x

2.7.12

ကြုံဆုံခဲ့ရသမျှ


ရန်ကုန်မြို့တော်ကြီးကို မှုန်မှုန်မှိုင်းမှိုင်းမြင်နေရတာ ခရီးကပြန်ရောက်တဲ့ အချိန်ထဲက နေ့စဉ်ရက်ဆက် ဆိုသလိုပါပဲ။ ရွာလိုက် တိတ်လိုက် ဖြစ်နေတဲ့ မိုးကြောင့်လည်း ကြည်ကြည်လင်လင် မရှိတဲ့ ပတ်ဝန်းကျင်ကို မြင်ရတာ ကျမရဲ့ စိတ်ကို ပိုမိုထိုင်းမှိုင်းစေပြန်တယ်။ မသွားမဖြစ်တဲ့နေ့တွေလောက်သာ အပြင်ထွက်ပြီး (ဒါလည်းနေ့တိုင်းလိုပါပဲ ကိစ္စများမြောင် လူတို့ဘောင်တဲ့ :P) ကျန်တဲ့ အချိန်ပိုင်းလေးတွေမှာတော့ စာဖတ်ရင်း ဖြစ်စေ ဘလော့ အိမ်တွေ လည်ရင်းပတ်ရင်း ဖြစ်စေ အချိန်တွေကို ကုန်လွန်စေတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတော့ ညီမဝမ်းကွဲတစ်ယောက်ရဲ့ ခင်ပွန်းဆုံးတာ နှစ်နှစ်ပြည့်အတွက် တရားနာကို သန်လျှင်မြို့မှာရှိတဲ့ အောင်စည်တော် ဓမ္မသိုက် တပ်ဦးကျောင်းမှာ ဖိတ်ထားတာမို့ သန်လျင်ဘက်ကို ရောက်ခဲ့တယ်။ ဘလော့တစ်ပုဒ်တော့ ထွက်ရချည်သေးရဲ့လို့ ကျေနပ်နေမိတယ်း) အပြင်သွားတော့မယ် ဆိုရင်ဖြင့် ကျန်တဲ့ပစ္စည်းတွေ ကျန်မှာထက် ကင်မရာကျန်မှာ ပိုဂရုစိုက်တာ ဘလော့ဂါ ဘဝရောက်ထဲက အကျင့်လိုဖြစ်နေပြီ။ လမ်းတစ်လျှောက်လုံး မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ဘူးလေ အကြောင်းက မညှာမတာရွာတဲ့ ကိုရွှေမိုးကြောင့်ပေါ့။ ပို့စ်တင်ဘို့ ရည်ရွယ်ချက်က ရှိပြီးသားမို့ မကြည်လင်တဲ့ ရာသီဥတုကို အံတုရင်း ရသလောက် ရိုက်ခဲ့တယ်။ မိုးရေထဲ စိုထိုင်းထိုင်းနဲ့ သွားရလာရ အဆင်မပြေတာကြောင့် အလှူနေရာကလွဲလို့ ကျန်နေရာတွေကို အလည်အပတ် မရောက်ခဲ့ဘူး။ လမ်းမှာအတွေးနဲ့ပါလာတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ညီမဝမ်းကွဲတို့ မိသားစုရဲ့ သောကဒေဝမီးတွေ အဘယ်လောက် တောက်လောင် ခဲ့မလဲရယ်လို့။ အိမ်ပြန်ရောက်တော့ တစ်လမ်းထဲက မိတ်ဆွေ တစ်ယောက်ရဲ့ မိခင်ဆုံးသွားတယ် ဆိုတာသိရလို့ ညပိုင်းမှာ နာရေးအိမ်ကို အရောက်သွားခဲ့တယ်။

နေ့စဉ်နဲ့အမျှ မရွာခင် ဟန်ပြင်နေတဲ့ မိုးမင်း
လေကလည်း မိုးနဲ့အပြိုင်
ဘုရင့်နောင် တံတားပေါ်မှ မြင်ကွင်း

တံတားအဆင်း ဘေးတစ်ဖက်တစ်ချက်မှ ကျွန်းပင်များ
အရင်ကတော့ ဒေသ(၂)ကောလိပ်တည်နေရာလေး
ပါရမီလမ်းရှိ စိန်ဂေဟာ

ပါရမီလမ်းတစ်လျှောက်
ဝေဇယန္တာလမ်းတစ်လျှောက်
လူနေအိမ် အဆောက်အဦးများ


သာကေတ တံတားပေါ်မှမြင်ကွင်း
သာကေတ ရွှေပုစွန်မုန့်ဆိုင်
သန်လျင်ဘက်အကူး ရထားမြင်လို့ လျှပ်တစ်ပြက် ရိုက်ချက်း)
တံတားပေါ်မှ မြင်ကွင်း

သန်လျက်တစ်ဘက်ကမ်းရှိ စတားစီးတီးအဆောက်အဦးများ
သန်လျင်ဘက်အဝင် ပျိုးဥယျာဉ်

စေတီလေးမြင်လို့ အမှတ်တရရိုက်
တိုးတက်ပြောင်းလဲနေတဲ့ သန်လျင်
အလှူလုပ်တဲ့ အောင်စည်တော် ဓမ္မသိုက် တပ်ဦးကျောင်း ဓမ္မာရုံ

သံဃာတော်များအား နေ့ဆွမ်းကပ်လှူ

ညီမဝမ်းကွဲမိသားစု
ဆရာတော်မှ တရားရေတိုက်ကျွေး

တရားနာ

ပြုပြုသမျှ ဒါန သီလ ဘာဝနာ အစုစုတို့အတွက်  ရေစက်ချ
ကျောင်းပရဝုဏ်အတွင်း လှည့်လည်ကြည့်
ဆောက်လုပ်ဆဲ နေရာများ


ယောဂီများအတွက် သုံးထပ်ကျောင်းဆောင် ဆောက်လုပ်ဆဲ

အပြန်ခရီးလမ်း သန်လျင်တံတားပေါ်မှ မြင်ကွင်း
အိမ်အပြန်ဘုရင့်နောင်တံတားပေါ်မှမြင်ကွင်း

နေဝင်ဆည်းဆာ
နေရာက ထိန်ပင်သုဿာန်။ ကားကြီး ကားငယ်တွေ တန်းစီပြီး အဝင်အထွက်က စဉ်ဆက်မပြတ်။ မိတ်ဆွေရဲ့ ကျေးဇူးရှင် မာတာမိခင် သောကြာနေ့က ဘဝတစ်ပါး ပြောင်းသွားတဲ့အတွက် ဒီကနေ့ တနင်္ဂနွေ နေ့လည် ၁၂နာရီ ၁၅မိနစ်မှာ ကျမ အဲဒီနေရာကို ရောက်နေခဲ့ခြင်းပါ။ မစည်ကားအပ်တဲ့ သုဿာန်တစ်စမှာ ပွဲလမ်းသဘင် ကျင်းပနေတဲ့အတိုင်း စည်ကားလွန်းနေတယ်။ ခန်းမ-၁ ကစပြီး အစဉ်အလိုက် ခန်းမ-၂ ခန်းမ-၃ အစီအရီကို မြင်တွေ့ရသလို တစ်ဖက်မှာလည်း ခန်းမထဲ မပို့ခင် ပြင်ဆင်ဘို့ရာအတွက် အခန်းတွေ ဆက်ရက် စီတန်းနေတာကို မြင်ရတယ်။ ခန်းမ-၁ အထဲကို ကျမဝင်ရောက်လာချိန်မှာတော့ ကွယ်လွန်သူ မိခင်ကြီးအတွက် ပူဆွေး ငိုကြွေးနေတဲ့ မိသားစုကို မြင်တွေ့ရတယ်။ လူတိုင်း တစ်နေ့တော့ မဖြစ်မနေ အရောက် သွားရမယ့် လမ်းကလေးဆိုတာကို ကျမတွေးနေမိသလို လူသားအားလုံး အတွက် နေဝင်ဆည်းဆာ အချိန်လေးမှာ လှပဘို့လိုအပ်တယ်လို့လည်း သုံးသပ်မိပြန်တယ်။ ငိုကြွေးပူဆွေး သူတို့လည်း ကွယ်လွန်သူ မိခင်ကြီးအပေါ် အတိုင်းအတာ ဘယ်လောက်အထိ အသက်ရှိစဉ်က ပြုစု စောင့်ရှောက် တာဝန်ကျေခဲ့ကြသလဲ ကျမကိုယ်တိုင်လည်း ကွယ်လွန်ခဲ့သူ ကျေးဇူးရှင် ဖခင်ကြီးအပေါ် ဘယ်လောက်အထိ တာဝန်ကျေခဲ့သလဲလို့ ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်ရင်း သေခြင်းတရားကို သံဝေဂဉာဏ်နဲ့ ဆင်ခြင်မိတယ်။ မီးသင်္ဂြိုလ်စက်ကို အသွား အသက်(၂၄)နှစ် သာရှိသေးတဲ့ အချိန်မတန်ခင် လူ့ဘဝကြီးကို စွန်ခွာသွားသူ တစ်ဦးရဲ့ဆိုင်းဘုတ် ကိုဖတ်မိပြန်တယ်။ အတိတ်ကို ဖျပ်ခနဲ သတိတစ်ချက် ဝင်မိတယ်။

လူသားအားလုံးအတွက်လမ်းဆုံး
ထိန်ပင်သုဿာန်အတွင်း သစ်ရိပ်များ

ဘဝဆည်းဆာ
အများမုန်းစရာပ
ခါးကုန်းလို့ ဆံကေဖြူ
အသက်ကြီးပြန်တော့ ပျက်စီးကိုယ်ခန္ဓာက
အိုဒဏ်နာ ရန်ရှာချက်ကယ်ကြောင့်
 ခွေယိုင်ကာ နေထိုင်ခက်လှတယ်
 နှောက်ယှက်ဘေးထူ။ မကြားပါ
နားမှာလေးတဲ့ပြင် အားမပါ သွားလာနှေးပါဘိ
ဝါးတောင်ဝှေး ဖေးတွယ်ကူ
 ရှေးငယ်မူနှင့် လွန်ကွာဝေး။
အရိုးပဒေသာ အဘိုးဝေဒနာက
 လေအလာ ကြွေကာသက်ရှာမယ့်
 နွေအခါ ရွှေဝါရွက်လိုပ
 မြေအလွှာ ခွေကာစက်တော့မည်ထင့်
 ချောင်းတဟက်ဟက်ကယ်နှင့် အပြောင်းခက်ပါဘိ
အိုကွယ်…… စောင်းလျက်မှိတ်မှေး။ ။
(လှသိန်းဝင်း-ကနီ)

အတိတ်ကံအကြောင်း
သင်္ကြန်မတိုင်ခင် တနင်္ဂနွေနေ့ ဒီနေရာ ဒီခန်းမလေးမှာ နှစ်စဉ်မပျက် အလှူလုပ်နေကျ။ စုပေါင်းရဟန်းခံ ရှင်ပြု အလှူမို့လည်း ပိုလို့ စည်ကားစမြဲပါ။ အားလုံး လက်အုပ်ချီ ဝတ်ပြုနေကြချိန် ကျမရဲ့ အရှေ့ဘက် လက်တစ်ကမ်းက ရေစက်ခွက်လေးကို ဘယ်သူတစ်ဦးတစ်ယောက်က ထိတိုက်မှု မရှိပဲ ရေစက် ခွက်လေး မှောက်သွားတယ်။ တစ်ချိန်တည်းမှာပဲ သောက်ရေခွက် ဖန်ပန်းကန်လုံးလေး အလိုလို ကွဲသွားပြန်တယ်။ သိပ္ပံခေတ် ဆိုတော့လည်း ရှင်းပြရအခက်သား။ လက်တွေ့ ထူးခြားမှုလေးတွေကြောင့် တစ်ခုခုတော့ တစ်ခုခုပဲလို့ စိတ်တွေလေးလံ နေမိခဲ့တယ်။ အလှူလေး ပြီးမြောက်သွားတော့ အိမ်ပြန်ရောက်လာတော့ အလှူလုပ်စဉ်က ထူးခြားချက် အဖြစ်အပျက်လေးတွေ ကိုလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်။ နောက်တစ်နေ့ မနက်ရုံးရောက်တော့ ဖုန်း ဝင်လာတယ် ယောင်းမ အငယ်ဆုံးလေး မနေ့မနက်က ဆုံးပြီတဲ့။ အသက် ၃၂နှစ်သာ ရှိသေးတာကြောင့် ကြွေချိန်မတန်သေးပေမဲ့ အတိတ်ကံ အကြောင်းတရားရဲ့ အရိပ်အကျိုးတရားပါလားလို့ စိတ်မှာ တွေးမိရင် ယောင်းမလေး အိမ်ကို အပြေးအလွှား ရောက်သွားခဲ့တယ်။ ဆရာဝန်ရဲ့ ပြောပြချက် ကတော့ သူ ဆုံးချိန်က ကျမတို့အလှူလုပ်နေတဲ့အချိန် အသက်ရှူကြပ်ပြီး ဆုံးခဲ့တာလို့ သိရတယ်။ ယောင်းမလေးရဲ့ သားလေးနဲ့ ခင်ပွန်းသည်တို့က မွေးရပ်မြေကို စနေ တနင်္ဂနွေ နှစ်ရက်ခရီး ထွက်ချိန်မို့ အသက်ရှူ ကြပ်နေချိန် အနီးအနားမှာ ဘယ်သူမှမရှိ။ တနင်္လာ မနက်စောစော အိမ်ပြန်ရောက်မှ ဇနီးဖြစ်သူ သေဆုံးနေတာကို မြင်ရတဲ့အခါ ယူကြုံးမရ သောကများစွာ ရင်မှာပိုက်လို့ အသက် ၅နှစ်သာ ရှိသေးတဲ့ သားငယ်ကို ပွေ့ပိုက်ရင်း ငိုယိုကာ လက်လှမ်းမှီသလောက် အမျိုးတွေဆီကို ဖုန်းဆက် အကြောင်းကြားရတော့တယ်။ ဆက်တိုက်ဆိုသလို ကျမအတွေးလေးတစ်ခု ဝင်လာပြန်တယ်။

လွန်ခဲ့တဲ့နှစ် မတ်လ ၅-ရက်နေ့ ၂၀၁၁ရက်နေ့ မနက်က အဒေါ်ငယ်ကဖုန်းဆက်တယ် ‘မောင်ဖြိုး’ ဆုံးပြီတဲ့။ နေမကောင်းတာကို သိထားပေမယ့် ဆေးဝါး အပြည့်အစုံနဲ့ ကုသခံနေရတာမို့ အခုလို သတင်းမျိုးကို ကြားရမယ်လို့ မထင်ခဲ့တာအမှန်ပါ။ မိခင် ဖခင် သန်သန်မာမာရှိပေမယ့် သွေးအားနည်းတဲ့ သားတစ်ယောက် မိဘနှစ်ပါးထက် စောလျင်စွာ မျက်စိမှိတ်ခဲ့တဲ့ အဖြစ်အပျက်ကလေးကို ကြုံခဲ့ဘူးတယ်။ ကြုံဆုံခဲ့ရသမျှ ရေးရရင်ဖြင့်ကျမရဲ့ ပို့စ်လည်း အဆုံးသတ်နိုင်တော့မယ် မထင်ပါ။ သေချင်းတရားဆိုတာ အသက်ကြီးတယ် ငယ်တယ် ပစ္စည်းဥစ္စာ ကြွယ်ဝတယ် နွမ်းပါးတယ်နဲ့ မသက်ဆိုင်ပဲ သေနေ့စေ့ရင်ဖြင့် ကိုယ်ဝတ်ပါမကျန် အကုန်ချန်လို့ သေမင်းနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားရပါလားဆိုတဲ့ သံဝေဂလေးနဲ့ မောင်ဖြိုးရဲ့နောက်ဆုံးခရီးကိုလည်း ကျမပို့ခဲ့ဘူးပါတယ်။ အတိတ်မှာ ရုန်းမထွက်နိုင်ရင် ဘဝအတွက် အောင်မြင်တဲ့ပစ္စုပ္ပန် ရှိလာနိုင်မှာ မဟုတ်ဘူးလို့ ကျမယုံကြည်တယ်။

နက်ဖြန်ခါနှင့်နောက်ဘဝ
နက်ဖြန်ဆိုတာ တနေ့တာသည်
သည်ကာလနောက် ညဥ့်မှောင်ရောက်၍
 နောက်နေ့နံနက် အရုဏ်တက်မှ
ဆက်ဆက်ရောက်လာ ခရီးကြာ၏
သို့ပါသော်လည်း မှန်မလွဲသည့်
 ရောက်မြဲဌာန နောက်ဘဝကား
ခဏခရီး လျှပ်ပြက်စီးသို့
 ကွေးပြီးသောလက် မဆန့်မီ
ဆန့်ပြီးသောလက် မကွေးမီ
မဝေးလှပါပြီတကား။ ။
(အရှင်နန္ဒာစရိယ-ဝမ်းတွင်း)

ဆန္ဒနဲ့ဘဝဆိုတာ အမြဲလိုလို လွဲချော်တတ်တဲ့ သဘာဝတရားမို့ ကျမတို့အားလုံး တိမ်းတိမ်ရောင့်ရဲမှုကို လက်ကိုင်ထားပြီး ကံ ဉာဏ် ဝိရိယတို့ကို ထိုက်သင့်သလို အသုံးချသင့်ပါတယ်။ အသက်ရှင်ရမဲ့ ကာလလေးဟာ တိုတောင်းလွန်းတာကြောင့် မိမိရဲ့ဆန္ဒ မပြည့်တာတွေကို စိတ်တိုင်းမကျ ဖြစ်နေမဲ့အစား လက်ရှိအခြေအနေမှာ အကောင်းဆုံးဖြစ်အောင် နေထိုင် ကြိုးစားအားထုတ် ကျင့်ကြံသင့်ပါတယ်။ တစ်ခါတစ်ရံ ဆိုးရွားတဲ့ တွေ့ကြုံမှုရဲ့ နောက်ကွယ်မှာ ဒီထက်ကောင်းမွန် အဆင်ပြေစေမယ့် ဘဝအလှည့်အပြောင်း တစ်ခုဖြစ်လေ့ရှိတတ်တာကြောင့် စတေးခဲ့ရမှုလေးကို ပြောင်းလဲမှုလေးနဲ့ ချေပ သင့်ရင်လည်း ချေပတတ်ရပြန်တယ်။ ရှုပ်ထွေးပွေလီတဲ့ လူ့ဘောင်လောကကြီးမှာ အောင်မြင်မှု ကျဆုံးမှု လွယ်ကူမှု ခက်ခဲမှုတို့အားလုံးဟာ အတိတ်ကံ အကျိုးပေးနဲ့ သက်ဆိုင်နေသလို လက်တွေ့ဘဝ အားထုတ်မှုနဲ့လည်း ပတ်သက်နေပါတယ်။ နောင်တ ဆိုတာ ဘယ်သူတစ်ဦးတစ်ယောက်မှ မနှစ်သက်ပေမဲ့ လူသားတိုင်း ရှောင်လွှဲလို့မရပါ။ ဖြစ်ပြီးသွားတဲ့ အကြောင်းအရာ ကနေ ဖြစ်ပေါ်လာတဲ့ နောင်တ ကို ကြေကွဲတွေဝေ နေမဲ့အစား ထပ်မံ အကောင်အထည် ဖော်နိုင်မဲ့ အကောင်းဆုံးသော အကြောင်းအရာ တစ်ခုနဲ့ အစားထိုး ဖြေသိမ့်ဘို့လိုပါတယ်။

စာဖတ်သူတို့ သိပြီးဖြစ်ပေမယ့် ပြန်လည် သတိရဘို့ ဒေသနာတော်တွေ မျှဝေပေးလိုက်တယ်နော်။
- မည်သည့်အရပ်တွင် ပုန်းအောင်း၍ နေစေကာမူ သေခြင်းမှ မလွတ်မြောက်နိုင်သော ဒေသနာတော် 
- တရားဒါနသည်သာ အမြတ်ဆုံးဟု ဟောတော်မူသော ဒေသနာတော် 
- စိတ်ကြောင့်ဖြစ်သော မကောင်းမှုကို စိတ်ကောင်းနှင့်ဆေးက စင်ကြယ်ကြောင်း ဒေသနာတော် 
- အူမတောင့်မှ သီလစောင့်နိုင်မည်ဟူသော ဒေသနာတော် 
- မိမိကိုယ်ကိုသာလျှင် အားကိုးရာ အမှန်ဖြစ်ကြောင်း ဒေသနာတော်
- သူတစ်ပါးကို ဆုံးမရလွယ်သလောက် မိမိကိုယ်ကို ဆုံးမသည့်အခါ မလွယ်ကြောင်း ဒေသနာတော်

စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz