x

26.5.12

ပို့စ်တစ်ပုဒ်ရဲ့ ကုန်ကြမ်း


ရက် လတွေညောင်းလို့ နှစ်တွေလည်း ပြောင်းလာခဲ့သလို ကျမရဲ့ ဘလော့ဂါ သက်တမ်းလည်း တစ်နှစ် တာကာလ ကျော်သွားတာ တစ်လတောင် စွန်းခဲ့ပါပြီ။ ကိုယ့်ကိုယ်ကို သတိထားမိတာကတော့ ပို့စ် တစ်ပုဒ် ဖြစ်လာဘို့ အတွက်က အဓိက ကုန်ကြမ်းလိုအပ်သလို ရလာတဲ့ကုန်ကြမ်းကလည်း စာဖတ်သူတို့ အတွက် အနည်းနဲ့ အများ အကျိုးရှိဘို့ လိုအပ်ပါတယ်။ အခုကျမ စင်္ကာပူနိုင်ငံကို ဧည့်သည်အနေနဲ့ လာလည်နေတဲ့ အချိန်မှာ ကုန်ကြမ်းတွေ အများကြီး ရနေတဲ့တိုင် အကြောင်းကြောင်းတွေကြောင့် (အကြောင်းပြချက်လေးပေါ့း)) ပို့စ်တစ်ပုဒ်တင်ဘို့ အတော်လေးကြန့်ကြာနေပါတယ်။ ပို့စ်တင်ဘို့ အခွင့်အလမ်းတွေ ရနေတဲ့တိုင် အချိန်မရလိုက် စိတ်မပါလိုက် အဆိုးဆုံးကတော့ ဖေ့ဘုတ်ထဲ ဝင်မိတဲ့နေ့၊ ကွန်နက်ရှင်ကောင်းတော့ အွန်လိုင်းဇာတ်လမ်းတွေ ကြည့်မိတဲ့နေ့ဆိုရင် အချိန်တွေ ဝါးစား သွားလိုက်သလို ကုန်မြန်လိုက်တာမှ ဒီလိုနဲ့ပဲ မတင်ဖြစ်ခဲ့ဘူးလေ။ စိတ်မပါပဲ ရေးလိုက်တဲ့ စာတစ်ပုဒ်ဟာ စာဖတ်သူတွေ အတွက် လေးနက်မှုမရှိပဲ အချိန်ကုန် အကျိုးမရှိ ဖြစ်တတ်တာကြောင့် စိတ်ပါမှ သာ ရေးတင်မယ် ဆိုတဲ့ စိတ်နဲ့ အခုလို အချိန်တွေ ကြာသွားခြင်းပါး) ဒါကိုတော့ စာပေရေးသား သူတိုင်း လက်ခံမယ် ထင်ပါတယ်။ ကုန်ကြမ်းရဘို့ဆိုတာလည်း ကိုယ့်ရဲ့အနီးအနားမှာတင် ရှာဖွေလို့ အများကြီး ရပါတယ်။
ပန်းပွင့်တိုင်းမှာ သူ့အဆင်းနဲ့သူ

ဥပမာ ဇာတ်လမ်းတစ်ပုဒ် ကြည့်ရင်းဖြစ်စေ မိတ်ဆွေအချင်းချင်း စကားပြောရင်းဖြစ်စေ ယုတ်စွအဆုံး အပျင်းပြေ ဂိမ်းတစ်ခုခု ကစားနေအုံးတော့ ပို့စ်အတွက် ကုန်ကြမ်းကတော့ ရစမြဲပါ။ သတင်း သုတ ရသစာပေ နည်းပညာနဲ့ ဘာသာရေးကဏ္ဍတွေကို ဆိုင်ရာ စာရေးသူတိုင်း အတွက် မရှိမဖြစ် လိုအပ်တာကတော့ ကုန်ကြမ်းပါ။ ကိုယ့်ရဲ့စိတ်ကြိုက် စာပေတွေကို ရေးသားဖြန့်ဝေ ရာမှာလည်း မရေးခင်မှာ ရှေးဦးစွာ လေ့လာသင့်တဲ့ အကိုးအကား ကုန်ကြမ်းတွေကို ကိုယ်ပိုင်ထင်မြင် ယူဆချက်လေးတွေနဲ့ စစ်မှန်တဲ့ စိတ်ရင်းစေတနာလေးများ ပေါင်းစပ်လိုက်ခြင်းရဲ့ အဆုံးမှာတော့ စာဖတ်သူတို့ အတွက် မှတ်သားစရာ ပို့စ် တစ်ပုဒ် စာပေတစ်အုပ် ဖြစ်လာနိုင်ပါတယ်။ ကုန်ကြမ်းကို စိတ်ရဲ့ ခံစားချက် အပေါ်ကနေ ရနိုင်ပါတယ်။ နေထွက်ချိန် နေဝင်ချိန်ကို ကြည့်ရင်း၊ သဘာဝ ရှုခင်းလေးတွေကို ကြည့်ရင်း ကဗျာတစ်ပုဒ် စပ်ဆို ဖွဲ့နွဲ့နိုင်လောက်အောင် ပါရမီရှင်တွေကိုလည်း ကျမ မကြာခန တွေ့ဘူးမြင်ဘူး ဖတ်ဘူး ခဲ့သလို ကိုယ့်ပတ်ဝန်းကျင်ပေါ် မူတည်ပြီးလည်း စာပေကောင်း တစ်ပုဒ် ဖြစ်ပေါ် လာနိုင်ပါတယ်။

 Dong Yi

လွန်ခဲ့တဲ့ရက်လေးတွေမှာ ကျမဇာတ်လမ်းတစ်ပုဒ် Youtube ကနေကြည့်ခဲ့တယ်။ ဇာတ်လမ်းရဲ့ နာမည်လေးကတော့ Dong Yi ဖြစ်ပြီး ကိုရီးယား ရာဇဝင်ကားလေး တစ်ကားဖြစ်ပါတယ်။ နာမည် ရထားတဲ့ ဇာတ်လမ်းလေးမို့ အတော်များများလည်း ကြည့်ပြီးသား ဖြစ်မှာပါ။ ဒီဇာတ်လမ်းကို ကြည့်ပြီး လူတို့ရဲ့ စရိုက် အမူအကျင့် စိတ်ဓာတ်တို့ရဲ့ ဆန်းကျယ်မှုတွေကို မြင်ခဲ့ရပါတယ်။ ဇာတ်လမ်း ဆိုတာလည်း တကယ်တော့ ပြင်ပလောကရဲ့ ဖြစ်ပျက်နေမှုတွေ အပေါ်မှာ အခြေခံထားတာမို့ လေ့လာ မှတ်သားစရာတွေ ဒုနဲ့ဒေးပါ။ ရိုးရှင်းတဲ့ ဇာတ်လမ်း တစ်ပုဒ်ဖြစ်တဲ့ Dong Yi ဇာတ်လမ်းဟာ မိမိရဲ့ ဘဝနိမ့်ကျမှု မြင့်မားမှုဆိုတာ အတိတ်ဘဝရဲ့ ကုသိုလ်ကံအကျိုးပေးမို့ နိမ့်ကျတဲ့ ဘဝလေးမှာ ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ တိုက်ခိုက်မှုမျိုးစုံကို ရင်ဆိုင် ကျော်ဖြတ်ရင်း ဖြစ်တည်လာတဲ့ လက်ရှိ ဘဝမှာ မိမိရဲ့ ဖြူစင်တဲ့စိတ်ဓာတ်ကို အမြင့်မားဆုံး ထားရင်းကနေ ဘဝလှေကားများ တစ်ထစ်ချင်း မှန်မှန်တက်ကာ အမြင့်ကို ရောက်ရှိသွားပုံ ဇာတ်လမ်းဖွဲ့ထားခြင်းပါ။ အဆင့်မြင့်သူဖြစ်စေ အဆင့် နိမ့်သူဖြစ်စေ ဘဝမှာ လွယ်လွယ်ကူကူနဲ့ ဖြတ်သန်းသွားရသူဆိုတာ မရှိခဲ့သလို မွန်မြတ်တဲ့ စိတ်ထား မှန်ကန်တဲ့ အတွေးအခေါ် ရဲရင့်တဲ့ လုပ်ဆောင်မှုတို့နဲ့ ဇာတ်အိမ်ဖွဲ့ထားတဲ့ ရှုပ်ထွေးပွေလီ နန်းတွင်း အရှုပ်တော်ပုံကို ကြည့်ရင်း ဘဝဇာတ်ခုံပေါ်မှာ ကပြဖျော်ဖြေနေကြတဲ့ လူသားတွေရဲ့ ပုံရိပ်တွေကို တစ်ထပ်တည်း မြင်မိတယ်။

လူသားတိုင်း တစ်ခါတစ်ရံမှာ ခိုင်လုံတဲ့ အကြောင်းတရား မရှိပါပဲနဲ့ စိတ်တွေမရွှင်မပျ ဖြစ်တတ်သလို စိတ်ရှုပ်ထွေးစရာ အကြောင်း တစ်စုံတစ်ရာကြောင့်လည်း စိတ်ပင်ပမ်း နွမ်းနယ်မှုမျိုးနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဘယ်လို အခြေအနေဖြစ်စေ မိမိရဲ့ စိတ်ချမ်းသာမှုကို အသက်အရွယ် အပိုင်းအခြားပေါ် မူတည်ပြီး တရားထိုင်တာမျိုး ဓမ္မတရားတွေ နားယူခြင်း ဒါမှမဟုတ် မိမိရဲ့ ပတ်ဝန်းကျင်မှာ ရှာဖွေရင်း စိတ်ကိုဖြေသိမ့်လို့ ရပါတယ်။ စိတ်ရဲ့ဖိစီးမှု ကြပ်တည်းမှုတို့ကို ထွက်ပေါက်ပေးခြင်းနဲ့ စိတ်ကိုပြေလျော့စေမှသာ စိတ်ရဲ့ငြိမ်းချမ်းမှုကိုလည်း ရစေနိုင်မှာပါ။ စိတ်ဆိုတဲ့ စိတ် အကြောင်းနဲ့ပတ်သက်ပြီး လောကကြီးကို စိတ်တရားက ဆောင်ထားသလို လောကကြီးကို စိတ်တရားက ဖန်ဆင်းထာပါတယ်။ ပုထုဇဉ် ပုဂ္ဂိုလ် သတ္တဝါ အားလုံး စိတ်တရားအလိုကို လိုက်နေကြရပါတယ်။ စိတ်ကဦးဆောင်နေသည့်တိုင် စိတ်ကဖြစ်ပေါ်လာတဲ့ ဆန္ဒနဲ့ ရပ်တည်ရတဲ့ ဘဝဟာ တစ်ထပ်တည်းကျဘို့ မလွယ်ကူလှပါ။ ဆန္ဒဆိုတာ အတ္တနယ်ပါယ်မှာ တည်ရှိသလို ဘဝဆိုတာ အနတ္တနယ်ပယ်မှာ တည်ရှိနေတဲ့အတွက် နယ်ပါယ်ခြင်း ခြားနားမှုကြောင့် မိမိရဲ့ဆန္ဒအတိုင်း ဘဝကို အကောင်အထည် ဖော်လို့မရပါဘူး။ တစ်နည်း အားဖြင့်တော့ ဆန္ဒနဲ့ ဘဝဆိုတာ တစ်ထပ်တည်း မကျနိုင်တာကို မကျေမချမ်း စိတ်ဆင်းရဲနေမဲ့ အစား လက်တစ်ကမ်းမှာရှိတဲ့ မိမိရဲ့ စိတ်ချမ်းသာမှုကို ကိုယ်တိုင်ရှာဖွေရင်း အကောင်းဆုံး ရပ်တည်မှု ကိုသာ ရယူကြရမှာဖြစ်ပါတယ်။
 Cafe World
 FarmVille
CityVille

ကျမအားတဲ့အချိန်တွေမှာ တစ်ခါတစ်ရံ ပို့စ်ရေးချင်စိတ်လည်း မရှိတဲ့အခါ စာဖတ်ချင်စိတ်လည်း မရှိတဲ့အခါမျိုးမှာ Café World , FarmVille , CityVille တို့ကို ဖြစ်ဖြစ်မြောက်မြောက် မဟုတ်ပေမဲ့ အပျော်တမ်း ကစားရင်းနဲ့ ပို့စ်တစ်ပုဒ်အတွက် ကုန်ကြမ်းကိုရခဲ့တယ်။ ဥပမာ Café World ကစားရာမှာ ဆိုင်ရဲ့အခင်းအကျင်း ထားသိုမှု ပစ္စည်းအမယ်ကို အချိန်နဲ့ကိုက်ပြီး တင်နိုင်ဘို့ အရေးကြီးသလို စားသုံးသူ များများလာစေဘို့လည်း ပစ္စည်းမပြတ် တင်နိုင်ဘို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ Café ဆိုင်ထက် အဆပေါင်းများစွာ ကောင်းတဲ့ ဆိုင်လေးတွေကိုလည်း အလည်သွား စားသုံးရင်း ကိုယ်မတတ်သေးတဲ့ ပညာကို ရယူပါတယ်။ အလားတူ FarmVille , CityVille တို့မှာလည်း အလားတူ မိမိထက် သာလွန်ကောင်းမွန်တဲ့ နေရာတွေကို သွားရောက်လေ့လာရင်း အတု ယူစရာတွေ အများကြီးကို ရရှိပါတယ်။ စိတ်ဝင်တစား ပို့စ်တစ်ပုဒ်ကို ရေးတော့မယ် ဆိုရင် တွေ့ကြုံ ရသမျှ အားလုံးဟာ ကုန်ကြမ်းများ ဖြစ်လာနိုင်သလို ရရှိတဲ့ ကုန်ကြမ်းကို အသုံးဝင်တဲ့ ကုန်ချော တစ်ခု ဖြစ်လာ ဘို့သာ အကျိုးရှိရှိ အသုံးချတတ်ဘို့ အရေးကြီးပါတယ်။ တစ်ခါတစ်လေ သူငယ်ချင်း အချင်းချင်း စကားပြောဆိုရာကနေလည်း ပို့စ်ရေးရာမှာ အထောက်အကူ ပြုစေနိုင်တဲ့ အကြောင်း ကိစ္စလေးတွေ ပါလာတတ်ပြန်တယ်။ ‘တတ်ပြီးပညာ မလေ့လာ မကြာမရှည်ပျောက်တတ်သည်’ ဆိုတဲ့ ငယ်စဉ်က ရွတ်နေကျ စာကြောင်းလေးကို အမှတ်မထင် သတိ ရမိတယ်။ ကျမလည်း Café World , FarmVille , CityVille တို့ကို ပစ်ထားတာ ကြာခဲ့ပြီမို့ ကစားနည်း တစ်ချို့တောင် မေ့သလိုလိုဖြစ်နေခဲ့ပါပြီး)

အလိုက်သိတဲ့ တူမလေး ခိုင်ခိုင် ပန်းကန်တွေစီစီရီရီချပေး
 ထမင်း အာလူး ခရမ်းချဉ်သီးနှစ် ငါး ငံပြာရည် ဆား
 ငါးပြုတ်
ကြက်သွန်နီဆီချက်
 ပန်းကန်လုံးတွင်ထည့်သိပ်
ငါးထမင်းချဉ်
 ဘူးသီးဟင်းခါး
ပဲပုတ်ကြော် နံနံပင် ကြက်သွန်ဖြူ မန်ကျည်းရည် ငရုပ်သီးတောင့်ကြော် ဟင်းခါးတို့နဲ့တွဲဖက်

ဒီကနေ့မနက် ညီမဝမ်းကွဲရဲ့အိမ်မှာ ရှမ်းထမင်းချဉ် လုပ်ကျွေးမယ်ဆိုလို့ ကျမနဲ့ဒုတိယညီမတို့ သွားရောက်ခဲ့ပြီး စားသုံးခဲ့ရာကနေ ရရှိခဲ့တဲ့ ကုန်ကြမ်းလေးကို အသုံးပြုပြီး စာဖတ်သူတို့အတွက် မျှဝေပေးလိုက်ပါတယ်။ တိုတောင်းတဲ့ လူ့ဘဝကြီးထဲမှာ အတိတ်က ကုသိုလ်ကံကောင်းမှုကြောင့် လူတစ်ယောက်ရယ်လို့ ဖြစ်ခွင့်ရှိတဲ့ အခွင့်အရေးကို အဓိပ္ပာယ်ရှိစွာနဲ့ အသုံးချရင်း အချိန်တွေကို ကုန်ဆုံး လွန်မြောက်နိုင်ကြပါစေ။ ဒီတစ်ပတ်တော့ ကုန်ကြမ်းလေးတွေကို အဆင်ပြေသလို အသုံးပြုလိုက်ပြီနော်း)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz