်စုဆီ စိုက်ထားတာ မြင်ရပါတယ်။ ဘလော့ဂါနှစ်ယောက်ကတော့ တစ်ဖျပ်ဖျပ်နဲ့ ဓာတ်ပုံတွေရိုက် ညီမလေးကတော့ စာအုပ်ဖတ်ရင်း ယာဉ်ရဲ့ သယ်ဆောင်မှုကို လိုက်ပါလာကြပါတယ်။


































လမ်းမှာ နှစ်ကြိမ် အနားပေးပြီး ပထမအချိန် နားစဉ် မိနစ်နှစ်ဆယ် ပေးပြီး ဒုတိယအချိန် နားစဉ်မှာတော့ ဆယ်မိနစ် အချိန်ပေးကာ ခရီးဆက်ခဲ့ပါတယ်။ ညနေ ၃နာရီဝင်ရမဲ့ကားက လမ်းမှာ ကားပိတ်ဆို့မှု နာရီဝက်ကျော်လောက် အချိန်ကုန်သွားတာမို့ ညနေ ၃နာရီခွဲကျော်မှ ကားဂိတ်ကို ဝင်လာတယ်။ အတော်ကြီးကျယ် ခမ်းနားတဲ့ ကားဂိတ်ကြီးကို သဘောကျလို့ မှတ်တမ်းဓာတ်ပုံလေးတွေ ရိုက်ဖြစ်တယ်။ ကိုရင်နဲ့မဒိုးတို့လည်း အချိန်မှီလာကြိုပေမယ့် လမ်းမှာ ကားပိတ်ဆို့မှုဖြစ်နေတာကြောင့် တစ်နာရီလောက် နောက်ကျပြီးမှ ရောက်လာတယ်။



စမြင်မြင်ချင်းပဲ အွန်လိုင်းပေါ်မှာ ရင်းနှီး ခင်မင်သလို မိတ်ဟောင်းဆွေဟောင်းတွေ ပြန်တွေ့တဲ့ ပုံမျိုးနဲ့ လှိုက်လှိုက်လှဲလှဲ ရင်းရင်းနှီးနှီး ခရီးဦးကြိုတဲ့ မဒိုးတို့ ဇနီးမောင်နှံကို ကြည့်ပြီး ဝမ်းသာပီတိ ဖြစ်ခဲ့ရတယ်။ ညနေ ငါးနာရီမှာ မဟာနန်း မြန်မာစားသောက်ဆိုင်မှာ ဘလော့ဂါတွေ ဆုံဘို့ကြိုတင် စီစဉ်ထားတာကြောင့် ဟိုတယ်ဝင်ပြီး ချက်အင် မလုပ်ခင် စားသောက်ဆိုင်ကိုပဲ တိုက်ရိုက်သွားခဲ့ကြတယ်။ ဘလော့ဂါတွေဆုံဆည်းပွဲလေးမှာ အခက်အခဲ အမျိုးမျိုးကြောင့် လာဘို့ရာ အဆင်မပြေသူတွေကိုလည်း ဖုန်းနဲ့နှုတ်ဆက်ခွင့်ရခဲ့သလို မဟာနန်းမှာ ဘလော့ဂါ အားလုံး ၁၀ယောက် ဆုံဆည်းပြီး စည်စည်ကားကားနဲ့ ပြီးဆုံးသွားတော့ အပြန်မှာ တည်းခိုမဲ့ ဟိုတယ်ကို သောမတ်စ်လတ်က လိုက်ပို့ပေးတယ်။ ဟိုတယ်မှာ ရေချိုး ခနနားပြီး ညပိုင်းမှာ ကိုရဲ (ရဲထွန်းဇော်) တို့ဆိုင်မှာ အားလုံး ထပ်ဆုံဖြစ်ကြတယ်။ ဘလော့ဂါ တစ်ဦးဖြစ်တဲ့ အိန်းဂျယ် (Angel Shaper)နဲ့လည်း ဆုံဖြစ်သွားတယ်။ လွန်ခဲ့တဲ့ ၁၇နှစ်ကြာက ကျမမောင်လေး အပါအဝင် မြန်မာပြည်ကနေ ထွက်ခွာ သွားခဲ့ကြတဲ့ အုပ်စုထဲက ကျမနဲ့ တစ်စက်ရုံထဲ အလုပ်လုပ်ဖူးခဲ့တဲ့ စိုး (မခင်စိုးသွင်) ဆိုသူနဲ့ ဟိုတယ်မှာ ချိန်းထားတာကြောင့် ကိုရဲတို့ဆိုင်ကနေ စောစောပြန်လာခဲ့တယ်။ စိုးကိုမြင်လိုက်တော့ ပျောက်ဆုံး သွားခဲ့တဲ့ နံပါတ် ၄ မောင်လေးကို ပြန်သတိရပြီး စိတ်မကောင်းဖြစ်မိတယ်။ တစ်နာရီခန့် အလာပ သလာပပြောဆို ကြရင်း ၁၁နာရီလောက်မှာ စိုးရယ် စိုးနဲ့ပါလာတဲ့ အဖော် သုံးယောက် တို့ ပြန်သွားကြတယ်။




















နောက်တစ်နေ့ ၁၃-၅-၂၀၁၂ ရက်နေ့ မနက် မင်းဧရာ(နွေတေးရှင်)က Funway ဘက်ကို လိုက်ပို့ပေးတယ်။ ဒုဒု (ဒုတိယလူ) နဲ့ ဂျက် (ဂျက်စမင်) တို့လည်း ရှေ့ဆင့်နောက်ဆင့် ဆိုသလို ရောက်လာကြပြီး အားလုံး အတူအတူ လျှောက်လည်ခဲ့ ကြတယ်။ ဈေးပေါ ပစ္စည်းပေါ ကုန်တိုက်ကြီး တစ်ခုမှာ အချိန်ဖြုန်းကြရင်း နေ့လည်မှာတော့ ဂျက်က ဒကာခံကျွေးခဲ့တယ်။ ဂျက်က ကျန်းမာရေး မကောင်းတဲ့ကြားက ရောက်အောင်လာပြီး ကျမတို့ကို အဖော်လုပ်ပေးတဲ့အတွက် အားနာနာနဲ့ ကျေးဇူး တင်မိပါရဲ့ ဂျက်ရေ။ ဈေးဝယ်ပြီး အားလုံးလည်း ပင်ပန်းနေကြပြီမို့ လမ်းခွဲကြကာ ကျမတို့ ညီအစ်မနှစ်ယောက်လည်း ဟိုတယ်မှာ ခန ပြန်နားကြတယ်။ တစ်နာရီလောက်နားပြီး Time Square ဘက်ကို မင်းဧရာက လိုက်ပို့ပေးတယ်။ အစီအစဉ်အရတော့ ကျမတို့တွေကို မင်းဧရာက ပို့ပေးချင်တဲ့ နေရာတွေ များပေမယ့် လူငယ်မဟုတ်တဲ့ ကျမတို့ ညီအစ်မနှစ်ယောက် များများစားစား မသွားဖြစ်ခဲ့ကြဘူး။























ညနေဘက်မှာတော့ သောမတ်စ်လာကြိုပေးပြီး အထင်ကရ နေရာတစ်နေရာမှာ ဓာတ်ပုံရိုက်စေခဲ့တယ်။ မလေးကိုရောက်ရက်နဲ့ အဲဒီနေရာကို မရောက်ရင် မလေးရောက်တယ်လို့ မမီဘူးရယ်လို့ ဆိုစကား ရှိတယ်လို့ သိရတယ်း) ဓာတ်ပုံရိုက်ပြီးတဲ့အခါ သောမတ်စ်လတ်တို့ မိသားစုနေထိုင်ရာ အိမ်ဂေဟာမှာ ဇနီးဖြစ်သူရဲ့ ကြာဇံချက် သွားရောက်အားပေးရင်း ညဘက်မှာ မိုးလင်းလမ်းလို့ခေါ်တဲ့ တစ်ညလုံး စားသောက်ဆိုင်တွေနဲ့ စည်ကားနေတဲ့ လမ်းထဲက စားသောက်ဆိုင်တစ်ခုမှာ ဘလော့ဂါများ ဆုံဖြစ်ခဲ့ကြတယ်။ ည ၉နာရီလောက်မှာတော့ မင်းဧရာနဲ့ သောမတ်စ်တို့က ဟိုတယ်ကိုပြန်ပို့ပေးခဲ့ပြီး အနားယူခွင့်ရခဲ့တယ်။


၁၄-၅-၂၀၁၂ရက်နေ့မနက် ဟိုတယ်မှာ ဘရိတ်ဖတ်စ် စားပြီးတာနဲ့ ချက်အောက်တစ်ခါတည်း လုပ်ခဲ့တယ်။ ကိုရင်လာခေါ်ပြီး လျှောက်လည်နေတဲ့ အချိန်တွေမှာ ပြန်မဲ့ကားဂိတ်နဲ့ နီးတဲ့ မင်းဧရာရဲ့ အလုပ်ဌာနမှာ အထုပ်အပိုးတွေကို ခနအပ်ထားပြီး လျှောက်လည်ကြတယ်။ မနက်စာကိုတော့ မြန်မာ ဆိုင်တစ်ဆိုင်မှာ ကိုရဲက ကျွေးပြီး ဝင်းဒိုးရှော့ပင် သွားလိုက်သေးတယ်း) နေ့လည် နှစ်နာရီမှာတော့ ကိုရင် ကိုရဲနဲ့ အိန်ဂျယ် တို့က မောင်ညိမ်းနဲ့တီတင့်တို့ ညီအစ်မနှစ်ယောက်ကို အဝေးပြေး ကားဂိတ်ကို လိုက်ပို့ပေးကြတယ်။ အချိန်တွေပိုနေရင် ကားဂိတ်မှာ ပြင်းနေမှာ စိုးလို့ထင်ပါရဲ့ ကားဂိတ်ကိုသွားတဲ့ MRT ကို အခေါက်ခေါက် အသွားအပြန် စီးခိုင်းသလို စီးရမဲ့ MRT ဆီကိုလည်း ချက်ခြင်း ခေါ်မသွားပဲ မြေအောက်ဘက်အထိ ဆင်းပြီး အပေါ်ပြန်တက်တာလေးတွေလည်း လုပ်ခဲ့ရသေးတယ် တော်ပါသေးတယ် အထုပ် အပိုးတွေကို ကိုယ်တိုင်မသယ်ရလို့ :P ကားဂိတ်လည်းရောက် ချိန်ကိုက်ပါပဲ လက်မှတ်ဝယ် ကားပေါ်တက်ပြီး အပြန်ခရီးကို စိတ်ပျော်ရွှင်ကြည်နူးမှု အပြည့်အဝနဲ့ ပြန်လာခဲ့ပါတယ်။




















မလေးရှားကို အလည်သွားခဲ့တာ Jalan ဆိုတဲ့ စကားတစ်လုံးတော့ အလွတ်ရခဲ့တယ်း) ဘယ်နေရာ ရောက်ရောက် ဘယ်ဆိုင်းဘုတ် ကြည့်ကြည့် Jalan ဆိုတာပါလို့လေ။ Jalan ဆိုတာ ‘လမ်း’ ကိုခေါ်တာလို့ သိခဲ့ရတယ်း) ဘလော့ဂါတွေနဲ့ ဆုံတွေ့ခွင့်ရတိုင်း တစ်ယောက်တစ်မျိုးဆီရဲ့ ခံယူချက် သဘောထားလေးတွေကို သိခဲ့ရသလို ပွင့်လင်းဖြူစင်မှုတွေကတော့ အားလုံးကိုယ်စီမှာ ရှိကြတာကို မြင်ခဲ့ရတယ်။ တူညီတဲ့ အချက်တစ်ချက်ကတော့ ဘယ်အချိန် ဘယ်နေရာမှာဖြစ်ဖြစ် မတွေ့ဘူးသေးပေမယ့် ဘလော့ဂါအချင်းချင်း တွေ့တဲ့အခါ နွေးနွေးထွေးထွေး လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ ကျမရဲ့ မလေးဘက်သွားတဲ့ ခရီးစဉ်လေးမှာလည်း အားလုံးကိုယ်စီမှာ မအားလပ်တဲ့ အလုပ်အကိုင်တွေကြောင့် ဆုံဆည်းဘို့ အခွင့်အရေး နည်းကြတဲ့ကြားကနေ အခုလို တွေ့ဆုံနိုင် ခွင့် ပေးခဲ့ကြတဲ့ ဘလော့ဂါများနဲ့ မလာရောက်နိုင်ပေမဲ့ ဖုန်းနဲ့ဆက်ပြီး နှုတ်ဆက်ကြတဲ့ ဘလော့ဂါများကို ကျေးဇူးတင်တဲ့ အကြောင်း အခွင့်အခါသင့်ရင် နောက်တစ်ကြိမ် ဆုံခွင့်လေးတော့ ရချင်ပါသေးတယ် ဆိုတာကို မှတ်တမ်းအဖြစ် ထားရှိခဲ့ပါတယ်။ ‘လောဘဆိုတာ ရလေလိုလေ အလိုလောဘ အတောမသတ်’ တဲ့နော်း) ကျမလည်း ဘလော့ဂါတွေနဲ့ ဆုံဆည်းခွင့်ကို လိုချင်တဲ့ လောဘလေး အတောမသတ်ပဲ ခရီးနှင်ခဲ့တာ အခုဆိုရင် ကျမရဲ့ မှတ်တမ်းထဲမှာ ရင်းနှီးခင်မင် တဲ့ ဘလော့ဂါ တစ်ရာကျော်ပေမဲ့ ကြုံဆုံဘူးတဲ့ ဘလော့ဂါ သံဃာတော် နှစ်ပါး နဲ့ ဘလော့ဂါ ၄၄ဦး စုစုပေါင်း ၄၆ဦး ရှိသွားပြီလေ။ အိမ်ဦးသခင်ရဲ့ ခွင့်ပြုချက်ရရင်တော့ အလည်အပတ် သွားချင် တဲ့နေရာ ရှိသေးတယ် :P









 စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz