x

4.6.12

ခေတ်ရေစီးကြောင်း


ဒီကနေ့မနက် အာရုံတက်စ အချိန်မှာ ကျမနဲ့ ညီမလေးတို့ Changi  လေယာဉ်ကွင်းကို သွားရောက် ခဲ့ပြီး မြန်မာပြည်က ရောက်ရှိလာတဲ့ အဒေါ် အစ်မ တူ တူမများကို သွားရောက် ကြိုခဲ့ပါတယ်။ မကြာခင် ယူကေကနေ စင်္ကာပူကို လာရောက်ပြီး မင်္ဂလာဧည့်ခံပွဲ ပြုလုပ်မဲ့ တူမလေးရဲ့ မင်္ဂလာပွဲလေး အတွက် လာရောက်ကြခြင်း ဖြစ်ပြီး အင်္ဂလန်လို နိုင်ငံမျိုးကို ဆွေမျိုး မိတ်သင်္ဂဟတို့ သွားရောက်ဘို့ အတွက် မလွယ်ကူတာကြောင့် ဆွေမျိုး သိုက်သိုက် ဝန်းဝန်းဆုံဆည်းဘို့ရာ အဆင်ပြေနိုင်မယ့် အခုလို နေရာမျိုးကို ရွေးချယ်ခြင်း ဖြစ်ပါတယ်။ (အင်္ဂလန်မှာသာ တူမတော် မင်္ဂလာ ဆောင်ဖြစ်ခဲ့ရင် တဂျီးမင်း (ကိုကိုမောင် ပန်းရနံ့၊ မမေ (မေဓာဝီ)၊ ဆုစံလေးတို့နဲ့ တွေ့ရမှား)) ဒါကလည်း ပြောင်းလဲ တိုးတက်နေတဲ့ ခေတ်ရေစီးကြောင်း အလိုက် စတိုင် တစ်မျိုး ဖြစ်နေတာလို့ ဆိုရမလား။ မကြာမီ အချိန်ကလည်း ဒီနိုင်ငံမှာပဲ တူမလေး တစ်ယောက်ရဲ့ သူငယ်ချင်း မင်္ဂလာပွဲကို တက်ခဲ့ဘူးတာကြောင့် အထူးတလည် ဆန်းသစ်တာမျိုးတော့ မဟုတ်တော့ပါဘူး။ အခုလည်း တူမတော်ရဲ့ မင်္ဂလာပွဲမှာ စိတ်လက်ပေါ့ပေါ့ပါးပါး တက်ရောက်ရမှာ ဖြစ်တဲ့အတွက် ကျမရဲ့ စိတ်ထဲမှာ ကျေနပ်နေမိတယ်။ ကျမ တွေးမိတာက ဒီလိုလေ တကယ်လို့များ ဒီမင်္ဂလာပွဲဟာ ကိုယ့်နိုင်ငံမှာ ကျင်းပခဲ့မယ် ဆိုရင် မဖြစ်မနေ ထုံးဖွဲ့ ဝတ်စားရပေအုံးမယ်။ အဒေါ်တစ်ယောက် အနေနဲ့လည်း ဆန္ဒရှိရှိ မရှိရှိ လုပ်သင့်တာတော့ လုပ်ရပေမပေါ့။ သူ့ခေတ် သူ့အခါ သင့်တင့်လျှောက်ပတ်သလိုတော့ ကျင်းပကြမှာပဲ မဟုတ်လား။ ထုံးဖွဲ့ ဝတ်စားတယ်ဆိုလို့ ကျမအနေနဲ့ ဆံထုံး ထုံးဖွဲ့ရတာလောက် စိတ်ပင်ပန်းတာ ဘာမှမရှိဘူးလို့ ကျမစိတ်မှာ အရိုးစွဲနေခဲ့တာ ယနေ့ထိတိုင်ပါ။ ဆံထုံးကို မဖြစ်မနေ ထုံးဖွဲ့ပြီး သွားရမယ့် မင်္ဂလာဆောင်မျိုးဆိုရင် စိတ်ကျဉ်းကြပ် နေတတ်တယ်။ ဘယ်လို ကျင်းပပါစေ အရေးကြီးတာက သတိုးသမီး သတိုးသားတို့ ဇနီးမောင်နှံ ရာသက်ပန် ခံယူချက်တွေတူညီပြီး တစ်ယောက်အပေါ် တစ်ယောက် နားလည် ခွင့်လွှတ် ညှိနှိုင်းတိုင်ပင်ရင်း သာယာတဲ့ မိသားစု အသိုက် အဝန်းလေး တစ်ခု ဖြစ်တည်လာဘို့သာ အဓိကပါ။






အတိတ်ကံကြောင့် နှစ်ဦးသား စစ်မှန်တဲ့ ဖူးစာရှင်တွေ အဖြစ် ရှာဖွေတွေ့ရှိခဲ့ကြတာကို တန်ဘိုးထားပြီး ကိုယ်လုပ်သမျှ အလုပ်တွေမှာ ဉာဏ်ပေါ် ဝီရိယဆင့်ပြီး ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ကြုံတုန်းလေး ပြောရရင်တော့ ကျမနဲ့ အိမ်ဦးသခင်တို့ရဲ့ မင်္ဂလာသက်တမ်းဟာ အခုလာမည့် နိုဝင်ဘာ (၂)ရက်နေ့ ဆိုရင် ပုလဲရတုဖြစ်တဲ့ နှစ်သုံးဆယ်ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ မိဘတွေက ဝန်ထမ်းတွေ ဖြစ်တာနဲ့ အမျှ ကိုယ်ပိုင်ဝင်ငွေ အတိုင်းအတာပေါ် မူတည်ပြီး ကျမတို့ရဲ့ မင်္ဂလာဦး ဆွမ်းကျွေးကို အိမ်မှာပဲ ကိုယ်တိုင် ချက်ခဲ့တဲ့ အုန်းနို့ခေါက်ဆွဲနဲ့ အာရုံဆွမ်းကပ်ပြီး ဆွေမျိုး မိတ်သင်္ဂဟ တို့ကို ဖိတ်ကျွေး ဧည့်ခံခဲ့တာ ပြန်စဉ်းစားမိတိုင်း ဝမ်းသာ ပီတိ ကြည်နူးမှု ဖြစ်နေဆဲပါ။ ဘဝမှာ လူသားတိုင်း ဘက်စုံ ပြီးပြည့်စုံမှုဆိုတာ မရှိတဲ့တိုင် လိုအပ်ချက် အများ အနည်းဆိုတာ မိမိပြုလုပ်ခဲ့သမျှ အတိတ်ရဲ့ ကောင်းမှု မကောင်းမှု စေတနာကံ အကျိုးပေး အပေါ်မှာ မူတည်နေခြင်း ဖြစ်ပါတယ်။ လူသားတိုင်း မိမိရဲ့ အတိတ်ကံအပေါ် သင်္ခန်းစာ ရယူပြီး သံသရာ လည်နေသမျှ ကာလပတ်လုံး လက်ရှိ ဘဝထက် မြင့်မားစေဘို့ရာ အပတ်တကုတ် ကြိုးပမ်း အားထုတ် ဆောင်ရွက်ဘို့သာ လိုပါတယ်။

ဒီခေတ်ဒီအခါ လူငယ်လူရွယ်တွေရဲ့ အတွေးအခေါ်တွေဟာ ခေတ်ရေစီးကြောင်းနဲ့အတူ လိုက်လို့ကို မမှီလောက်အောင် ရှေ့ရောက်လွန်းနေပါတယ်။ ရေစီးက သန်တာနဲ့အမျှ ကျမတို့အတွက် လိုက်လေဝေးလေ ကျန်ခဲ့လေ ဖြစ်နေပြန်တယ်လေ။ ဒီနေရာမှာ ကျမရဲ့ ကိုယ်ပိုင်ခံစားမိတဲ့ တွေးတော သုံးသပ်ချက်လေးကို ပြောရရင်တော့ မိဘ အုပ်ထိန်းသူတွေ အနေနဲ့ သားသမီးတွေအပေါ် နားလည်ပေးဘို့ လိုအပ်တယ်။ ကိုယ့်တုန်းက မိဘစကားကို မြေဝယ်မကျ နားထောင်ခဲ့တာပဲ ဆိုတဲ့ တစ်ယူသန်စိတ်ကို ရှေ့တန်းတင်လို့ မရတော့တဲ့ အချိန်အခါပါ။ ကျမတို့ငယ်စဉ်က အခြေခံ ပညာအထက်တန်း အောင်စာရင်းထွက်လို့ အမှတ်မြင့်ရရင် ဝါသနာ ပါပါ မပါပါ အုပ်ထိန်းသူ လူကြီးတွေက ဆေးပညာကို လျှောက်ခိုင်းတတ်သလို သားသမီး အများစုကလည်း မိဘပြောရင် ခေါင်းခါတာ ခပ်ရှားရှားပါ။ သွေးမြင်ရင် ရင်တုန်တတ်တဲ့ ကျမတောင် ကံကောင်းလို့ ဆေးမှီဘို့ တစ်မှတ်လိုခဲ့တာကြောင့် ကိုယ်ဝါသနာပါတဲ့ အင်ဂျင်နီယာ ပညာကို သင်ကြားခွင့် ရခဲ့တာပါ။ ဆေးတက္ကသိုလ်သာ တက်ခွင့်ရခဲ့ရင်လည်း ဆရာဝန်ဖြစ်လာမယ် မထင်ဘူးး) ဒီနေရာမှာ သား သမီးတွေ ဝါသနာပါတာကို ရွေးချယ်စေခြင်းရဲ့ ရလာဒ်ဟာ အောင်မြင်မှုပါ။ အများအားဖြင့် ကိုယ်ဝါသနာပါရာကို လုပ်ဆောင်ရရင် စိတ်ပျော်နေတတ်သလို သူတို့တွေရဲ့ လုပ်ဆောင်ချက် မှန်ကန်မှု မှားယွင်းမှုကို အကဲခပ်ရင်း တကယ်လို့များ လမ်းကြောင်းလွဲနေတယ်လို့ ထင်မြင် ယူဆမိရင်လည်း ကိုယ့်ထက် တတ်သိနားလည် သူတို့နဲ့ တိုင်ပင်ညှိနှိုင်းပြီး လမ်းကြောင်းတည့်ဘို့ သတိပေး သင့်ပါတယ်။ ခေတ်ရေစီးကြောင်းရဲ့ လူငယ်တွေဟာ အကြံပေးရင် လက်ခံ စဉ်းစားတတ်သလို တစ်သွေး တစ်သံ တစ်မိန့်ဆိုခဲ့ရင် လက်ခံရမှာကို မသိကျိုးကျွံ ပြုတတ်ကြတယ်။ အကြောင်းရင်းက အဖထက်သား တစ်လကြီးခေတ်မှာ မိဘတွေထက် လူငယ်တွေရဲ့ တွေးတော ကြံဆတတ်တဲ့ အခြေခံ အုတ်မြစ်ဟာ ပိုပြီး ခိုင်မာနေတယ်ဆိုတာကို သတိထားမိပါတယ်။

ခေတ်အလိုက် ရေစီးကြောင်းတွေ ဘယ်လိုပြောင်းလဲပြီး စီးဆင်းနေပါစေ လူငယ်တွေရဲ့ နှလုံးသားမှာ မပြောင်းမလဲ အသိစိတ်လေးနဲ့ ကပ်နေရမဲ့အရာကတော့ ကံ ဉာဏ်နဲ့ ဝီရိယပါ။ မိမိရဲ့ လက်ရှိဘဝကို အကောင်းဆုံး ရပ်တည်နိုင်ဘို့ ရှိသမျှသော ဝီရိယရဲ့ ပွဲဦးထွက်ဖြစ်တဲ့ ကံစွမ်း ဉာဏ်စွမ်းတို့ကို အစွမ်းကုန် ထုတ်သုံးရင်း ဘဝရဲ့လှေခါးထစ်ပေါင်း များစွာကို တစ်ထစ်ခြင်း တက်ရမှာက သက်ရှိ လူသားအားလုံးရဲ့ ကိုယ်စီတာဝန်ပဲဖြစ်ပါတယ်။ အထူးသဖြင့် သာမာန်အချိန်ထက် စိတ်ဓာတ်ကျနေတဲ့အချိန် စိတ်ပျော်ရွှင်မှု ဆိတ်သုဉ်းနေတဲ့အခါမျိုးတွေမှာ သတ္တလောကကြီးတစ်ခုလုံးဟာ အမှောင်ဖုံးပြီး အဓိပ္ပာယ် မဲ့သွားတဲ့အထိ ခံစားချက်ကို ဦးစားပေးတတ်သူများအတွက် ပိုလို့ သတိထားရမဲ့အချက်ပါ။ ကံကို ကံဆင့် ဉာဏ်ကို ဉာဏ်ဆင့်ကာ လောကဓံကို အံတုရင်း အေးချမ်းသာယာမှုနဲ့ ပြီးပြည့်စုံတဲ့ ဘဝတစ်ခုကို ကျမတို့တစ်တွေ  ရအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

ကံနှင့်ဉာဏ် 

ကံဟုမူလ သမ္ဗုဒ္ဓတို့
 ဟောပြသည်မှာ အရင်းသာရှင့် 
ဥစ္စာဘောဂ ဇီဝိတနှင့် 
သုခပွားရန်း ဤလူ့ထံ၌ 
ဉာဏ်ဝီရိယ ပယောဂတည့်။ 
လုံ့လမထူ ဉာဏ်မကူဘဲ 
အယူတစ်ချောင်း ကံတစ်ချောင်းမျှ 
မကောင်းလည်းကံ ကောင်းလည်းကံဟု 
ကံကိုချည်းသာ မကိုးရာဘူး။ 
ပညာဉာဏ်ဖြင့် သင့်မသင့်ကို 
အခွင့်ရှု၍ 
အပြုလုံ့လ ရှိအပ်စွတည့်။ 
(မဃဒေဝ)

ဇွန်လ ၉ရက်နေ့မှာ ကျင်းပမဲ့ တူမတော်ရဲ့မင်္ဂလာပွဲဧည့်ခံပွဲလေးဟာလည်း ကျမအတွက်တော့ ပို့စ်တစ်ပုဒ်ရဲ့ ကုန်ကြမ်းလေးမို့ ဆက်လက်ရေးသားပါအုံးမယ်း)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz