x

1.8.12

အမှတ်တရ နေ့လေးတစ်နေ့


၁၉၈၃ ခုနှစ် သြဂုတ်လ (၁)ရက်နေ့ ကျမရဲ့ ဗိုက်ထဲက နာသလိုလို ခံစားရတာကြောင့် အသိစိတ်က ကျမကို လှန့်နိုးလိုက်ပါတယ်။ တစ်ချိန်ထဲမှာ ဧည့်ခန်းမှာ ချိတ်ဆွဲထားတဲ့ နံရံကပ် နာရီရဲ့ အချက်ပေးသံ ၂-ချက်ကို ကြားလိုက်တဲ့အခါ အချိန်က မနက် ၂နာရီဆိုတာကို သိလိုက်ရတယ်။ အပြင်ဖက်မှာ မိုးရွာနေတယ် ဆိုတာကိုလည်း ဝရံတာမှာ အပို တွဲထားတဲ့ သွပ်ခေါင်မိုးပေါ်ကျလာတဲ့ မိုးစက်သံတွေကြောင့် ခန့်မှန်းလို့ ရပါတယ်။ ကျမရဲ့ ညာဘက်မှာ အိပ်မောကျနေတဲ့ ခင်ပွန်းသည်ကို အသာအယာ နှိုးလိုက်တော့ ချက်ခြင်း ဆိုသလို ထထိုင်ရင်း ကျမကို စိုးရိမ်စွာနဲ့ ‘ဘာဖြစ်လို့လဲ’ ဆိုပြီး မေးပါတယ်။ ကျမလည်း ဗိုက်နာတာကို ပြောပြတော့ အိမ် ၄လုံးကျော်မှာနေတဲ့ ဆရာဝန် ညီမဝမ်းကွဲ အိမ်ကို ဖုန်းဆက်ပြီး အခြေအနေကို ပြောပြလိုက်ပါတယ်။ ကျမတို့ရဲ့ စကားသံတွေကြောင့် တစ်အိမ်ထဲနေ ညီမ တူ တူမတွေနဲ့ ယောင်းမလေးတွေလည်း အိပ်ခန်းထဲကနေ အလျှိုလျှို ထွက်လာကြပြီး ကျမကို ဝိုင်းဝန်း ဂရုစိုက်ကြပါတယ်။ ၁၀မိနစ် အကြာမှာ ညီမလေးရောက်လာပြီး ကျမကို စမ်းသပ်ပြီး ‘ဘယ်အချိန်က စနာတာလဲ’ လို့ မေးပါတယ်။ ကျမလည်း ‘၂-နာရီလောက်က စနာတာ ဒါပေမဲ့ နာတာက ဆက်တိုက်တော့ မဟုတ်ဘူး နာလိုက်ပျောက်လိုက်နဲ့’ လို့ တစ်ဆက်တည်း အဖြေပေးလိုက်တော့ ညီမလေးက ‘ပစ္စည်းတွေရော အဆင်သင့် ထည့်ထားတယ် မဟုတ်လား’ လို့ ကျမရဲ့ ခင်ပွန်းသည်ဘက် လှည့်ပြီးမေးပါတယ်။ ခင်ပွန်းသည်က ‘အားလုံး အဆင်သင့်ပါပဲ’ လို့ပြောပြောဆိုဆို ခြင်းတောင်း နှစ်လုံးကို လက်ညှိုးညွှန်ပြတယ်။ ညီမက ခြင်းတောင်းကို မျက်လုံး တစ်ချက်ဝေ့ကြည့်ရင်း ‘ဒါဆိုရင်လည်း ဆေးရုံ သွားကြစို့ သားဦးဆိုတော့ စောစောရောက်တာ ကောင်းပါတယ်’ လို့ ပြောပြောဆိုဆို ညီမဆရာဝန်က ကျမလက်ကို တွဲပြီး အိမ်အောက်ထပ်ကို ဖြည်းဖြည်းချင်း ဆင်းခဲ့ပါတယ်။ အိမ်သားအားလုံးကတော့ စိုးရိမ်စိတ်နဲ့အတူ ဝမ်းသာပျော်ရွှင် ပီတိဖြစ်နေကြပုံရပါတယ်။ မကြာမီ လူ့လောက အလယ်ကို ရောက်ရှိလာတော့မဲ့ သူတို့တွေရဲ့ တူလေး ဒါမှမဟုတ် တူမလေး အန္တရာယ် ကင်းကင်း ဘေးရှင်းရှင်းနဲ့ မွေးဖွား သန့်စင်ခွင့် ရဘို့အတွက် ဆုတောင်းနေကြပုံပါပဲ။ ကျမကို ချစ်တဲ့ မိသားစု ကျမကချစ်တဲ့ မိသားစု သူတို့တစ်တွေရဲ့ ချစ်ခင်နွေးထွေးမှုဟာ ကျမအတွက် တန်ဘိုး မဖြတ်နိုင်တဲ့ အင်အားတစ်ခုပါပဲ။

ကျမ ကိုယ်ဝန်ဆောင်ပြီ ဆိုကတည်းက အနေအထိုင် အသွားအလာ အစားအသောက်ကအစ ခင်ပွန်းသည်ရဲ့ ထိန်းကွပ်မှုအောက်မှာ နေခဲ့ရသလို အိမ်သားအားလုံးရဲ့ အရေးတယူ ဂရုပြုမှုကိုလည်း ခံခဲ့ရပါတယ်။ နှစ်ဖက်မိဘများရဲ့ အရိပ်အာဝါသကနေ လွတ်ကင်းတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်လေတော့ ကိုယ့်အားကိုယ်ကိုးကြရတယ်။ နိုင်ငံခြားကို ထွက်ဖို့ ကြိုးစားနေတဲ့ ညီမလေးနဲ့ မောင်လေး၊ နယ်မှာနေရင် အသိပညာ မဖွံ့ဖြိုးတဲ့အတွက် ရန်ကုန်မှာနေဘို့ ခေါ်ထားတဲ့ ယောင်းမလေးတွေ တူ တူမလေးတွေနဲ့ အတူ ကျမရဲ့ အိမ်ထောင်ဦးက စည်စည်ကားကားလေးနဲ့ ပျော်စရာ ကောင်းခဲ့သလို အုပ်စုတောင့်တဲ့ ကျမတို့အိမ် ဝင်ငွေ ထွက်ငွေ ကိုက်ဖို့ရာ အိမ်သားအားလုံးလည်း အိပ်ချိန်ကလွဲပြီး မနားမနေ ကျမရဲ့ အပိုလုပ်ငန်းလေးတွေကို ကူပြီးလုပ်ကြရတယ်။ ဘယ်လိုအလုပ်မျိုး ဖြစ်ပါစေ အဓိကက စိတ်ပျော်ရွှင်နေရင် အလုပ်လုပ်ရတာ မပင်ပန်းပဲ ပြီးဆုံးသွားလေ့ရှိပါတယ်။ မိခင်ဘဝကို ခံယူဘို့ ဆုံးဖြတ်တဲ့ အချိန်အခါကစပြီး လင်မယားနှစ်ယောက် ကိုယ်ဝန်ဆောင်မိခင်များ သိကောင်းစရာ၊ ကလေးအကြောင်း သိကောင်းစရာ အစရှိတဲ့ စာပေအတော် များများကို ဖတ်ရှုလေ့လာခဲ့ရသလို တစ်ဖက်ကလည်း အတွေ့အကြုံရှိသူတွေဆီကနေ အသိ ပညာလေးတွေ ရယူခဲ့ကြပါတယ်။ အိမ်သားတွေကလည်း လက်လှမ်းမှီရာ ဗဟုသုတလေးတွေ ဖတ်ပြလေ့ရှိခဲ့ပါတယ်။ ဘုရားသာသနာတော်ကို နေ့ ည မပျက် ဝတ်ပြုရာကနေ အချိန်ပိုရင် ပိုသလို ရွတ်ဖတ် သရစ္ဇျာယ်မှုတွေ ပုံမှန်ထက် ပိုပြုခဲ့ပါတယ်။ ရှေးလူကြီးများ ဆိုရိုးစကားအတိုင်း ကိုယ်ဝန်ဆောင်မိခင်များ မွေးဖွားရ လွယ်ကူစေတယ် ဆိုတဲ့ ‘အင်္ဂုလိမာလသုတ်’ ကို ကျမရော ခင်ပွန်းသည်အပြင် အိမ်သားတွေကပါ အလုပ်လုပ်ရင်း ရွတ်ဖတ်ပေးကြတယ်။

ဆေးရုံရောက်တော့ ဆရာဝန်ညီမလေးက ကျမကို လူနာကုတင်တစ်ခုမှာ ထားခဲ့ပြီး ဆေးစစ်မှတ်တမ်း စာရွက်တွေ ယူသွားပါတယ်။ ညီမလေး ထွက်သွားခါမှ ဗိုက်က ပြင်းပြင်းထန်ထန် နာလာပြန်တယ်။ ဇောချွေးတွေကြားမှာ ဘုရားစာသာ အာရုံမပျက် ရွတ်ဖတ်နိုင်အောင် ကြိုးစားခဲ့တယ်။ အဲဒီအချိန်က ကျမအတွက် တစ်ခုထဲသော တောင်းဆုလေးက ကိုယ်အင်္ဂါပြည့်စုံ ကျန်းမာတဲ့ ရင်သွေးလေး အခက်အခဲမရှိ မွေးဖွားသန့်စင်နိုင်ဘို့ပါ။ သားဦးဆိုရင် ဗိုက်နာချိန် ကြာတယ် မွေးရခက်တယ် ဆိုတဲ့ စကားသံတွေကို မကြာခန ကြားခဲ့ရတာကြောင့်လည်း ကျမထက် ကျမရဲ့ ခင်ပွန်းသည်က ပိုစိုးရိမ်နေပုံရတယ်။ ကျမကိုလည်း အားပေးရင်း ဘုရားစာလည်း ရွတ်ပေးရင်းနဲ့ ညီမလေး ပြန်အလာကို မျှော်နေချိန်မှာ ညီမလေးရောက်လာပြီး သူနဲ့အတူ ပါလာတဲ့ နပ်စ်မကလေးက ကျမကို စစ်ဆေးမှုပြုတယ်။ ‘ဟင်သားအိမ်တောင် ပွင့်နေပြီပဲ’ လို့ ပြောရင်း ကျမကို မွေးခန်းထဲ ခေါ်သွားတယ်။ ခင်ပွန်းကတော့ အပြင်ဖက်မှာ စောင့်ရင်းကျန်ခဲ့ပေမယ့် ညီမလေးကကျမကို အားပေးရင်း မွေးခန်းထဲကို လိုက်ပါလာတယ်။ မနက် လေးနာရီ နှစ်ဆယ့်ငါးမိနစ်တိတိမှာ သားဦးရတနာကို လွယ်ကူစွာနဲ့ပဲ မွေးဖွား သန့်စင် နိုင်ခဲ့ပါတယ်။ မွေးစင်ပေါ်ကနေ ‘အူဝဲ’ ဆိုတဲ့ အသံကို ကြားလိုက်ရတဲ့အခါ ကျမရဲ့ နာကျင် ခံစားနေရတဲ့ ဒုက္ခအားလုံး အပြီးသတ် ငြိမ်းချမ်း သွားပါတော့တယ်။ မွေးခန်းကနေ အပြင်ဖက်ကို ထုတ်လာတဲ့အခါ ကျမရဲ့ ခင်ပွန်းက ကျမရဲ့လက်ကို ဆုပ်နယ်ပြုရင်း ‘လူ့လောက အလယ်ကို ရောက်လာတဲ့ အူဝဲဆိုတဲ့ ပုခုံးလက်နှစ်သစ် ခြေဖဝါး လက်နှစ်လုံးရှိတဲ့ ဒီရင်သွေးလေးကို ကိုယ်တို့နှစ်ယောက် လူတစ်လုံး သူတစ်လုံး ဖြစ်အောင် ကျွေးမွေးပြုစု စောင့်ရှောက်ရမဲ့ တာဝန်တစ်ခု ပုခုံးပေါ်ကို ကျရောက်ခဲ့ပြီ’ လို့ ပြောရင်း ကျမတို့နှစ်ယောက် စိတ်ကြည်နူးမှု ပျော်ရွှင်မှုများနဲ့ အတူ ကျေနပ်တဲ့ အပြုံးများကို ဖလှယ်ခဲ့ကြတယ်။ ဒီကနေ့ ကျရောက်တဲ့ သားကြီးမွေးနေ့အတွက် အမှတ်တရ ပို့စ်လေးအဖြစ်တင်ပေးလိုက်ပါတယ်း)


 သုံးလပြည့်
 ခုနှစ်လပြည့်
ကိုးလပြည့်
 မူကြိုမှာ ၄နှစ်သား

လူဖြစ်မရှုံးပါစေနှင့်

ဥစ္စာဓန၊ ပေါကြွယ်ဝလည်း
လောဘစုံမက်၊ မလှူရက်က 
ဘဝတွက်တာ၊ လူဖြစ်နာ၏။ 
ဗုဒ္ဓ သာသနာ၊ ကြုံရပါလည်း၊
ကောင်းစွာ သီလ၊ မတည်ကြလျှင် 
ဘဝတွက်တာ၊ လူဖြစ်နာ၏။ 
ဗုဒ္ဓတရား၊ ဟောပါငြားလည်း 
ပွားများကြိုးကုတ်၊ အားမထုတ်က 
ဆုတ်ယုတ်သေချာ၊ လူဖြစ်နာ၏။ 
သူတော်ကောင်းတရား၊ ရှိပါငြားလည်း 
အမှားနှစ်ခြိုက်၊ လမ်းလွှဲလိုက်က 
အမိုက်ထိပ်ဆုံး၊ လူဖြစ်ရှုံး၏။ 
လက်ရှိဘဝ၊ မရှုံးရအောင် 
ဒါနသီလ၊ ဘာဝနာကို ဖွေရှာကြိုးကုတ် 
သိမ်းပိုက်ထုတ်ကြပါကုန်လော့။ 
(အရှင်နန္ဒာစရိယ- ဝမ်းတွင်း)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz