29.7.12

စိတ်အဟာရဆေးလေးများ



မေးခွန်း
“ကောင်းကင်” က “မြေပြင်” ကိုငုံ့ကြည့်ပြီး…… “မင်းဟာ ငါ့အောက်မှာ နေခဲ့တာ ခေတ်ပေါင်း များစွာကတည်းက အခုထိပဲ၊ နောင်ကိုလည်း ငါ့အောက်မှာပဲ ရှိနေဦးမှာပါ” ဒီစကားကို မြေကြီးရဲ့ တုံ့ပြန်ပုံက… “ငါသာမရှိခဲ့ရင် မင်းကို ကင်ပွန်းတပ်ပေးမယ့်သူတောင် ရှိမှာမဟုတ်ဘူး သဘောပေါက်လား”


သူ့ကြောင့်
လမုပင်ထိပ်ဖျားမှ မျောက်တံငါ ၃-၄ ကောင်က အောက်ဘက် ချောင်းစပ်တွင် ရေသောက်နေသည့် ကျားငယ်လေးကို လမုသီးများဖြင့် ပစ်ပေါက်ရင်း အော်ဟစ်နေကြ၏။ ကျားငယ်က ကမ်းစပ်ပေါ်ပြန်တက်ပြီး လမုပင်ကြီးကို စူးစူးရဲရဲ ကြည့်နေ၏။ ထိုအချိန် ချောင်းထဲမှ မိချောင်းပေါက်ကလေးက ကျားငယ်ကို လှမ်းပြောသည်မှာ…… “ဒီမျောက်တွေ မင်းကို ပမာမခန့်လုပ်ပြီး ရန်စနေတာကွ” ကျားငယ်က မိချောင်းကို ပြန်ပြောသည်မှာ…… “ငါ့ကို ပမာမခန့်လုပ်တာ မျောက်တံငါလေးတွေ မဟုတ်ဘူး ဒီလမုပင်ကြီးကွ”


သီအိုရမ်
“ခြေထောက်” က “လက်” ကိုပြောသည်မှာ…. “ငါဟာ ခန္ဓာကိုယ်ကို ခိုင်မာအောင် တည်တည်တံ့တံ့ ထောက်ကူမှုပေးနေရတာကွ၊ မင်းလို မှောက်လိုက် လှန်လိုက် ဟန်အမျိုးမျိုး လုပ်ပြနေတဲ့ကောင် မဟုတ်ဘူး” သည်တွင် လက်က ခြေထောက်ကို ပြန်ချေပပုံမှာ- “အဲဒါကြောင့် ငါလက်စွပ် ဝတ်ရတာ”


အဝေးမှုန်
သစ်ပင်၏ အကိုင်းတစ်ကိုင်းကို လူတစ်ဦး ထိုင်ရှိခိုးနေ၏။ ထိုသူ၏ အပြုအမူကို နားမလည်သူ တစ်ဦးက ဝင်မေးသည်။ “ဒီအပင်က အကိုင်းကို ဘာလို့ ရှိခိုးရတာလဲ” ထိုအခါ တစ်ဖက်က ဖြေသည်မှာ….. “ကျုပ်ဆရာက ဒီအကိုင်းကို ခုတ်ပြီး သိဒ္ဓိဝင်အရုပ် ထုမယ် ပြောလို့ သူများထက် ဦးအောင် လာရှိခိုးတာ” ဤတွင် ဘေးကဝင်မေးသူလည်း ထိုင်၍ ဦးချလေတော့သည်။


လှလောက်လေ
တန်ခူးလတွင် ပိတောက်ပင်က သူ့အနီးရှိ စိန်ပန်း၊ ငုဝါတို့ကို လှမ်းကြွားနေသည်။ “အတာကူးတဲ့ တန်ခူးလမှာ ပိတောက်ပန်းဟာ နာမည်အကြီးဆုံး၊ အတင့်တယ်ဆုံး၊ အလှဆုံးကွ” သည်စကားကို စိန်ပန်းပင်က ပြောသည်မှာ….. “မင်းဟာ သင်ခန်းစာ မယူတတ်တဲ့ အကောင်ပဲ၊ ပိတောက်ပွင့်တိုင်း မင်းသိပ်လှလို့၊ အကိုင်းတွေ ဓါးနဲ့ အခုတ်ခံရတာ၊ မနှစ်က ဒဏ်ရာတွေလည်း ပြန်ငုံ့ကြည့်ဦးကွာ”


အချိန်နှင့်ဒီရေ
“အချိန်” က “ဒီရေ” ကို အပေါ်စီးလေသံဖြင့် ပြောသည်မှာ- “ဒီမှာ အချိန်ဆိုတာ အမြဲမှန်နေတယ်။ ဘယ်သူ့မှ မျက်နှာ မလိုက်ဘူး၊ ဘယ်သူ့မှလည်း စောင့်မနေဘူး။ ငါ့ကို လာဘ် ပေးလို့လည်း မရဘူးကွ” ထိုစကားကြောင့် “ဒီရေ” က “အချိန်” ကို မေးခွန်းထုတ်လိုက်သည်။ “နေပါဦး လာဘ်စားတဲ့ လူတစ်ချို့ကတော့ မင်းကို ထင်သလို အသုံးချနေတယ်ကြားလို့ အဲဒါဟုတ်လား”


ပကတိ
ကျောင်းသားတစ်ဦးက သူ့မိတ်ဆွေကို ပြောပြနေ၏။ “သစ်မြစ်တွေဟာ မြေအောက်မှာ မြေဆီလွှာစုပ်ယူဖို့ တစ်ခြားအမြစ်တွေကို ကိုယ့်ဘက် မလာနိုင်အောင် အမြစ်ချင်း လိမ်ပစ်တဲ့နည်းနဲ့ မြေအောက် မြေဇာလုတဲ့ အမြစ် စစ်ပွဲတွေ ဖြစ်တယ်လို့ သိပ္ပံ မဂ္ဂဇင်း တစ်ခုမှာ ငါဖတ်ဖူးတယ်ကွ” “မင်းဖတ်တာ သိပ္ပံမဂ္ဂဇင်း ဟုတ်ပါ့မလား စီးပွားရေး မဂ္ဂဇင်း ဖြစ်ချင်ဖြစ်မှာ မယုံရင်ကြည့် တို့မြို့မှာ စီးပွားရေးသမားတွေ ခြေချင်းလိမ်နေတာ မြင်တယ်မို့လား”


လူ့စိတ်
“ဝူ……. ဝူ….. အူ….” ခွေးတစ်ကောင် ဆွဲဆွဲငင်ငင် အူသံကြောင့် တည်းခိုခန်း တစ်ခုတွင် အိပ်နေသူ တစ်ဦး လန့်နိုးသွားကာ…. “ဒီခွေးစုတ်ကလည်း အူတာ ဆူညံနေတာပဲ ကောင်းကောင်း မအိပ်ရဘူး” နောက်တစ်နေ့တွင် ထိုသူသည် ခရီးဆက်ရင်း တောခရီး အတွင်းရှိ တဲလေးတစ်လုံးတွင် ညအိပ်ရသည့် အခြေအနေနှင့် ကြုံ၍ မဝံ့မရဲ အိပ်ရတော့သည်။ ထိုစဉ်….. “ဝူ……. အူ….. အူ….” “အဲ ဟုတ်ပြီ၊ ငါတစ်ယောက်တည်း မဟုတ်ဘူး၊ အနားမှာ ခွေးရှိတယ်” ထိုသူအကြောက် နည်းနည်းပြေကာ အိပ်ပျော်သွားလေသည်။



လှိုင်းနဲ့လေ
လှိုင်းများ လေ၏ အတင်းကို ပြောနေကြ၏။ “တို့တွေကို အငြိမ်မနေအောင် လုပ်တာ “လေ” ကွ၊ တို့အချင်းချင်း လှိုင်းကြက်ခွပ် ဖြစ်အောင် လုပ်တာလည်း သူပဲ၊ တို့ကို ကျောက်ဆောင်နဲ့ ဝင်ဆောင့်ခိုင်းတာလည်း သူပဲ၊ သူမရှိရင် တို့ အေးအေးနေရမှာကွ” ထိုစကားကို “လေ” ကြားသွားသဖြင့်….. “ဟေ့ကောင်တွေ မင်းတို့ကို “လှိုင်း” ဖြစ်လာအောင် ဘယ်သူ လုပ်ပေးတာလဲဆိုတာ မေးစမ်းပြီးမှ ငါ့အတင်း ပြောရင် ပိုကောင်းမယ်”


မတိမ်းမယိမ်း
တိုက်နွားနှင့် ခိုင်းနွားတို့သည် မြက်စားကြရင်း….. တိုက်နွား - ငါကံဆိုးပါတယ်ကွာ၊ ငါ့သခင်က သူဖဲရှုံးတာ ကာမိဖို့ ငါ့ကို တိုက်နွား အနေနဲ့ အသုံးချနေတာကွ။ ခိုင်းနွား - မင်းခုလို ဖြစ်ရတာ စိတ်မကောင်းပါဘူး၊ ငါလည်း ကံကောင်းတဲ့ အကောင် မဟုတ်ပါဘူးကွ။ တိုက်နွား - ဟ၊ ဘာဖြစ်လို့လဲ၊ မင်းက လူတွအားလုံးစားဖို့ လယ်ထွန်ရတာပဲဟာ၊ ကုသိုလ်တောင် ရသေးတယ်။ ခိုင်းနွား - ငါအမြဲဆင်းထွန်နေရတာ မင်းသခင်ရဲ့ လယ်ကွ သိလား။


အနီးမှုန်
အလွန်ရွံရှာတတ်သော မိန်းမပျိုလေးတစ်စု လမ်းသွားရင်း မစင်ပုံကို မြင်၍ ကသုတ်ကရက် ရှောင်ရာမှ အဘွားအို တစ်ဦးကို ဝင်တိုးမိသွား၏။ အဘွားအို - “ဟဲ့ ကောင်မလေးတွေ ဘာဖြစ်ကြတာလဲ၊ ငါ့တောင် လဲလုမတတ်ပဲ” မိန်းကလေးများ - “ဟိုမှာ မစင်ပုံ တွေ့တာနဲ့ ရွံလို့ ဒီဘက် ပြေးလာတာ အဘွားရဲ့” အဘွားအို - “ဒါများဟယ်၊ နင်တို့ မစင်ပုံကို လွယ်ပြီး နေ့တိုင်း သွားနေကြတာပဲဟာ”


မြောရင်းနှင့်အတူ
ရေဗုံလုံသီးနှင့် ငါးပျံတို့ ဝေဖန်ရေး လုပ်နေကြ၏။ “ဗုံလုံတစ်လှည့်၊ ငါးပျံတစ်လှည့်” ဆိုတဲ့ စကားဟာ မင်းနဲ့ငါ အပြန်အလှန် အနိုင်လုနေတယ် ထင်ပြီး လူတွေ ပြောနေကြတာကွ။ ရေဗုံလုံသီး - ဟုတ်တယ်ကွ၊ တကယ်တော့ မင်းနဲ့ငါ အလှည့်စောင့်ပြီး အနိုင်လုနေကြတာတော့ မဟုတ်ပါဘူးကွာ။ ငါးပျံ - အေးကွ ဒါဆို ဘာကြောင့်လဲ၊ တွေးကြည့်စမ်းကွာ။ ရေဗုံလုံသီး - အဲ ငါတွေးမိပြီ တို့တွေ ရပ်တည်ရာ မရသေးလို့ ဖြစ်မယ်။ ငါးပျံ - ဒါမှန်နိုင်တယ်ကွ။ သည်လိုပြောရင်း သူတို့ ချောင်းရေစီးတွင် တစ်လှည့် မြောပါ သွားကြလေသည်။
(မောင်လှိုင်သစ်ရဲ့ ‘လွင့်မြောနေသော အတွေး၏ အပိုင်းအစများ’ မှ ကောက်နှုတ်ခြင်းဖြစ်ပါတယ်)

စိတ်အဟာရ ဆေးလေးတွေ သောက်သုံးပြီးရင် ဆရာတော်ကြီးများရဲ့ ရွှေအနှစ်သာရလေးတွေကို တစ်မိနစ်ထဲသာ ကြာမှာမို့ ဖတ်ဖြစ်အောင်ဖတ်သွားပါနော်း)
၁။ ရခဲလှတဲ့ ဘဝလေးမှာ အလကား အချိန်တွေ မဖြုန်းလိုက်ပါနဲ့။
၂။ တရားနာတာသည် မိမိအရေး၊ တရားအားထုတ်တာသည် မိမိအရေး။
၃။ တရားနာတယ်ဆိုတာ မတရားတဲ့ အလုပ် မလုပ်တဲ့အချိန်ပါပဲ။
၎။ အလုပ်တရားဆိုတာ ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်ညီအောင် ပြုလုပ်တာပါ။
၅။ နိဗ္ဗာန်ဆိုတာ ကံ၏အကျိုးမဟုတ်၊ ဉာဏ်၏အကျိုးသာ။
၆။ အလုပ် ကြည့်ချင်ရင် ခန္ဓကြည့်၊ အလုပ်စဉ် ကြည့်ချင်ရင် မှတ်တမ်းကြည့်ပါ။
၇။ ကံကို ဉာဏ်က ဖြတ်မှ နိဗ္ဗာန်ရမှာ၊ ဉာဏ်မပါရင် ကံက ချယ်လှယ် သွားလိမ့်မယ်။
၈။ ခန္ဓာကြီးရဲ့ စွမ်းရည်သတ္တိ ပင်ကိုယ် သဘောက ဖြစ်မှုနဲ့ ပျက်မှုပဲ ရှိပါတယ်။
၉။ လူပြောသူပြောတွေ မယုံပါနဲ့၊ မိမိ ခန္ဓာက ပြောတာကို အယုံကြီး ယုံလိုက်ပါ။
၁၀။ ဒါနက သံသရာရှည်တာ မဟုတ်ပါ။ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာပါ။
၁၁။ စာပဋိစ္စသမုပ္ပါဒ် သိတာ သညာသိ၊ ခန္ဓပဋိစ္စသမုပ္ပါဒ် သိတာမှ ပညာသိပါ။
၁၂။ သညာသိနဲ့ နိဗ္ဗာန် မရောက်နိုင်ပါ။ ပညာသိမှ နိဗ္ဗာန် ရောက်နိုင်မယ်။
၁၃။ ပဋိစ္စသမုပ္ပါဒ်ဆိုတာ မိမိခန္ဓာထဲမှာ ရှိတဲ့တရားပါ။
၁၄။ ဝိပဿနာ အားထုတ်တဲ့အခါ ကိလေသာ ကြားမခိုပါစေနဲ့။
၁၅။ အိုရာက နာရာ မရောက်ခင် ဝိပဿနာလုပ်ပါ။

ဝိပဿနာဆိုတာ-
- အရှိနဲ့ အသိ ကိုက်အောင်လုပ်တာ
- ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ
- ရှေ့နာမ်ကို နောက်ဉာဏ်နဲ့ ရှုတာ
- ရှေ့အနေကို နောက်အနေနဲ့ ရှုတာ
- ရှေ့ကဖြစ်ပျက် နောက်ကမဂ်နဲ့ ကိုက်အောင် ရှုတာ
- အသေကို အရှင်က ကြည့်နေတာ
- အသေ အနေနဲ့ ကြည့်နေတာ
- ကိုယ့်စိတ်ဖြစ်တာ ကိုယ်အကဲခတ်တာ
- အသေဖြစ်ပျက် အရှင်ကမဂ် အပျက်နဲ့မဂ် ကိုက်အောင်ရှုတာ ဝိပဿနာ။

လောလောဆယ် ပို့စ်အသစ်တင်ဘို့ အဆင်သင့်မဖြစ်တာမို့ အပေါ်က စာစုလေးတွေနဲ့ ဒီတစ်ခေါက်တော့ ကျေနပ်ကြပါလို့နော်း)

စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz