x

22.6.12

အနှိုင်းမဲ့မေတ္တာ


ဒီစကားလုံးကို မြင်လိုက်တာနဲ့ စာဖတ်သူတို့ရဲ့ စိတ်ထဲမှာ မာတာမိခင်ကို အပြေးကလေး မြင်ယောင် မိကြမှာ အသေအချာပါ။ ငယ်စဉ်ဘဝကစလို့ အတိတ်ကံကြောင့် မွေးမိခင်ရဲ့ နွေးထွေး ကြင်နာမှုကို ရခဲ့တဲ့ အချိန်ကာလဟာ ကျမအတွက် တိုတောင်းလွန်းတဲ့တိုင် မွေးမိခင်နဲ့ ကျွေးဖခင်တို့ရဲ့ အနှိုင်းမဲ့ မေတ္တာကို အမြဲတန်း ကျေးဇူးတင်လျှက်ပါ။ ထို့အတူ လက်ရှိ သက်ရှိထင်ရှား ရှိနေတဲ့ ကျွေးမိခင်ကိုလည်း လူတစ်လုံး သူတစ်လုံး ဖြစ်အောင် ပျိုးထောင် ပေးခဲ့တဲ့ ကျေးဇူးရှင်မို့လည်း ကျေးဇူးဆပ်ခွင့် ကြုံတုန်း ဆပ်နေဆဲပါ။ အမိနဲ့အဖဟာ သူ့ကဏ္ဍနဲ့သူ တန်ဖိုးရှိရှိ အံဝင်အောင် ကံတရားက စီမံ ဖန်တီး ထားတယ်လို့ ကျမထင်မြင် ယူဆမိတယ်။ မိဘဘဝကို ရောက်လာချိန်မှာတော့ ကျမရဲ့ တစ်ချိန်က တွေးတော သုံးသပ် ဆုံးဖြတ်ချက်တွေဟာ ပိုမိုလို့ နက်ရှိုင်းလာခဲ့တယ်။ သားသမီးရယ်လို့ လူ့ဘောင်လောကကြီး ထဲကို ရောက်လာခွင့် ရသူတို့အဖို့ အနှိုင်းမဲ့ကျေးဇူးရှင် မိဘနှစ်ပါး သက်ရှိ ထင်ရှားရှိနေစဉ် အချိန်အတောအတွင်း တတ်နိုင်သလောက် တစ်ပိုင် တစ်နိုင် ကျေးဇူးဆပ်သင့်တယ်လို့ ထင်မြင် ယူဆမိတာကြောင့်လည်း ဒီပို့စ်လေး ဖြစ်ပေါ်လာခြင်းပါ။ မိဘနှစ်ပါး နေဝင်ချိန်ရောက် မှ သောကတွေ ရင်မှာ ပိုက်လို့ ပူဆွေး ဝမ်းနည်းပြီး တသသ နောင်တ ရနေမဲ့ အစား လက်ရှိ အခြေ အနေမှာ ရတောင့်ရခဲ အခွင့်အရေးလေးကို လက်တွေ့ အကောင် အထည် ဖော်ဆောင်နိုင်အောင် ကြိုးစား သင့်ပါတယ်။ ကျမရဲ့ ပို့စ်ဟောင်းတွေမှာလည်း အလျဉ်းသင့်ရင် သင့်သလို ကျမတို့ မောင်နှမတွေနဲ့ မိဘတွေ ဆက်နွယ်ပုံကို ရေးခဲ့ဘူးပါတယ်။ အတိတ်ဘဝရဲ့ ကံအကြောင်း တရားတွေကြောင့် အကျိုးထူးပြီး ပဌာန်းဆက်အရ ကြုံဆုံခွင့်ရတဲ့ လူ့ဘောင်လောကကြီး အကြောင်း ဋီကာဖွဲ့ရင်ဖြင့် ပြီးဆုံးနိုင်မယ် မထင်ပါ။ တူမတော်ရဲ့ မင်္ဂလာပွဲမှာ မိခင်ဖြစ်သူရဲ့ ရင်တွင်း ကြည်နူး ပျော်ရွှင် ဝမ်းသာ ပီတိဖြစ်မှုလေးတွေကို မျှဝေခံစားရင်း ဒီပို့စ်လေးကို အစပျိုးလိုက်ပြီနော်။

မင်္ဂလာဧည့်ခံ ခန်းမ ၃၃ထပ်မှ မြင်ရတဲ့ရှုခင်း
မင်္ဂလာဧည့်ခံပွဲ ပြုလုပ်တဲ့နေရာ

အခုတစ်လော လူမှုရေးတွေနဲ့ ရှုပ်ထွေးနေတဲ့ ကျမလည်း ပို့စ်တစ်ပုဒ်တင်ဘို့ရာ ခက်ခဲနေပြန်တယ်။ ဧည့်သည် လုပ်နေရတဲ့ အချိန်တွေ ကုန်လွန်ပြီး ကိုယ့်ရပ်ဌာနေ ပြန်ရောက်ခါမှ အိမ်ရှင်အဖြစ်နဲ့ အရင်လို ပို့စ်လေးတွေ ပုံမှန်ပြန်တင်နိုင်မယ်လို့ မျှော်လင့်မိခဲ့တဲ့ အတိုင်း ဌာနေကို ပြန်ရောက်လာတဲ့ ကျမအဖို့ ပို့စ်တစ်ပုဒ်ကို နိဒါန်းပျိုးခွင့် ရခဲ့ပါတယ်။ ဆန္ဒတွေကို ဖွင့်ဟနေပေမယ့် လက်တွေ့ အကောင် အထည် ဖော်ဘို့ဆိုတာ အလွဲလေးတွေ ဖြစ်လေ့ဖြစ်ထ ရှိတာဟာလဲ သဘာဝတရားပါပဲ။ ပို့စ်တစ်ပုဒ် ဖြစ်ပေါ်လာဘို့ အတွက် ကုန်ကြမ်းတွေ များနေစေအုံးတော့ အခြေအနေ အချိန် အခါနဲ့ နေရာဒေသတို့ ဘက်စုံ အဆင်ပြေမှလည်း ပို့စ်တစ်ပုဒ်ဟာ အတားအဆီးမဲ့ ရုပ်လုံးပေါ် လာမှာ ဖြစ်ပါတယ်။ ပို့စ်ကို နိဒါန်းပျိုးခါစမှာပဲ မီးပျက်သွားတာနဲ့ ဆက်မရေးဖြစ်ပြန်ဘူးး) မီးပြန်လာဘို့ကို စောင့်မျှော်ရင်း တစ်ခြား လုပ်ရမယ့် အလုပ်လေးတွေ လုပ်ခဲ့တယ်။ မကြာခင်မှာ မီးပြန်လာပေမယ့် ၈မိုင်ကို သွားစရာ ကိစ္စလေးတစ်ခု ပေါ်လာတာနဲ့ ပို့စ်လေးကို ကျောခိုင်းပြီး ထွက်သွားခဲ့ရတယ်။ ညနေပိုင်း ပြန်ရောက်လာချိန်မှာတော့ မီးပျက်နေပြန်တာကြောင့် ပို့စ်လေးကို ခရီးဆုံးတိုင် မဆက်နိုင်ပြန်။ ညပိုင်းကိုရောက်လာတဲ့အခါ အချိန်မှန်အိပ်မှ တော်ရုံကျမဲ့ အသက်အရွယ်မို့ မီးလာနေတာကို မသိကျေးကျွန်ပြုရင်း အိပ်ယာဝင်ခဲ့ရတယ်။ ဒီလိုနဲ့ ဘလော့ဂါတို့ရဲ့ အိမ်တွေကို လည်ပတ်ဘို့ ပျက်ကွက်ခဲ့သလို ကိုယ်တိုင်လည်း ပို့စ်တစ်ပုဒ်ကို ဖြစ်ဖြစ်မြောက်မြောက် မတင်ဖြစ်ခဲ့ပါ။

တည်ခင်းထားပုံ
မင်္ဂလာကိတ်မုန့်

ဒီကနေ့တော့ မဖြစ်မနေ ရအောင်တင်မယ်လို့ အားခဲထားလေရဲ့။ တူမတော်လေးရဲ့ ဇွန်လ ၉ရက်နေ့မှာ ကျင်းပခဲ့တဲ့ မင်္ဂလာဧည့်ခံပွဲကို ဆက်ရေးရရင် မှတ်မှတ်ရရ အဲ့ဒီနေ့က မင်္ဂလာမောင်နှံတို့လည်း ပြုံးပျော်လို့နေချိန်မှာ မောင်နှမသားချင်း ဆွေမျိုး မိတ်သင်္ဂဟတို့လည်း ကြည်နူးမှု ပီတိအဟုန် များစွာနဲ့ စကားတွေ ဖောင်ဖွဲ့လို့ နေကြတာကို ကျမ စိတ်ကြည်လင်စွာနဲ့ လှုပ်ရှားမှုတို့ကို လိုက်ကြည့်နေမိတယ်။ အရင်တစ်ခေါက် တူမတစ်ယောက်ရဲ့ သူငယ်ချင်း မင်္ဂလာဧည့်ခံပွဲ ကျင်းပတုန်းက ကျမတင်ဘူးခဲ့တဲ့ ပို့စ်လေးထဲကအတိုင်း အစားအသောက်တွေကို ဘူဖေးလ် တည်ခင်းထားပြီး ကိုယ်တိုင်ယူ ပုံစံမျိုးဖြစ်ပြီး အခုပွဲမှာတော့ အမယ်များကို တစ်မျိုးပြီး တစ်မျိုး စားပွဲပေါ်လာချပေးတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ မင်္ဂလာပွဲ နှစ်ခုအတွက် အတွေ့အကြုံ နှစ်မျိုးကို ကျမရခဲ့တယ်။ သတိုးသမီး တူမတော်ရဲ့ မိခင်မျက်နှာဟာ ဝင်းပကြည်ရွှင်နေမှုဟာ ကျမရဲ့ ရင်ထဲကို အေးမြစွာ စီးဆင်းသွားစေခဲ့တယ်။ မိဘနေရာ ယူထားသူတို့ရဲ့ တူညီတဲ့ ခံစားချက်တစ်ခုလို့ ကျမယူဆမိတယ်။ မိဘတွေရဲ့ တူညီတဲ့ အချက်ကတော့ လိမ္မာတဲ့ သားသမီးကို လိမ္မာလို့ ချစ်ရသလို ဆိုးတဲ့ သားသမီးကျပြန်တော့ အများက ဝိုင်းပယ်လို့ သနားပြီး ချစ်ရပြန်တယ်။ ‘တောင်းဆိုး ပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိမယ် သားဆိုးသမီးဆိုးကို ပစ်ရိုးထုံးစံမရှိ’ ဆိုတဲ့စကားအတိုင်းပါပဲ။ တူမလေးရဲ့ မင်္ဂလာဧည့်ခံပွဲကို OCBC Centre မှာရှိတဲ့ Peach Garden မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 ပွဲမစခင် တူမလေးတို့ ညီအစ်မနှစ်ယောက် အလုပ်ရှုပ်
ဒုတိယ ညီမရဲ့ မိသားစု
ညီမအငယ်ဆုံးနဲ့ သမီးနှစ်ယောက်
ဧည့်ခံပွဲကိုတက်ရောက်လာတဲ့ ဧည့်သည်တော်များနဲ့ ချစ်ယောင်းမး)
မောင်နှမလေးယောက်နဲ့ တူမလေးနှစ်ယောက် ဧည့်ခံပွဲတက်
သတိုးသမီးနဲ့ သတိုးသားတို့ကို ပွဲထုတ်
တူမလေး ပျော်နေပုံရတယ်း)
အပြုံးမပျက် သူတို့နှစ်ယောက်
မင်္ဂလာလက်စွပ်ဆင်ပေး
ပရိသတ်ကို နှုတ်ခွန်းဆက် စကားပြောဘို့ တိုင်ပင်ကြ
ကျေးဇူးတင် ဝမ်းမြောက်ကြောင်း အစချီ
ဒီလိုလေး ထူးထူးခြားခြားကြုံခဲ့ရ
နှစ်ကိုယ်တူယှဉ်ပြီး ရှန်ပိန်လောင်း
တက်ရောက်လာ ဧည့်သည်တော်အားလုံး ဂုဏ်ပြုကြ
တစ်စားပွဲ တစ်ပုလင်းတင်ထား
Fried Prawn with Wasabe Sauce
Chili & Sauce
Fish Maw and Sea Cucumber
Steamed Pa Ting Fish with Chili Chips & Bean Sauce
Braised Sea Cucumber and Fresh Gluten Puff with Bai Cai Miao
Roasted Crispy Chicken
Dessert (Chilled Jelly Royale with Julienne of Coconut
Dessert (Chinese Pancake with Lotus Paste)
Stewed Ee-fu Noodle with Fresh Mushrrom နဲ့ သစ်သီးတွေတော့ ဓာတ်ပုံရိုက်ချိန် မရလိုက်လို့ :P
တူမလေးတင်နှင်း၊ ညီညီတို့နဲ့အတူ မောင်နှမများ အဒေါ်ဦးလေး တူမလေးတို့ အမှတ်တရ
တူမတော်များ
သူတို့မောင်နှမတွေလည်း အမှတ်တရ
စီစီရီရီ ပူစီဖောင်းလေးများ
အမှတ်တရ ဓာတ်ပုံများရိုက်
ချစ်ယောင်းမနဲ့အတူ မင်္ဂလာမောင်နှံ သမီးများ မြေးများအမှတ်တရ
သတိုးသားရဲ့ မိဘများနဲ့ အမှတ်တရ
မင်္ဂလာဧည့်ခံပွဲကို တက်ရောက်လာတဲ့ မောင်နှမသားချင်းများ (တစ်ချို့တစ်ဝက်နော် :P)
သူတို့မောင်နှမတွေကလည်း ပြုံးပျော်လို့
 ပစ်လိုက်တဲ့ပန်းစည်းကို လက်ခံရလိုက်တဲ့ သတိုးသမီးရဲ့ ညီမအငယ်ဆုံးလေး
(ချစ်ယောင်းမတော့ နောက်တစ်ပွဲအတွက် မျက်ခုံးလှုပ်လောက်ပြီး))
အပြန်လမ်းမှာမြင်ရတဲ့ သစ်ခွလေး
ရိုက်ချက် တစ်ချို့




အပြန်ခရီးလမ်းမှာတော့

ကျမတက်ရောက်ဘူးသမျှ ကိုယ့်ရပ်ဌာနေက မင်္ဂလာဧည့်ခံပွဲတွေနဲ့ မတူပဲ တစ်မူထူးခြားတာကတော့ ရှန်ပိန်ကို အဆင့်ဆင့်တင်ထားတဲ့ ခွက်လေးတွေထဲကို လောင်းထည့်ပြီး ပရိသတ်က ဂုဏ်ပြုတာမျိုးကို  ပထမဦးဆုံးအကြိမ် ကြုံဘူးတာဖြစ်သလို အနောက်တိုင်း ဓလေ့ထုံးစံလေးတစ်ခု ဖြစ်မယ်လို့ ထင်မိတယ်။ ဒီမင်္ဂလာ ဧည့်ခံပွဲလေးကနေ ကျမအတွက် ဆင်ခြင်မိတာလေးကတော့ မိဘများဟာ သားသမီးတို့အတွက် အဖြည့်ခံသက်သက် ဖြစ်သလို သားသမီးတို့ အလိုရှိတာ မှန်သမျှကို ဆန္ဒပြည့်စေဘို့ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက် ထုတ်ကာ ဖန်တီး ဆောင်ရွက်ပေးလေ့ရှိသူပါ။ ဖတ်ဖူးခဲ့တဲ့ အရှင်နန္ဒာစရိယ (ဝမ်းတွင်း)ရဲ့ ကဗျာလေးကို မျှဝေပေးလိုက်တယ်နော်-

ရဟန္တာ မထေရ်မ ဒေါ်သောဏ၏ သံဝေဂ

အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဟု 
လူရှင်အများ ဆိုကြငြားလည်း
 နှစ်ပါးမိဘ ဆင်းရဲကြမူ 
သားနှင့်သမီး ရှုမငြီးတို့ 
ရင့်သီးလှစွာ ပြုလုပ်ပါ၏။ 
မညှာမတာ ပြောဆိုကာဖြင့် 
အိမ်မှအပ နှင်ထုတ်ကြ၏။ 
မိဘနှစ်ဖြာ နတ်ဗြဟ္မာတို့ 
ပညာတော်သင့် ရှုမျှော်ချင့်၍ 
ရင်နင့်ဖွယ်ရာ ဒေါ်သောဏ၏
 ကြောင်းရာဖြစ်ရပ် အတ္ထုပ္ပတ်ကို
 မြင့်မြတ်ပုံတူ အတုယူ၍ 
ညီတူဝိရိယ စိတ်ဆန္ဒဖြင့် 
ဓမ္မစွမ်းအား ရှိစေငြားသည် 
တရားလက်မလွတ်ကြစေနှင့်။ 
မယွင်းမှန်လှ ဤလောက၌ 
မိဘကိုပင် ဥစ္စာမြင်မှ 
ခင်မင်မြတ်လေး သားတို့ကျွေး၏။ 
ခင်မင်မြတ်လေး သမီးတို့ကျွေး၏။ 

လူ့ဘောင်လောကကြီးထဲမှာ ရှိသမျှ သားသမီးများ အားလုံး မိဘများအပေါ် ချစ်ခင် သိနားလည်ပြီး လိမ္မာရေးခြားရှိတဲ့ သားသမီးများ အဖြစ် ရပ်တည်နိုင်ကြပါစေလို့-

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

(ဝန်ခံချက်= ရိုက်ထားတဲ့ဓာတ်ပုံတွေကတော့ အတော်လေးများပေမယ့် ဘလော့မှာတင်ဘို့ ကာယကံရှင် တို့ရဲ့ ဆန္ဒကို မမေးမိတဲ့အတွက် ဆွေမျိုးတွေရဲ့ ပုံသာတင်ခဲ့ခြင်းဖြစ်ပါတယ်။ အဝေးက ရိုက်ရတဲ့ ပုံတွေမို့ ကြည်လင်ပြတ်သားမှု မရှိတဲ့ ရိုက်ချက်များအတွက် သည်းခံကြည့်ပေးကြပါနော်)

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz