x

15.7.12

အတိတ်ကံကြွေး


ကျမ ခရီးမထွက်ခင်တစ်ရက်က ဂျီတော့မှာ လွင်ပြင်လှိုင်းငယ်က 11.7.2012 ရက်နေ့မှာ ဘလော့ သက်တမ်း တစ်နှစ်ပြည့်တဲ့နေ့မို့ အမှတ်တရ စာစုလေးရေးပေးဘို့အတွက် ပြောလာပါတယ်။ အခုလို ပို့စ်တစ်ပုဒ်ရေးဖို့ရာ အခွင့်အရေးပေးတဲ့ လွင်ပြင်လေးကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေနော်။ ဘလော့ဂါ သက်တမ်းတစ်နှစ်ဆိုတာ မနေ့တစ်နေ့ကလိုပါပဲ။ ကျမရဲ့ဘလော့ဂါ သက်တမ်းလည်း ပြီးခဲ့တဲ့ မေလက တစ်နှစ် ပြည့်ခဲ့ပါတယ်။ ကုန်မြန်လိုက်တဲ့ အချိန်တွေ။ တိုတောင်းတဲ့ အချိန်လေးတွေကို ဘလော့ဂါ မောင်နှမများ အားလုံး အမှတ်တမဲ့နေရင်း အချိန်တွေကို ကုန်ဆုံးစေမဲ့အစား ကိုယ့် အတွက်လည်း အကျိုးရှိ အများအတွက်လည်း အကျိုးရှိမယ်လို့ထင်တဲ့ အကြောင်းအရာ ကိစ္စရပ်လေးများကို တတ်စွမ်းသမျှ ဖေါ်ဆောင် ရေးသား မျှဝေပေးရင်း နောင်နှစ်ပေါင်းများစွာကို ပျော်ပျော်ရွှင်ရွှင်နဲ့ လက်တွဲညီညီ ဖြတ်သန်းနိုင်ကြပါစေလို့ အရင်ဆုံး တောင်းဆုလေး ချွေပါရစေနော်။ လူသားတိုင်း မိမိသမိုင်း မိမိရေးသလို မိမိခြေရာကို မိမိသာချန်ရစမြဲပါ။ အတိတ်ဘဝက မိမိပြုပြုသမျှ အကောင်းအဆိုး သန္ဓေမျိုးစေ့ရဲ့ ရလာဒ်ဟာ အခုလက်ရှိဘဝမှာ ကောင်းကျိုးကံ ဆိုးကျိုးကံအနေနဲ့ တိုက်ရိုက် ခံစားနေရခြင်း ဆိုတာကို မလွဲမသွေ လက်ခံရမှာဖြစ်ပါတယ်။ မိမိရဲ့ အားနည်းချက်ကို သိပြီ ဆိုရင်လည်း ပြုပြင်ဘို့ရာ အချိန် မနှောင်းသေးပါဘူး ပြုပြင်ဘို့လည်း လွယ်ကူပါတယ်။ သိရက်နဲ့ မသိကျေးကျွံ ပြုနေသေးရင်ဖြင့် မပြီးဆုံးတဲ့ အမိုက်ကံအဖြစ် သံသရာကနေ ရုန်းထွက်ဘို့ ခဲယဉ်းနေအုံးမှာပါ။ အကြွေးတင်ရင် ဘုရင် ဆပ်နိုင်ပေမယ့် မိမိရဲ့ အတိတ်ကံအကြွေး တင်ခဲ့ရင်တော့ မိမိမှတစ်ပါး အခြားဆပ်မဲ့သူ မရှိပါ။ လွင်ပြင်လေးရေ တစ်ဆက်တည်း စာဖတ်သူတို့နဲ့ အတူ ဖတ်စေလိုတဲ့ စေတနာနဲ့ ခရီးစဉ်တစ်လျှောက် ကြုံဆုံခွင့်ရတာလေးတွေ ပို့စ်တစ်ပုဒ် အဖြစ်ရေးလိုက်ပြီနော်း)


ဇူလိုင်လ ၅ရက်နေ့ည ၉နာရီခွဲမှာ ရန်ကုန်-မန္တလေးခရီးစဉ်ကို လိုက်ပါဘို့အတွက် အောင်မင်္ဂလာ အဝေးပြေး ကားဝန်းအတွင်းမှာ ရှိတဲ့ ရွှေနန်းတော်ကားဂိတ်ကို ကျမ ည၈နာရီ၄၅မိနစ်မှာ ရောက်ခဲ့ ပါတယ်။ ရွှေနန်းတော် သယ်ယူ ပို့ဆောင်ရေးယာဉ်မှာ ထူးထူးခြားခြား ရေအိမ်သာ ပါရှိတယ် ဆိုတာကြောင့် အဲဒီကားကို တမင်ရွေးပြီး စီးခဲ့ခြင်းပါ။ ကျန်းမာရေး အတွက် အဆင်ပြေစေတဲ့အပြင် လမ်းမှာရပ်နားမှုလည်း မိနစ်နှစ်ဆယ် တစ်ကြိမ်သာ ပြုလုပ်ပေးမယ် ဆိုလို့ပါ။ တစ်ဦးတည်းထိုင်ဘို့ အဆင်ပြေစေတဲ့ (Single seat) ပါတဲ့အတွက် ပိုအဆင်ပြေပါတယ်။ တစ်ခြား အဝေးပြေးယာဉ်တွေကတော့ အနည်းဆုံး နာရီဝက်ခန့်စီ နှစ်ကြိမ် ရပ်နားပြီး လမ်းမှာလည်း ခရီးသည်တို့ဘက်က အပေါ့အပါး သွားချင်လို့ တောင်းဆို လာရင် ရပ်ပေးလေ့ရှိတာကို ခရီးသွားတိုင်း ကြုံတွေ့ဘူးပါတယ်။ ၉နာရီ၁၅မိနစ်မှာ ကားပေါ်တက် နေရာ ယူကြရပြီး ကားယာဉ်မယ်ကနေ ခရီးသည်တို့ရဲ့ ထိုင်ခုံလက်မှတ် မှတ်ပုံတင်တို့ကို တိုက်ဆိုင်စစ်ဆေး အတည်ပြုချက် ယူပါတယ်။ အဲဒီနောက် ကားမောင်းသက်တမ်း ဆယ်နှစ်အထက် အတွေ့အကြုံရှိပြီးသူ ဒါရိုင်ဘာဆီကနေ မူးယစ်ဆေးဝါး အရက်သေစာတို့ သောက်စားခြင်းကင်းတဲ့ အကြောင်း စက်ကိရိယာတစ်ခုနဲ့ တိုင်းတာမှုပြုကာ ခရီးသည်တို့ကို လိုက်လံပြသကြေငြာပါတယ်။ ၉နာရီခွဲ အတိမှာတော့ ရန်ကုန်မြို့ကနေ စတင် ထွက်ခွာခဲ့ပါတယ်။ နေရာထိုင်ခင်းနဲ့ ထားသိုပုံများက လေယာဉ်နဲ့ ခပ်ဆင်ဆင်တူပါတယ်။ ထိုင်ခုံ ခါးပတ်များပါပြီး စာကြည့်မီး လေအေးစက်တို့ကို အလိုရှိရင် ရှိသလို ပြုလုပ်နိုင်ပါတယ်။ လမ်းခုလတ်မှာ မိနစ်နှစ်ဆယ် တစ်ကြိမ်နားပြီး ခရီးဆက်ထွက်တဲ့ အခါမှာတော့ ကားပေါ်မှာ အအေးနဲ့ မုန့်များ လိုက်ဝေပေးပါတယ်။ အသွားမှာ ပဲပေါက်ဆီ ပုစွန်ပေါင်းနဲ့ အသားညှပ်ပေါင်မုန့်တို့ ကျွေးသလို အပြန်မှာတော့ ကြက်သားပေါက်ဆီ ဖက်ထုပ်နဲ့ ကြက်သားမုန့်တို့ ဖြစ်ပါတယ်။ (အသွား အပြန် နှစ်ကြိမ်လုံး စားလို့ကုန်မှပဲ ဓာတ်ပုံရိုက်ဘို့သတိရတယ်း)) တစ်လမ်းလုံး ပုံမှန်နှုံးနဲ့မောင်းတာကြောင့် အေးချမ်းစွား ခရီးစဉ်ကို လိုက်ပါခဲ့ပြီး ၆ရက်နေ့မနက် ၆နာရီမှာ မန္တလေးကျွဲဆည်ကန် ကားဝင်းအတွင်းကို ဆိုက်ရောက်ခဲ့ပါတယ်။

ထုံးစံအတိုင်း မန္တလေးဖက်ကို ခရီးထွက်ခဲ့တဲ့ ကျမအတွက် ဘုရားတွေဖူးဖြစ်သလို လည်ပတ်တဲ့ နေရာတွေကလည်း ခြေရာတွေ ထပ်နေပါပြီ ပို့စ်တစ်ပုဒ်အဖြစ် အကြောင်းအရာတွေလည်း အပ်ကြောင်း မထပ်ချင်ပါ။ ဒါပေမဲ့ ဝါသနာကို တားမရလို့ ရိုက်ဘူးတဲ့ နေရာရှုခင်းနဲ့ စေတီ ပုထိုး ဘုရားပုံတော်တွေကို ထပ်ခါထပ်ခါ ရိုက်ဖြစ်ခဲ့ပြန်တယ်လေ။ ကင်မရာထဲ ရောက်လာတဲ့ ပုံလေးတွေထဲက တစ်ချို့တစ်ဝက်ကိုတော့ စာသားကင်းမဲ့စွာနဲ့ တင်ပြလိုက်တာကို အားပေးကြပါနော် ဘုရားတွေရဲ့ ရာဇဝင်သမိုင်းတွေကို ပို့စ်ဟောင်းတွေမှာဖေါ်ပြပြီးလို့ ထပ်မရေးတော့ပါဘူးး) ခရီးရောက်မဆိုက်ဆိုသလို ခနနားရေမိုးချိုးပြီး မဟာမြတ်မုနိဘုရားကြီးကို သွားရောက်ပြီး အေးအေးဆေးဆေး အချိန်ပေး ဖူးဖြစ်ခဲ့တယ်။ ဘုရားကြီးဖူးပြီးတဲ့အခါမှာတော့ ညီမရွှေစင်ဆီ အရောက်သွား နှုတ်ဆက်ပြီး မန္တလေးမှာရှိတဲ့ ဦးလေးနဲ့အဒေါ်တို့ကို ကန်တော့ရင်း နေ့လည်စာကို အဲဒီအိမ်မှာပဲ ညီမဝမ်းကွဲနဲ့အတူစားခဲ့တယ်။ မိုးမရွာသေးလို့ အပူချိန်ပြင်းထန်တဲ့ မန္တလေးရဲ့ ရာသီဥတုကို ခံနိုင်စွမ်းမရှိတာမို့ စားပြီးတာနဲ့ အိမ်ကိုအမြန်ဆုံးပြန်လာခဲ့ရတယ်။ အိမ်ရောက်တော့ ရှင်းလင်းတဲ့အလုပ်ကို လုပ်ရင်း ၆ရက်နေ့တစ်နေ့တာ ကုန်ဆုံးစေခဲ့တယ်။

ဇူလိုင်လ ၇ရက်နေ့ မနက်၇နာရီမှာ စစ်ကိုင်းဖက်ရှိ ဘုရားများကို ဖူးဖြစ်ခဲ့တယ်။ ပထမဦးစွာ ဆွမ်းဦးပုညရှင် ဘုရားကြီးကို ဆွမ်း သစ်သီး ရေချမ်း ပန်း ဆီမီးတို့ကို ကပ်လှူခွင့်ရခဲ့သလို စိတ်ကြည်နူးမှုကို ရစေတဲ့ ရှုခင်းလေးတွေကိုလည်း ကြည့်ရှုခံစားရင်း စာဖတ်သူတို့အတွက်ပါ မျှဝေလိုတာကြောင့် လိုအပ်တာထက် ပိုပြီး ဓာတ်ပုံတွေ ရိုက်ဖြစ်တယ်။ ဆွမ်းဦးပုညရှင်ဘုရား ဖူးပြီးတဲ့အခါ ရာဇမဏိစူဠာ ကောင်းမှုတော် ဘုရားကို ဖူးဘို့အတွက် ခရီးဆက်ခဲ့ပြန်တယ်။ ကောင်းမှုတော်ဘုရား ဖူးပြီးနောက် ကံတလူဘုရားကို အရောက်သွား ဖူးဖြစ်ခဲ့တယ်။ ကံတလူဘုရား ဖူးပြီးတဲ့နောက်မှာ မန္တလေးဘက် ရွှေကျီးမြင်ဘုရားကို ဆက်ဖူးဖြစ် တဲ့အချိန်မှာတော့ ဘလော့ဂါကိုကိုးအိမ် ခေါ် နေဇာမောင်မောင်နဲ့ အဆက်အသွယ်ရပြီး အမှတ်တရ ဓာတ်ပုံမှတ်တမ်းလေး ရိုက်ဖြစ်တယ်။ ကျမအပြင်မှာ တွေ့ဆုံဖူးခဲ့တဲ့ ဘလော့ဂါတွေရဲ့ နံပါတ် ၅၉ယောက်မြောက်ပါး) မကြာခင် အချိန်အတွင်း ဘလော့ဂါ ၆၀မြောက်နဲ့ တွေ့ရမှာကို တွေးရင်း ရေးရင်း စိတ်ကြည်နူးမှုကို ဖြစ်စေပါတယ်။ (ဒီကနေ့ ဘလော့ဂါ မေဓာဝီနဲ့ သွားတွေ့မလို့လေး)။ ရွှေကျီးမြင်ဘုရား ဖူးပြီးတဲ့အခါ ဆိုင်တစ်ဆိုင်မှာ အဆာပြေ တို့ဟူးနွေး ဝင်စားပြီး မန္တလေးတောင်ခြေမှာ ရှိတဲ့ လောကမာရဇိန်စေတီနဲ့ စန္ဒာမုနိဘုရားတို့ကို ဆက်ဖူးပါတယ်။ အဲဒီကနေ အောင်တော်မူဘုရားကို ဖူးပြီး အိမ်ပြန်ခဲ့တယ်။ အိမ်ရောက်တော့ ခြေပမ်းလက်ပမ်းကျနေပြီမို့ ဇာတ်လမ်းတစ်ပုဒ် ထိုင်ကြည့်ရင်း နားလိုက်တယ်။






ဇူလိုင်လ ၈ရက်နေ့ မနက် ၈နာရီမှာ ဖူးနေကျ ဘုရားတစ်ဆူဖြစ်တဲ့ ကျောက်ဆည်က ရွှေသိမ်တော်ကြီး ဘုရားကို သွားရောက် ဖူးဖြစ်ခဲ့တယ်။

ဇူလိုင်လ ၉ရက်နေ့မှာတော့ ဥစ္စာကံစောင့် အသက်ဥာဏ်စောင့် ဆိုသလို အပြင်မထွက်တော့ပဲ မနက်ပိုင်းမှာ ဝါသနာအရ ခြံထဲမှာရှိတဲ့ သစ်ပင် ပန်းမာလာတွေကို ဓာတ်ပုံရိုက်တယ်။ ဒါပေမယ့် အမြဲတန်း လှလှပပ ပွင့်တဲ့နှင်းဆီပန်းတွေ ဒီတစ်ခေါက် မလှမပ ပွင့်နေကြတာမို့ မရိုက်ဖြစ်ခဲ့ဘူး။ နောက်တစ်နေ့မှာ အိမ်ဦးသခင်က တောင်ပြုံးဖက်ကို ပို့ပေးမယ်ဆိုလို့ အကြိုနားတဲ့သဘောပါး) ဒီတော့ အိမ်အလုပ်လေးတွေနဲ့ တစ်နေ့တာ အချိန်ကို ကုန်လွန်စေခဲ့တယ်။



ဇူလိုင်လ ၁၀ရက်နေ့ မနက် ၅နာရီခွဲမှာတော့ တောင်ပြုံးပွဲတော် ကျင်းပလေ့ရှိတဲ့ နေရာကို ကျမတို့ သွားခဲ့တယ်။ စာဖတ်သူများ အတွက် ဒီပို့စ်မှာ ဗဟုသုတလေး လက်ဆင့် ကမ်းချင်တဲ့ စိတ်ကြောင့် အရင် မရေးဘူးသေးတဲ့ ‘တောင်ပြုံးပွဲတော်’ ပို့စ်လေးကို လက်လှမ်းမှီသလောက် အတိုချုပ် မျှဝေပေးလိုက်ခြင်း ဖြစ်ပါတယ်။ စာဖတ်သူ အချို့တော့ ကျမထက်ပိုပြီး စုံစုံလင်လင် သိရှိပြီးဖြစ်မှာပါ။ တစ်ခြားပွဲတွေနဲ့ မတူ တမူထူးခြားတဲ့ တောင်ပြုံးပွဲတော်ဟာ မြန်မာပြည် အရပ်ရပ်မှာရှိတဲ့ ဂေဇက်ဝင် ပွဲတော်များထဲမှာ အစည်ကားဆုံး ပွဲတော်ဖြစ်ပါတယ်။ ဆုတောင်းပြည့် ဘုရားပွဲရယ်လို့ အမည် ခံထားပေမယ့် အရပ်ရပ်ကနေ လာရောက်ကြတဲ့ နတ်ကိုးကွယ်သူများရဲ့ အင်အားဟာ သောင်းနဲ့ သိန်းနဲ့ချီကာ လာရောက်ကြတာကြောင့် အမှန်ပဲ ကြက်ပျံမကျ စည်ကားလှတဲ့ ပွဲတော်ပါ။ ကျမရောက်ခဲ့တဲ့ ၁၀ရက်နေ့ကတော့ ပွဲတော်စတင်ခြင်း မရှိသေးတာကြောင့် ဓာတ်ပုံကို စိန်ပြေနပြေရိုက်ခွင့်ရသလို သမိုင်း အကြောင်းလည်း အေးအေးဆေးဆေး လေ့လာခွင့်ရခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာတော် ထွန်းပေါ် ထိန်လင်း နေမင်းကြီး ပမာ ရောင်ယှက်ဖြာစေတဲ့ ဘုရင် အနော်ရထာရဲ့ လက်ထက်မှာ ဘုရားရှင်ရဲ့ စွယ်တော်ကို ပင့်ဘို့ တရုတ်ပြည် အသွားမှာ လူစွမ်းကောင်း မင်းသား(၂)ပါးဖြစ်တဲ့ ရွှေဖျဉ်းနောင်တော်နဲ့ ညီတော်တို့ဟာ အင်အား စွမ်းပကားကို အထင်အရှား ပြသနိုင်ခဲ့တာကြောင့် ဘိုးတော် အနော်ရထာမင်းကြီးရဲ့ ချစ်ခင်အားထားမှုကို ခံယူ ရရှိခဲ့ကြတယ်။ တရုတ်ပြည် အပြန် ခေတ္တတပ်စခန်းချရာ အရပ်မှာ အထိမ်းအမှတ်အဖြစ် ဆုတောင်းပြည့် စေတီတော် တည်ရာမှာ တာဝန်မကျေ ဝတ္တရားပျက်ကွက် အုတ်နှစ်ချပ် လပ်မှုနဲ့ အသတ်ခံရပြီး အယူတိမ်းကာ နတ်စိမ်း ဖြစ်ရရှာပြီးမှ မင်းမှုထမ်းတို့ လက်လွန်ခြေလွန် ဖြစ်သွားကြောင်းကို ဖောင်တော်စုန်ဆင်းကာနီးမှ ဘိုးတော်အနော်ရထာမင်းကြီး သိရှိကာ မြေနဲ့အတူ နန်းတော်ဆောက်လုပ်ပြီး နတ်ရုပ်နဲ့ အမှုထမ်းတွေ ခန့်ထားခဲ့တဲ့ အမိန့်တော်ကို ယနေ့ထိ စဉ်လာမပျက် နတ်ကန္နားပွဲ ကျင်းပခဲ့ကြပါတယ်။ ဝါခေါင်လဆန်း (၈)ရက်နေ့ကစပြီး ဝါခေါင်လပြည့်နေ့အထိ မိမိတို့ဆိုင်ရာ ဆိုင်ရာ တာဝန်တွေကို ရိုးရာမပျက် တာဝန်ထမ်းဆောင်ကြပါတယ်။

ဆုတောင်းပြည့်ဘုရား

ဝါခေါင်လမှာ ကျင်းပတဲ့ တောင်ပြုံးပွဲ သားနှစ်ပါးထံကို မိခင်ဖြစ်သူ ပုပ္ပားမယ်တော်က ဝါမဝင်မီ နယုန်လပြည့်နေ့မှာ ကြွလာမြဲဖြစ်ပါတယ်။ မင်း(၂)ပါး ချိုးရေတော်သုံးတဲ့ ဝါခေါင်လဆန်း (၁၁)ရက် မနက် ၁၀နာရီခွဲအချိန်မှာ ဆိုင်ရာဆိုင်ရာ အမှုထမ်းတွေ စုံစုံညီညီ အသင့်အနေအထား ရောက်တဲ့အခါ ဝေါထိန်း အချီတော်က အရှင်(၂)ပါး ရုပ်ပုံတော်တွေကို ဝေါပေါ်ကို ကြွချီပင့်ဖိတ်ပြီး ရွှေ့ပြောင်းပေးပါတယ်။ အရှင်(၂)ပါး ဝေါပေါ်ကို စံမြန်းပြီးတဲ့အခါ ရှေ့ဝင်း နောက်ဝင်း ခင်းကျင်းပြီး (၃၇)မျိုး ဆိုင်ရာဆိုင်ရာ တာဝန်ကျ အမှုထမ်းတွေက မိမိတို့နဲ့ သက်ဆိုင်တဲ့ အဆောင်အယောင် တွေနဲ့ လိုက်ပါကြရပါတယ်။ ရှေးရှေးက ချိုးရေတော်သုံး အစဉ်အလာမှာ ရွှေနန်းတော်ကြီးကနေ ဧရာဝတီမြစ်ဆိပ် အထိ ဝေါယာဉ်တော်နဲ့ မင်းခမ်းစဉ်အတိုင်း ကြွချီရတယ်လို့ သိရပါတယ်။ ချိုးရေတော် သုံးတဲ့နေ့ဟာ တောင်ပြုံးပွဲရဲ့ အစည်ကားဆုံးနေ့ဖြစ်တယ်လို့ ဆိုပါတယ်။ ဝါခေါင်လဆန်း (၁၂)ရက်နေ့ မှာ နှစ်စဉ်မပျက် ကန်တော့ပွဲ အစုံအလင်နဲ့ တက်ပွဲ ဆက်သကြသူတွေ အဆက်မပြတ် ဆက်သကြတဲ့နေ့ ဖြစ်ပါတယ်။ ဆက်သခွင့် ရရှိသူများကို ရွှေတိုက် စာရင်းဝင် လို့ ခေါ်ဝေါ်ပြီး ရွှေနန်းတော်ကြီးရဲ့ အတွင်းကို ဝင်ရောက်ခွင့် ရှိကာ ကန်တော့ပွဲ အစုံအလင်နဲ့ အရှင်နှစ်ပါး ရှေ့တော်မှောက်ကို အနီးကပ် ခစားခွင့်ရသူတို့ ဖြစ်ကြပါတယ်။ တောင်ပြုံးကအပြန် လမ်းခုလတ်မှာ ရှုခင်းဓာတ်ပုံတစ်ချို့ကို ရိုက်ရင်း အပြန်ခရီးလမ်းမှာ အတိတ်ဘဝ ကံခေသူ လူစွမ်းကောင်း ညီနောင်နှစ်ပါး အကြောင်း၊ ပုဂံမြို့ဟောင်း တစ်နေရာက တဝဂူ အကြောင်းနဲ့ လတ်တစ်လော ကြုံခဲ့ရတဲ့ နေ့မြင်ညပျောက် ဆွေမျိုး မိတ်ဆွေများ အကြောင်း အတွေးနယ်ချဲ့မိတယ်။ တကယ်တော့ အချိန်အခါ နေရာဒေသ မရွေး မှန်းဆရခက်တဲ့ သေခြင်းတရား ခရီးဆုံးမှတ်တိုင်ကို ကျမတို့အားလုံး တစ်လှမ်းခြင်း သွားနေကြတာပါလားလို့ သံဝေဂ အသိဉာဏ်လေးနဲ့ ဆင်ခြင်မိခဲ့တယ်။




ဇူလိုင်လ ၁၁ရက်နေ့မှာ ကျမရောက်တုန်းရောက်ခိုက် အိမ်ဦးသခင်က ဝါဆိုသင်္ကန်းကပ် အလှူလေး လုပ်ပေးပြီး ည ၉နာရီ ရွှေနန်းတော် အထူးယာဉ်နဲ့ပြန်ခဲ့ပါတယ်။ အပြန်ခရီးမှာလည်း အသွားကလို မိနစ်၂၀ တစ်ကြိမ်သာ ရပ်ပြီး နောက်တစ်နေ့မနက် ဇူလိုင်လ ၁၂ရက်နေ့ မနက် ၆နာရီမှာ ရန်ကုန် အဝေးပြေးယာဉ်စခန်း အောင်မင်္ဂလာ ကားဝန်းကို ရောက်ခဲ့ပါတယ်။

အသက်တိုလှလူ့ဘဝ

ဆုတ်ကပ်ကာလ လူ့ဘဝ
တိုလှအသက်တွေ၊
အသက်ရှည်ကြာနေရပါ
တစ်ရာထက်တော့မပိုချေ။
တာဝတိံသာ တစ်ရက်စာ
လွန်စွာနည်းလှချေ။
ဗြဟ္မာအသက် ယှဉ်၍တွက်
မိနစ်ပိုင်းသာ ရှိပါချေ။
နှောက်ယှက်ရောဂါ ကြောက်စရာ
ကိုယ်မှာဝိုင်း၍နေ။
ဖြစ်လာပြီးမှ မသေရ
လုံးဝမရှိချေ။
(ယောဆရာတော်)

( ဥတ္တရဘုမ္မာ ဆရာစိန်ဝင်းရဲ့တောင်ပြုံးပွဲ ရတနာ့ဂူပွဲ နတ်သမိုင်းကို မှီငြမ်းတာဖြစ်ပါတယ်)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။
မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz