22.7.12

ဆုံဆည်းခွင့်လေးများ


ပို့စ်တစ်ပုဒ် ရေးတော့မယ် ဆိုရင်ဖြင့် ဖေ့ဘုတ် ဂျီတော့ အားလုံးကို ထွက်ထားရတဲ့အပြင် ဘလော့ပါ ပိတ်ထားပြီး ရေးမှသာ ခရီးရောက်ပါတယ်။ အဲဒီလိုမှ မလုပ်ရင် မပြီးဆုံးသော ပန်းချီကားတစ်ချပ်ထက် ဆိုးပါတယ်း)။ ဒီကနေ့ တနင်္ဂနွေ အချိန်များများ ရတဲ့နေ့ဆိုတော့ ပို့စ်တစ်ပုဒ် ရေးမယ်လို့ အတွေးဝင်လာပြီး မနက်စောစောမှာ နေ့စဉ်လုပ်နေကျ အိမ်အလုပ်လေးတွေကို မပျက်မကွက် လုပ်ခဲ့တယ်။ ပြီးချိန်မှာတော့ ၇နာရီရှိနေပြီ။ အချိန်ရှိတုန်း ရှိခိုက်လေးမှာ အွန်လိုင်းပေါ် ရောက်လာတယ်။ အွန်လိုင်းရောက်ပြန်တော့ ထုံးစံအတိုင်း မွေးနေ့ရှင်လေးတွေကို နှုတ်ဆက်ချင်သေးတယ်လေ။ ဒီတော့ကာ ဖေ့ဘုတ်တော့ အရင်ဝင်လိုက်တယ်။ မွေးနေ့မင်္ဂလာ ရက်မြတ်ရှင် ငါးယောက်ကို နှုတ်ဆက်လိုက်တယ်။ တစ်ခါ ကွန်မန့်လေးတွေ ဟိုဖတ်သည်ဖတ် ဖတ်ရင်း မေးတာလေးတွေ ဖြေ။ ရေးချင်တာလေးတွေရေးနဲ့ သံယောဇဉ် မနည်းဖြတ်ပြီး ဖဘကိုပိတ်လိုက်ရတယ်။ ပို့စ်ရေးဘို့ ဘလော့ကို ဝင်လာပြန်တော့ ပို့စ်အသစ်တွေဆီ မျက်စိက ရောက်သွားပြန်တယ်။ စိတ်ကျေနပ်အောင် ၅ ပုဒ်တော့ဖတ်လိုက်သေးတယ်။ ဖတ်ပြီးပြန်တော့ ကွန်မန့်က မပေးပဲမနေနိုင်ပြန်း) ၈နာရီခွဲလောက်မှာတော့ ဘလော့ပါပိတ်ပြီး ပို့စ်တစ်ပုဒ်ကို အစပျိုးခဲ့တယ်။ ကျမ ပို့စ်တင်ရင် New Post မှာချက်ခြင်း ရေးတင်တာမျိုး မလုပ်ပဲ Microsoft word မှာအရင် ရေးပါတယ်။ အစအဆုံး ပြီးသွားမှ ၃ကြိမ်လောက် ပြန်ဖတ်ပြီး တင်လေ့ရှိပါတယ်။ စီစစ်တဲ့ ကြားကနေ အမှားလေးတွေ မကြာခဏ ပါသွားတတ်တာကို တွေ့ရပါတယ်။ Publish လုပ်ပြီးမှ ပို့စ်ကို ပြန်ပြင်တိုင်း အခက်အခဲ တွေ့ရတာမို့ တတ်နိုင်သမျှ ပို့စ်တင်ပြီးချိန်မှာ မပြင်ရအောင် ကြိုးစားပါတယ်။ အရင်ကတော့ ပို့စ်မှာ ပြဿနာ တစ်ခုခု ကြုံတွေ့တိုင်း တူလေးကို လှမ်းလှမ်းပြီး အကူအညီတောင်း ပြင်ခိုင်းလေ့ ရှိခဲ့တယ်။ အခုချိန်မှာ တူလေးက သားငယ်တို့နဲ့ တစ်ဖွဲ့တည်းမို့ သူတို့ မဂ္ဂဇင်းကိစ္စနဲ့ ပတ်သက်ပြီး နေ့တဓူဝ အလုပ်များနေတာကို မြင်နေရတော့ အားနာတာနဲ့ ကိုယ့်ဘာသာ အဆင်ပြေအောင် လုပ်နေတာ ကြာပါပြီ ဒါကြောင့်လည်း တစ်ချို့ ပို့စ်တွေဆိုရင် ခေါက်မရတာနဲ့ တစ်ပုဒ်လုံး တင်လိုက်ရတာမျိုးတွေ ဖြစ်နေပါတယ်း)

ကျမ ဘလော့စရေးခဲ့တဲ့ ဧပြီလ ၂၄ရက် ၂၀၁၁ခုနှစ်ကနေ ဒီကနေ့အထိ တစ်နှစ်ကျော်မှာ ဘလော့ဂါပေါင်း ၆၃ဦးနဲ့ ဆုံဆည်းခွင့်လေး ရခဲ့တယ်။ ပြည်တွင်းပြည်ပ ဘလော့ဂါများကို ဒီထက်မက ဆုံချင်ပေမယ့်လည်း အားလုံး ကိုယ်စီမှာ ခေါင်းစဉ်မတူတဲ့ အလုပ်တွေကြောင့် မဆုံဖြစ်သေးပါဘူး။ ဘလော့ဂါများနဲ့ ဆုံရမဲ့ရက်ကို သိတိုင်း ကြိုပြီးစိတ်ကြည်နူးမှုကို ဖြစ်စေခဲ့တာ အကြိမ်တိုင်း ဆိုရင်လည်း မမှားပါဘူး။ ဘလော့ဂါများကို အရင်းပြုပြီး စာဖတ်မိတ်ဆွေ မြောက်မြားစွာနဲ့ သိကျွမ်းခဲ့ရတယ်။ ဘလော့ဂါ တစ်ယောက် ဖြစ်ခွင့် ရခဲ့တဲ့ အချိန်ကစလို့ ဖြတ်သန်းကုန်ဆုံးသွားခဲ့တဲ့ အချိန်လေးတွေကို ပြန်လှည့် ကြည့်မိရင် ကောင်းကျိုးတွေ အများကြီး ထွေးပိုက်ခွင့် ရခဲ့ပါတယ်။ သတင်းဖတ်ပြင်းတဲ့ကျမကို အိမ်ဦးသခင်က ကြုံတိုင်း သတင်းဖတ်ဘို့ တိုက်တွန်းခဲ့တာ အကြိမ်ကြိမ်။ အခုချိန်မှာတော့ ခေတ်နဲ့ တစ်ပြေးညီ နောက်ဆုံး ဖြစ်ပျက်နေတဲ့ သတင်းတွေကို သိချင်တဲ့ စိတ်ကြောင့် သတင်းဘလော့တွေကို အမြဲ ဝင်ဖတ်ဖြစ်တယ်။ အရင်က စာအုပ်ကိုပဲ အမှီပြုပြီး ဖတ်လေ့ရှိတဲ့ ဘာသာရေးကဏ္ဍတွေကို အခုချိန်မှာ ဘလော့တွေထဲကနေ စေ့စေ့စုံစုံ ဖတ်ခွင့် မှတ်သားခွင့်နဲ့ ကျင့်ကြံအားထုတ်ခွင့်တွေ ရလာပါတယ်။ အရင်က အထိအတွေ့ မရှိခဲ့တဲ့ နည်းပညာဆိုင်ရာ အပိုင်းကဏ္ဍတွေလည်း သိခွင့် လေ့လာခွင့်တွေ ရပြန်တယ်။ ဆောင်းပါး ဝတ္ထု ကဗျာလေးတွေက အစ ဗဟုသုတ ရသစာပေအမျိုးမျိုးကို ဖတ်ရင်းမှတ်ရင်းနဲ့ အချိန်ပိုလေးတွေကို တန်ဘိုးရှိစွာနဲ့ ဖြတ်ကျော်ခွင့်ရခဲ့ပါတယ်။

ကျမအွန်လိုင်းပေါ်ကို ရောက်လာတဲ့ အချိန်တိုင်းလိုလို ဖေ့ဘုတ်နဲ့ ဘလော့ကို ဝင်ဖြစ်ပေမယ့် ဂျီတော့ကိုတော့ မေးလ် စစ်တဲ့အခါတွေမှသာ အသုံးပြုဖြစ်ပါတယ်။ ဂျီတော့မှာ အချိန်ပြည့်ဝင် ထားတာမျိုး မလုပ်ရခြင်း အကြောင်းရင်းကတော့ တစ်ဖက်က မေးလာတဲ့ မေးခွန်းကို ပြန်မဖြေဖြစ်မှာ အားနာတာလည်း ပါပါတယ်။ ပိုဆိုးတာက တစ်ခါတစ်ရံ ကွန်နက်ရှင်က အကျ တစ်ဖက်ကလည်း မေးခွန်းက တက်လာချိန်မျိုး ကြုံဘူးပါတယ် အဲဒီလို အချိန်မှာ ပြန်ဖြေဘို့ အခက်အခဲ ဖြစ်သွားတဲ့အခါ တစ်ဖက်သားက ကိုယ့်အပေါ် အမြင်တစ်မျိုး ဖြစ်သွားမှာမျိုးကို မဖြစ်စေချင်တာလဲ တစ်ကြောင်းပေါ့။ ကွန်နက်ရှင်ကြောင့် မိတ်ဆွေတွေလည်း အထင်အမြင်လွဲကြ ချစ်သူရည်းစားတွေလည်း ပြဿနာတွေ တက်ကြ ဒီလိုမျိုးတွေ မကြာခန ကြားဘူးခဲ့လေတော့ ကြိုတင် အကာအကွယ် ယူပြီး အပြစ်လွတ်အောင် နေတဲ့သဘောပါပဲး)

အွန်လိုင်းမှာ ကျမရှိနေသမျှ အားလုံးကို ပြန်နှုတ်ဆက်လေ့ရှိသလို တစ်ခါတစ်ရံ အချိန်ရရင် ကိုယ်ကလှမ်းပြီး နှုတ်ဆက်တာမျိုးလည်း ရှိပါတယ်။ ကျမကို လှမ်းနှုတ်ဆက်လိုက်လို့ တကယ်လို့ တုန့်ပြန်မှု မလာဘူးဆိုရင် ကွန်နက်ရှင်ကြောင့်လို့သာ သတ်မှတ်ပေးကြပါနော်း) ကျမအခုလို ပြောပြရခြင်းဟာ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြတဲ့ ဒီလောကကြီးထဲမှာ တစ်ချို့က ကြုံတွေ့ရမှုလေးတွေကို အမှတ်တမဲ့ ကျော်ဖြတ်နိုင်ကြပေမယ့် တစ်ချို့ကျပြန်တော့ အားငယ်တတ်တဲ့ ပင်ကိုယ်စိတ် အရင်းခံကြောင့် မပြောပလောက်ဘူးလို့ ကိုယ်ထင်ခဲ့မိတဲ့ ဒီအကြောင်းအရာလေး တစ်ခုဟာ ကာယကံရှင်အတွက် စိတ်မကောင်းမှု ဝမ်းနည်းမှု ဖြစ်သွားစေတတ်ပါတယ်။ ကျမအထင်တော့ လူသားအားလုံးမှာ ခံစားလွယ်သူနဲ့ ခံနိုင်ရည်ရှိသူတို့ အဖြစ် အတိုင်းအတာ တစ်ခုအထိ ခံစားချက်ကိုယ်စီတော့ ရှိကြမယ်လို့ ထင်မြင် ယူဆမိပါတယ်။ ဘလော့တွေကို ရေးနေတဲ့ ဘလော့ဂါများလည်း သတင်း ဘာသာ သာသာနာရေး နည်းပညာ ဆောင်းပါး ဝတ္ထု ကဗျာ စားသောက်ဖွယ် အစရှိတဲ့ ကဏ္ဍစုံ သုတ ရသ နည်းပညာ ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ကိုယ်စိတ်အားထက်သန်ရာ မိမိရဲ့ စိတ်ခံစားမှု အပေါ်မှာ မူတည်ပြီး ရွေးချယ် ရေးသား မျှဝေနေကြသူတွေပါ။ ပို့စ်တွေဟာ ဘလော့ဂါတို့ရဲ့ ရင်ထဲမှာ ပေါ်လာတဲ့ အကြောင်းအရာ အဖြစ်အပျက် ကလေးတွေကို စာသားအဖြစ် ပြောင်းလဲ စီချယ်ပြီး ပို့စ်တစ်ပုဒ်အဖြစ် ဖန်တီး မျှဝေ လိုက်ခြင်းလို့ပဲ မြင်မိတယ်။ မျှဝေပေးလိုက်တဲ့ ပို့စ်တိုင်းမှာလည်း မှတ်သားစရာ တစ်ခုကတော့ ရလိုက်စမြဲပါ။ ဘလော့ဂါများနဲ့ ဆုံမိတဲ့အခါတိုင်း အတော်များများဟာ အချင်းချင်း ဘလော့နာမည်ကိုပဲ အသုံးပြုပြီး စကားပြောကြတာကို မြင်ရသလို ကျမလည်း အဲဒီလိုခေါ်ဝေါ်တာကို သဘောကျမိတယ်။ ကျမ တစ်ချို့ ဘလော့ဂါတွေရဲ့ နာမည်အရင်းကို သိနေပေမယ့် ဘလော့နာမည်ကို ခေါ်ရတာ ပိုရင်းနှီးသလို ခံစားရပါတယ်။ ချွင်းချက်အနေနဲ့တော့ ဘလော့ဂါဘဝ မရောက်ခင် အချိန်ကာလက သိပြီးသူတွေကိုတော့ နာမည်ခေါ်တာ နှုတ်ကျိုးနေလို့ နာမည်ပဲခေါ်ပါတယ်။

ပန်းကမ္ဘာ ဆရာတော်ကို နေ့ဆွမ်းကပ်










မျိုးဆက်သစ်ဘလော့ဂါငယ်များ :P






ကျမအဖို့ ဒီကနေ့အထိ ဆုံဆည်းခွင့် ရခဲ့တဲ့ ဘလော့ဂါတွေ အကြောင်းကို ပြန်တွေးမိတယ် တူညီတဲ့ အချက်တွေကတော့ တစ်ယောက်နဲ့ တစ်ယောက် ဆုံဆည်းတဲ့အခါမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကွဲကွာသွားခဲ့ကြတဲ့ မိတ်ဟောင်း ဆွေဟောင်းများ ပြန်လည် ဆုံဆည်းကြသလို ရင်းရင်းနှီးနှီးနဲ့ တစ်ယောက် တစ်လှည့် စကားများ ဖောင်ဖွဲ့လို့ ပြောမဆုံးပါး) ဟန်ဆောင်မှု ကင်းပြီး ပွင့်လင်း ခင်မင်စရာ ကောင်းတဲ့ အချက်တွေ တူညီကြတယ်။ အကြောင်း အကျိုး တိုက်ဆိုင်မှု မရှိသေးလို့ ဆုံဆည်းခွင့် မရသေးတဲ့တိုင် အွန်လိုင်းမှာ ခင်မင်သိကျွမ်းပြီးသား ဘလော့ဂါများနဲ့ နီးရက်နဲ့ဝေးနေတဲ့ မသိသေးတဲ့ ဘလော့ဂါများကို တစ်နေ့နေ့ တစ်ချိန်ချိန် ဆုံတွေ့တဲ့အခါမှာ အလားတူပဲ ရင်းနှီး ခင်မင်စွာနဲ့ နှုတ်ဆက် စကားပြောခွင့် ရမယ်ဆိုတာ ယုံကြည်မှုအပြည့်ပါ။ ဆုံဆည်းခွင့်လေးများကို မှတ်တမ်းအဖြစ် ခြေရာချန် ထားခဲ့လိုတဲ့ ဆန္ဒကြောင့် အခုလို ပို့စ်တစ်ပုဒ် အဖြစ် ရေးသားမျှဝေ ပေးလိုက်ပြီး စာဖတ်သူတို့နဲ့ မိတ်ဆက်ပေးခြင်းပါ။ ဓာတ်ပုံရိုက်ဖို့ ပျက်ကွက်သွားတဲ့ ဘလော့ဂါများကို နောက်တစ်ကြိမ် ဆုံနိုင်ခွင့် ရှိခဲ့ရင် မမေ့မလျော့ မှတ်တမ်းပုံလေး ယူရပါအုံးမယ်။ ဘလော့ဂါ မောင်နှမများနဲ့ စာဖတ် မိတ်ဆွေတို့ အတွက် မိတ်ဆွေအစစ် (၁၆)ယောက်ကို ဝေမျှပေးပါရစေနော်။ အလည်အပတ် ရောက်လာသူ အပေါင်းတို့ စစ်မှန်သော မိတ်ဆွေများနဲ့သာ ဆုံတွေ့ခွင့် ရနိုင်ကြပါစေလို့း)

၁။ သူ၏လျှို့ဝှက်အပ်သောအမှုကို မိမိကိုသာပြောကြားခြင်း။
၂။ မိမိ၏ လျှို့ဝှက်အပ်သော အမှုကို သူတစ်ပါး မသိအောင် ထိန်းသိမ်းပေးခြင်း။
၃။ ဘေးရန်တွေ့သောအခါ စွန့်ခွာမသွားခြင်း။
၎။ အသက်ကိုပင်စွန့်၍ မိမိ၏အကျိုးကို ဆောင်ရွက်ပေးခြင်း။
၅။ မကောင်းသော အမှုများကို မပြုဖြစ်အောင် တားမြစ်ခြင်း။
၆။ ကောင်းသောအမှုများကို ပြုဖြစ်အောင် တိုက်တွန်းခြင်း။
၇။ မကြားဘူး မသိဘူးသေးသော တရားစကားကို ပြောပြခြင်း။
၈။ ဒါန သီလ ဘာဝနာတို့ကို နည်းမှန်လမ်းမှန် ညွှန်ပြခြင်း။
၉။ မိမိ၌ အကျိုးစီးပွား မဖြစ်ထွန်းလျှင် သူ မနှစ်သက်နိုင်ခြင်း၊ စိုးရိမ်ပူပန်ခြင်း။
၁၀။ မိမိ၌ အကျိုးစီးပွား ဖြစ်ထွန်းလျှင် သူ နှစ်သက်ခြင်း။
၁၁။ မိမိ၏ ကျေးဇူးမဲ့ စကားကို သူတစ်ပါးက ပြောလာလျှင် တားမြစ်ခြင်း။
၁၂။ မိမိ၏ ဂုဏ်ကျေးဇူးကို သူတစ်ပါးက ပြောလာလျှင် ပြောသူကို ချီးမွမ်းခြင်း။
၁၃။ မေ့လျော့နေသောအခါ အသက်ကို စောင့်ရှောက်ပေးခြင်း။
၁၄။ မေ့လျော့နေသောအခါ ပစ္စည်း ဥစ္စာကို စောင့်ရှောက်ပေးခြင်း။
၁၅။ ကိစ္စကြီးငယ်ရှိသောအခါ အားကိုးရခြင်း။
၁၆။ ကိစ္စကြီးငယ်ရှိသောအခါ သူကပြုဖူးသော ကျေးဇူးထက် နှစ်ဆတိုး၍ ကျေးဇူးပြုခြင်း။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz