x

13.8.12

ဆုံလည်နွားအလား


မနေ့ညက ကျမ ပို့စ်တစ်ပုဒ်ကို ရေးချင်နေပေမယ့် ဘယ်ကစရေးရမလဲ ဆိုတဲ့ နိဒါန်းရှာမရ ဖြစ်နေခဲ့တယ် စနေ တနင်္ဂနွေ နှစ်ရက်စလုံး ကျမ အွန်လိုင်း တက်ချင်တဲ့ စိတ်လည်း ပျောက်နေခဲ့တယ်။ ရန်ကုန်မြို့တော်ရဲ့ ညို့မှိုင်းနေတဲ့ ရာသီဥတုနဲ့ အပြိုင် ကျမရဲ့ စိတ်တွေလည်း ထိုင်းမှိုင်း လေးလံနေခဲ့တယ် ဆိုရင်လည်း မှန်ပါတယ်။ တစ်ပတ်ကို ပို့စ်တစ်ပုဒ်လောက်တော့ အနည်းဆုံး ပုံမှန်တင်ချင်တာကြောင့် မနေ့ညက ကြည်လင်မှု မရှိတဲ့ စိတ်ကို ဆန့်ကျင်ပြီး ည ၈နာရီမှာ ကွန်ပျူတာအရှေ့ကို အရောက်လာခဲ့တယ်။ နာရီ မိနစ် စက္ကန့်တွေသာ တစ်ချက်ချက်နဲ့ အသံပေးရင်း ကျော်လွန်သွားခဲ့တယ် ကျမရဲ့ အတွေးတွေက အကောင်အထည် ပေါ်မလာ။ စိတ်ရဲ့စေစားချက်အတိုင်း အတွေးကမ္ဘာထဲမှာသာ ချာချာလည်လို့ နေပါတော့တယ်။ မရတဲ့အဆုံး ဘုရားဝပ်ပြုပြီး ည ၁၁နာရီမှာတော့ သတ်မှတ်ချိန် ကျော်လွန်သွားတာမို့ ကွန်ပျူတာပြန်ပိတ်ပြီး အိပ်ယာဝင်ခဲ့တယ်။

စနေ တနင်္ဂနွေ မစဲသောမိုး

ဇာတ်လမ်းတစ်ပုဒ် ကြည့်မယ်ဆိုရင်တောင် ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်တဲ့ ဇာတ်လမ်းမျိုးကိုသာ နှစ်သက်တဲ့ ကျမအတွက် လက်တွေ့မှာ ကြုံဆုံနေရတဲ့ ဖြစ်ပျက်မှုလေးတွေအပေါ် ကျမရဲ့ စိတ်ကို ညစ်ညူးစေခဲ့တယ်။ ၁၁ရက်သြဂုတ်လ ၂၀၁၂ခုနှစ် စနေနေ့ နေ့လည် ၂နာရီမှာ လူတို့ရဲ့ ကျန်ရစ်ခဲ့တဲ့ ရုပ်ခန္ဓာတို့ အဆုံးသတ်ရာ နေရာ ဌာနကြီးကို ကျမတို့ သူငယ်ချင်း နှစ်ယောက် ရောက်ခဲ့တယ်။ သက်တူရွယ်တူ သူငယ်ချင်းရဲ့ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်နှုတ်ဆက်ရင်း ယခုဘဝမှာ ပြုပြုခဲ့သမျှသော ဒါန သီလ ဘာဝနာ ကုသိုလ် အစုစုတို့ကို ကွယ်လွန်သူ သူငယ်ချင်းအတွက် ရည်စူးပြီး ကြားကြားသမျှ အားလုံးသတ္တဝါတို့ကို အမျှသုံးကြိမ် ပေးဝေမျှရင်း သာဓု အနုမောဒနာ ခေါ်ဆိုစေခဲ့တယ်။ တရားစခန်း ဝင်စဉ်က တရား အားမထုတ်မီ ပြုလုပ်ရတဲ့ ပုဗ္ဗကိစ္စ (၅)ပါးအနက် နောက်ဆုံးတစ်ပါးဖြစ်တဲ့ ‘ငါသည် မုချ သေရမည့်၊ အချိန်ပိုင်းသာ လိုတော့သည်။ အသေမဦးခင် ဉာဏ်ဦးအောင် အားထုတ်ပါတော့မည်’ ဆိုတဲ့ သံဝေဂ စာစုလေးကိုလည်း နှုတ်ကနေ တိုးတိုးလေး စဉ်ဆက်မပြတ် ရွတ်ဆိုနေမိတယ်။ သူငယ်ချင်းရဲ့ နောက်ဆုံးခရီး ပို့ဆောင်ပြီးသွားလို့ မပြန်ခင် သူငယ်ချင်းတွေနဲ့ နှုတ်ဆက် စကား ပြောကြားနေစဉ်မှာပဲ ကားတန်းကြီး တစ်ခု သုဿာန်ရဲ့ ကားဝင်း အတွင်းကို တန်းစီပြီး ဝင်ရောက်လာတာကို ကျမငေးကြည့်နေမိတယ်။ တစ်ချိန်တည်းမှာပဲ ကားဝင်းကြီး တစ်ခုလုံး နေရာမလပ် ပြည့်လျှံသွားတာကို မြင်ရတာကြောင့် လူကုံတန် တစ်ဦးဦးရဲ့ နာရေးလို့ တွေးမိလိုက်တယ်။ သေခြင်းတရားက မျက်နှာကြီးငယ်မရွေး ဆင်းရဲချမ်းသာ မရွေး ကြိုတင် သတိပေးခြင်း မရှိပဲ ခေါ်ဆောင်လေ့ရှိပါတယ်။

 ဒီနေရာကို အကြိမ်ကြိမ် ရောက်ခဲ့ဘူးပေမယ့် ဒီကနေ့လို အတွေ့အကြုံမျိုးကို ပထမဦးဆုံးအကြိမ် တွေ့ကြုံရခြင်းပါ။ ထိပ်ဆုံးက အလောင်းကို သယ်ဆောင်လာတဲ့ ယာဉ်ဟာလည်း မြင်နေကျ နိဗ္ဗာန်ယာဉ် ပုံစံမျိုးမဟုတ်တဲ့ ကားတစ်စီးဖြစ်တာကြောင့်လည်း ကျမစိတ်ဝင် တစ်စား လိုက်ကြည့်မိတယ်။ အသက်၂၄နှစ်ခန့် ပတ်ဝန်းကျင်ရှိတဲ့ လူငယ်တစ်ယောက်ရဲ့ နောက်ဆုံးခရီးဖြစ်ပြီး ကျန်ရစ်သူ မိသားစု ဆွေမျိုးအသိုင်းအဝိုင်းနဲ့ ရွယ်တူသူငယ်ချင်း အတော်များများ အပါအဝင် မိတ်ဆွေ သင်္ဂဟတို့ ဝမ်းနည်းစွာ လိုက်ပါပို့ဆောင်တဲ့ မြင်ကွင်း တစ်ခုက ကျမမျက်လုံးထဲရောက်လာတယ်။ မိခင်ဖြစ်သူနဲ့ မိသားစုအားလုံးရဲ့ ငိုကြွေး ပူဆွေးနေတဲ့ ရုပ်သဏ္ဍာန်ကို မြင်ရတဲ့အခါမှာတော့ မိခင်နေရာ ရောက်နေတဲ့ ကျမကိုယ်ချင်းစာ စိတ် အရင်းခံနဲ့အတူ စိတ်မကောင်းစွာ အဲဒီလူငယ်အတွက် အမျှပေးဝေမိပြန်တယ်။ အချိန်မတန်ပဲ ကြွေလွင့်ခဲ့ရသူ ထိုလူငယ်ရဲ့ ကြွင်းကျန်တဲ့ ရုပ်ခန္ဓာကို မီးသဂြိုလ်စက်အခန်းတွင်း သယ်ဆောင်သွားတဲ့ အခါမှာတော့ လူငယ်ရဲ့ သူငယ်ချင်းများ အုပ်စုကြီးပါ အခန်းထဲအထိ လိုက်ပါပို့ဆောင်ကြတာကို တစ်အံ့တစ်သြမြင်ရပြန်တယ်။ တိုတောင်းတဲ့ လူ့ဘဝကြီးထဲမှာ သက်ရှိထင်ရှား ရှိစဉ်အခါက လူချစ်လူခင်ပေါမယ် ဆိုတာ ခန့်မှန်းမိတယ်။ တက်သစ်စအရွယ်မှာ ဘဝနိဂုံးချုပ်ခဲ့ရသူ တစ်ယောက် အတွက် မိဘများ အဘယ်မျှ ရင်နာလိုက်မလဲလို့ တွေးမိကာ မီးခိုးခေါင်းတိုင်က ထွက်လာတဲ့ မီးခိုးတန်းကိုကြည့်ရင်း ဘဝဆက်တိုင်း ဆက်တိုင်း ဖြစ်လေရာဘဝများမှာ မိသားစုနဲ့ ပျော်ရွှင်စွာ သက်တမ်းစေ့ နေနိုင်ပါစေလို့ ဆုတောင်းပေးခဲ့မိတယ်။

ကျမရဲ့ အပြန် လမ်းခရီး တစ်လျှောက်မှာ ဆန်းကြယ်တဲ့ လူ့လောကကြီးနဲ့ လူသားများ၊ ကံကြမ္မာရဲ့ ဝဲဂယက်မှာ လူးလိမ့် မျောပါနေရတဲ့ လူသားတို့ရဲ့ ဖြစ်ရပ်တွေ အစရှိတဲ့ အကြောင်းပေါင်း များစွာကို အတွေးနယ် ချဲ့ရင်း နှုတ်ဆိတ်စွာ ပြန်လာခဲ့ပါတယ်။ သေမင်းနောက်ကို ကျမတို့ တစ်တွေ ကောက်ကောက်ပါအောင် လိုက်သွားပြီးတဲ့နောက် လူသားတစ်ယောက် မဟုတ်တော့တဲ့ ကျမတို့ အတွက် အရာရာဟာ အသုံး မဝင်တော့ပါ။ အသက်ရှိစဉ် တိုတောင်းတဲ့ ကာလလေးအတွင်းမှာသာ တန်ဘိုးရှိတဲ့ လူသားတွေ အချင်းချင်း တစ်ဦးအပေါ် တစ်ဦး နားလည် သဘောပေါက် တန်ဘိုးထားဘို့ လိုပါတယ်။ လူတို့ရဲ့ စိတ်စေတသိက်ကို ဖျက်ဆီးနေတဲ့ အဓိက တရားခံ ဖြစ်တဲ့ ဒေါသ လောဘ မောဟ မာန်မာန ဆိုတဲ့ မှိုင်းတွေ ကြားကနေ ကိုယ်လွတ် ရုန်းထွက်နိုင်ဘို့သာ အဓိကပါ။ လူသား အချင်းချင်း ကိုယ်ချင်းစာ တရား လက်ကိုင်ထားပြီး စစ်မှန်တဲ့ မေတ္တာတရား ဖလှယ်နိုင်ခြင်းဖြင့် သာယာအေးချမ်းတဲ့ လူ့ဘောင်ကြီးထဲမှာ လူသား ပီသကြမှာ ဖြစ်ပါတယ်။ ကွဲပြားတဲ့ စိတ်ဓာတ်အမျိုးမျိုးတို့နဲ့ ရှင်သန်နေတဲ့ လူ့ဝန်းကျင် တစ်ခွင်မှာ တွေ့ကြုံရမျှ အခက်အခဲ ပေါင်းစုံကို ကျော်ဖြတ်နိုင်ဘို့ အရေးကြီးပါတယ်။

ရှေ့သို့ဆက်ပါ
လူတို့ထုံးစံ ကဲ့ရဲ့ဒါဏ်ဖြင့်၊
ရန်မာန်ပိတ်သဲ ခရီးခဲ၌
စိတ်ဇွဲသန်သန် နောက်မပြန်ဘဲ၊
ရဲမာန်ရဲဆေး ရဲစိတ်မွေးလျက်
ရဲသွေးနီနီ စီရရီဖြင့်၊
ဦးတည်မပျက် ရှေ့သို့ဆက်လော့။ ။
(အရှင်ဇနကာဘိဝံသ)

ကျမရေးခဲ့ဘူးတဲ့ ‘ခေတ်ရေစီးကြောင်း’ ပို့စ်လေးမှာလို တိုးတက်လာတဲ့ ခေတ်ရေစီးကြောင်းထဲက လူငယ်တွေရဲ့ အတွေးအခေါ် အယူအဆ သုံးသပ် ဆုံးဖြတ်ချက်လေးတွေကို မိဘနေရာ ရောက်ရှိနေတဲ့ ကျမတို့ဟာ တစ်စေ့တစ်စောင်း အကဲခတ်ရင်း ကြည့်ရှုပေးရမဲ့ အချိန်အခါလို့ ထင်မြင်မိတယ်။ လမ်းလွဲမသွားစေဘို့သာ ချုပ်ချယ်မှု ကင်းတဲ့ ထိန်းသိမ်းစောင့်ရှောက်မှုကို ခေတ်လူငယ်တွေ ပိုနှစ်သက်ကြပါတယ်။ ကျမတို့ငယ်စဉ်ကလို မိဘရဲ့ အရိပ်အောက်မှာ ထားရာနေ စေရာသွားတဲ့ ခေတ်အခါနဲ့ အလှမ်းဝေးလာတဲ့ ခေတ်တစ်ခေတ် ဖြစ်လာပြီလို့ သုံးသပ်မိတယ်။ တစ်ဖက်စွန်း လမ်းလွဲ မရောက်စေပဲ မဇ္စျိမပဋိပါဒါကျကျ လျှောက်လှမ်းနေဘို့ကို မီးမောင်းထိုးပြဘို့သာ လိုပါတယ်။ တစ်ချို့ တားရခက်တဲ့ ကိစ္စရပ်မျိုးတွေမှာလည်း ဘဝပျက်လောက်တဲ့ အကြောင်းကိစ္စ မဟုတ်ရင် ကျမလျှော့ပေးလေ့ ရှိပါတယ်။ ပြောဆို ဆုံးမတဲ့အခါမှာလည်း ‘အပြောမတတ်လျှင်ဆဲတာနဲ့တူ’ ဆိုသလို ဆူပူ အော်ဟစ်နေမဲ့အစား နားဝင်အောင် ပြောဆို ဆုံးမသင့်ပါတယ်။ ကျမတို့လည်း တစ်ချိန်က လူငယ်တွေပါပဲ။ လူငယ်ဘဝကို ဖြတ်သန်းစဉ်အချိန်က အနည်းနဲ့အများ အမှားဆိုတာ ရှိခဲ့ကြစမြဲပါ။ သားသမီး၊ အောက်လက်ငယ်သားတို့ကို စကားနဲ့ဖြစ်စေ ဟန်အမူအယာနဲ့ဖြစ်စေ ဖိနှိပ် စော်ကား ထိုးနှက်ခြင်းမျိုး ရှောင်ရှားသင့်ပါတယ်။ ဒေါသနဲ့ မကင်းတဲ့ လူသားတိုင်း တွေ့ကြုံတတ်ရစမြဲပါ။ ဒေါသအလျှောက် ကိုယ်ကပြောလိုက်မိပြီး ဒေါသပြယ်တဲ့အခါ လွယ်ကူစွာ မေ့ပျောက် သွားနိုင်ပေမယ့် ခံရသူအဖို့ ရရှိခဲ့တဲ့ စိတ်ဒဏ်ရာဟာ ချက်ချင်းလက်ငင်း မေ့ပျောက်ဘို့ဆိုတာ မလွယ်ကူပါဘူး။ တတ်နိုင်သမျှတော့ ဒေါသကို ဒေါသမှန်းသိရင် စက္ကန့်ပိုင်းအတွင်း ဒေါသကနေ အဒေါသအဖြစ် ပြောင်းလဲသွားမှာပါ။ စိတ်ဓာတ်ကျလွယ်တဲ့ သားသမီးမျိုးနဲ့ ကြုံခဲ့ရင် သူတို့လေးတွေရဲ့ ခံစားချက်ကြောင့် တဒင်္ဂအမှားဟာ ဘဝတစ်ခုလုံးကိုပါ အဆုံးသတ် သွားစေနိုင်ပါတယ်။ တကယ်လို့ အသိတရားကို မှတ်ဘို့ ခက်နေရင်လည်း ဒေါသဖြစ်လာတဲ့အခါ ထွက်ပေါက် တစ်ခုခုကို ရှာပြီးဒေါသတွေကို သွန်ချလိုက်ပါ။ ဥပမာ ကိုယ်ဝါသနာပါရာ အလုပ်တစ်ခုခု လုပ်လိုက်ရင် ဒေါသဟာ အလိုလို ပြေလျော့သွားမှာ အသေအချာပါ။ 

တစ်ခါတစ်ရံ အမှတ်မထင် မဆင်မခြင် ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ တစ်ဖက်သားအတွက် နစ်နာတာမျိုး ဖြစ်တတ်တာကြောင့် စကားပြောရာမှာလည်း ပြီးစလွယ် မပြောသင့်ပါ။ တကယ်လို့သာ တစ်ဦးတစ်ယောက်က ကိုယ့်အပေါ် စိတ်ထိခိုက်အောင် ပြုမူ ပြောဆိုလာခဲ့ရင်လည်း တန်ပြန်မဲ့အစား စိတ်ဖိစီးမှုရဲ့ ထွက်ပေါက် တစ်ခုခုကို ရှာဖွေပြီး စိတ်ဖြေခြင်းရဲ့ ရလဒ်ဟာ ကောင်းကျိုးများကို ရရှိခံစားရမှာဖြစ်ပါတယ်။ ဘဝရဲ့ တစ်စိတ်တစ်ဒေသ ဆုံးရှုံးမှုနဲ့ ကြုံလာတဲ့အခါ စိတ်ဓာတ်ကျ ပျော့ညံ့တဲ့စိတ်ကို ဥပက္ခောပြုပြီး လက်ကျန်ဘဝအတွက် အောင်မြင်မှုရဘို့ သင်္ခန်းစာရခြင်းလို့သာ မှတ်ယူလိုက်ပါ။ ဒီသံသရာ ဝဲဂယက်ကြီးထဲကနေ ကျွတ်လွတ်ခွင့် မရနိုင်သေးတဲ့ ကာလ တစ်ခုအထိ ကျမတို့အားလုံး ‘ဆုံလည်နွား’ လို မရပ်မနားတမ်း လည်ပတ်ရင်း ကိုယ်ပြုခဲ့သမျှ အတိတ်ကံ အကြွေးတွေကို ပေးဆပ်နေကြရအုံးမှာပါ။ ဒီပို့စ်လေးကတော့ ကျမရဲ့ ထင်မြင်ယူဆချက် သက်သက်ကိုသာ ရေးသားခြင်း ဖြစ်ပါတယ်း) 

သံသရာဆိုတာ 
မသိမှုကြောင့် ထင်ရာလုပ် 
ထင်ရာလုပ်လို့ ဒုက္ခရ 
ဒုက္ခထဲက အမြစ်ထွက် 
အမြစ်ထွက်လို့ အပင်ပေါက် 
ချာလည်ဒုက္ခရောက်။ ။ 
(အရှင်နန္ဒာစရိယ-ဝမ်းတွင်း) 

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။ 

မေတ္တာဖြင့် 
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz