x

5.8.12

တဂ်ပို့စ်နဲ့ ဆွေးနွေးပွဲအမြင်


ဘလော့ဂါ မောင်နွေလရဲ့တဂ်ပို့စ်
တစ်ခါတစ်လေ စာဖတ်သူတို့အတွက် စိတ်ကူးစိတ်သန်း မရလို့ ပို့စ်တင်ဘို့ ပျက်ကွက်နေရင် အားနာမိသလို ဒီရက်ပိုင်းလို ပို့စ်တွေ နေ့စဉ်ရက်ဆက် တင်နေမိပြန်ရင်လည်း စာဖတ်သူတို့ မအားမလပ် ကြားကနေ လာဖတ်နေရတော့ မဖတ်လိုက်ရပဲ လွတ်ကုန်မှာစိုးလို့ မောင်နွေလရဲ့ တဂ်ပို့စ်လေးကို ဒီကနေ့မှ အချိန်ပေး တင်လိုက်ပါပြီ။ မောင်နွေလရဲ့ ဘလော့လေး ပျောက်ဆုံးသွားတာကြောင့် စိတ်မကောင်းဖြစ်မိတယ်။ တစ်ခါတစ်လေ ဆန်းကျယ်တဲ့ လောကကြီးထဲမှာ ဆုံးရှုံးခြင်းဆိုတာ အောင်မြင်မှုတစ်ခုခု အတွက် ခြေကုပ် ယူခြင်း၊ အားယူခြင်းမျိုး တစ်ခု ဖြစ်လာတတ်ပြန်တယ်။

(၁) သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ ဘယ်လိုတည်ဆောက်ခဲ့ရသလဲ ? အတိအကျပြောရရင်တော့ ဆွေမျိုးများနဲ့ မိသားစုဓာတ်ပုံလေးတွေ သိမ်းဆည်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျမရဲ့ အိမ်ဦးသခင် မွေးနေ့ စက်တင်ဘာလ ၁၄ရက်နေ့မှာ စတင်ဖွင့်ဘို့ ကြိုးစားခဲ့ရာကနေ 22nd Sept 2008 ရက်နေ့မှာ စမ်းတစ်ဝါးဝါး ဘလော့စာမျက်နှာတစ်ခုကို ဖွင့်ခဲ့ပါတယ်။ 23rd April 2011 ရက်နေ့မှာ ဘလော့ဂါအဖြစ် ‘နော်ဝေးက စေတနာရှင်မလေး အတွက်’ ဆိုတဲ့ခေါင်းစဉ်နဲ့ အလှူကဏ္ဍ ပို့စ်တစ်ပုဒ်ကို ပထမဦးဆုံး ခြေလှမ်းအနေနဲ့ တင်ခွင့်ကြုံခဲ့ပါတယ်။ ကျမကို ဘလော့ဂါအဖြစ် ရောက်ရှိလာဘို့ ကူညီ ပံ့ပိုး ပေးခဲ့သူကတော့ ဘာသာရေးပို့စ်တွေ ရေးသားပြီး ‘မပြီးဆုံးသော နေ့ရက်များကို ကျော်ဖြတ်ခြင်း’ ဆိုတဲ့ လင့်ခ်ပိုင်ရှင် တောသားလေး(မြန်အောင်) ဖြစ်ပါတယ်။
(၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ ?
ဘလော့ဂါ ဘဝကို ကူးပြောင်းလာတဲ့ အချိန်မှာတော့ ကိုယ်ပြုစုရေးသားထားတဲ့ စာစုတွေနဲ့ မှတ်တမ်း ဓာတ်ပုံတွေကို တစ်နေရာတည်း စုစုစည်းစည်း ထားပြီး စာဖတ်သူတို့ ဖတ်စေချင် ကြည့်စေချင်တဲ့ ရည်ရွယ်ချက်ပါ။ သဘာဝ တရားအရ တစ်နေ့နေ့ တစ်ချိန်ချိန် ကျမအနေနဲ့ ဘလော့လေးကို ဆက်လက်ပြီး အသက် ရှင်ခွင့် ပေးနိုင်စွမ်း မရှိတော့တဲ့တိုင် ကျမရဲ့ ခြေရာအဖြစ် ကျန်စေချင်တဲ့ ဆန္ဒပါ။
(၃) သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ ဘယ်လောက်ထိ မြတ်နိုး တန်ဖိုး ထားသလဲ ? 
လူ့သဘော သဘာဝအရ ကိုယ်တိုင်ပြုစုပျိုးထောင်လိုက်တဲ့ အရာတစ်ခုကို တန်ဘိုးဖြတ်ရ ခက်ခဲပါတယ်။ ကျမအနေနဲ့ ကျန်းမာနေပြီး စာစုတွေ ရေးသား စုစည်းနိုင်ဘို့ အခွင့် အခါ ပေးနေသမျှ ကာလပတ်လုံး ကျမရဲ့ ဘလော့လေးကို ရှင်သန်ခွင့်ပေးနေမှာ ဖြစ် ပါတယ်။
(၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား ?
ကျမရဲ့ ဘလော့လေး တစ်ကြိမ်တစ်ခါမှ ပျောက်ဆုံးဘူးတာမျိုး မရှိခဲ့ပေမယ့် ဂျီမေးလ်တော့ တစ်ခါ အဟက်ခံရဘူးပါတယ်။ ကျမရဲ့ မေးလ်ထဲမှာ အရေးကြီးတဲ့ အလှူကဏ္ဍနဲ့ ပတ်သက်တဲ့ ငွေကြေး ရှင်းတမ်း၊ မောင်နှမတွေနဲ့ ပတ်သက်တဲ့ ငွေကြေးရှင်းတမ်း အဲဒီအချက်နှစ်ချက်ကြောင့် ကျမရဲ့ သားကြီးကို အကူအညီတောင်းပြီး ဂျီမေးလ်ကို ရအောင်ပြန်လုပ်ခဲ့ဘူးတယ်။
(၅) ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင် ဘယ်လောက်ထိ ခံစားခဲ့ရဖူးလဲ ?
ဂျီမေးလ် ဖွင့်မရတော့တဲ့အခါမှာ ရှင်းတမ်းတွေအတွက် စိုးရိမ်စိတ် ချက်ခြင်းဆိုသလို ဖြစ်သွားပါတယ်။ တကယ်လို့သာ ဂျီမေးလ်ကို ဘယ်လိုမှ ဆက်သုံးလို့ မရရင်တော့ ငွေကြေးကဏ္ဍကို သက်ဆိုင်တဲ့ သူတွေဆီပြောပြပြီး စာရင်းပြန်လုပ်ဘို့တော့ စိတ်ကူးခဲ့ပါတယ်။ ဒီနေရာမှာ ကျမအနေနဲ့ ငယ်စဉ်ထဲကစပြီး အခုအချိန်အထိ ခံယူချက်တစ်ခု ရှိပါတယ်။ ကိုယ်နဲ့သက်ဆိုင်တဲ့ အရာမှန်သမျှကို အတတ်နိုင်ဆုံး ထိန်းသိမ်း စောင့်ရှောက် ကာကွယ်ပေးတဲ့တိုင် အကြောင်းကံ တစ်ခုခုကြောင့် ပျက်စီး ဆုံးရှုံးသွားခဲ့ရင် ကိုယ်နဲ့ မထိုက်တန်လို့ ဆုံးရှုံးတာပဲဆိုတဲ့ ခံယူချက်မျိုး ရှိတာကြောင့် နှမြောတသတဲ့ ခံစားချက်ဟာလည်း တိုတောင်းတဲ့ အချိန်အတွင်း ပြန်ပျောက်သွားလေ့ ရှိတတ်ပါတယ်။

ကျမဘလော့ဂါ ဘဝကို ရောက်ခဲ့တဲ့ နေ့ရက်လေးတွေ သတိတရပြန်တွေးမိတယ်။ ကျမရဲ့ အတိတ်မှာ ဘဝဝမ်းစာအတွက် ခက်ခဲတဲ့ နေ့ရက်တွေနဲ့ တစ်ခါတစ်ရံ ကြုံတွေ့ရသလို ချောမွေ့စွာ လျှောက်လှမ်းခဲ့ဖူးတဲ့ ရက်တွေလည်း ဖြတ်ကျော်ခဲ့ဖူးပါတယ်။ လက်တွေ့ဘဝရဲ့ ခါးသီးမှု ချိုမြိန်မှု အစရှိတဲ့ အနှစ်သာရတွေကို သက်ရှိလူသားတိုင်း မဖြစ်မနေ ခံစားရမှာတော့ ဓမ္မတာပါ။ လူသားအားလုံး ပျော်ရွှင် ချမ်းမြေ့ စိတ် ကြည်နူးမှုကို မက်မောကြသလို ဒုက္ခရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ သောကဖိစီး စိတ်ဆင်းရဲမှုကို မနှစ်မြို့ ကြဘူးလေ။ လောကဓံတရားရဲ့ လှည့်ကွက်အမျိုးမျိုးမှာ ပျော်ရွှင်ရက်ကလေးတွေ ကျမ ကြုံတွေ့ရတိုင်း အေးချမ်းစွာ ကျော်ဖြတ်နိုင်သလိုပဲ စိတ်ဆင်းရဲမှုလေးတွေနဲ့ ကြုံတွေ့လာတဲ့အခါမှာ ကျမရဲ့ ပတ်ဝန်းကျင်မှာ ရရှိနိုင်မဲ့ စိတ်အေးချမ်းမှုကို ရှာယူပြီး ဖြတ်ကျော်နိုင်အောင် ကြိုးစားလေ့ရှိပါတယ်။
ဒီကနေ့မနက်ပဲ မွေးနေ့ရှင် မြသွေးနီအတွက် အမှတ်တရရေးပေးခဲ့တဲ့ - 
လာဘော (လာဘ်ရခြင်း)။
အလာဘော (လာဘ်မရခြင်း)။
ယသော (အခြံအရံရှိခြင်း)။
အယသော (အခြံအရံ မရှိခြင်း)။
နိန္ဒာ (ကဲ့ရဲ့ခြင်း)။
ပသံသာ (ချီးမွမ်းခြင်း)။
သုခံ (ချမ်းသာခြင်း)။
ဒုက္ခံ (ဆင်းရဲခြင်း) ဆိုတဲ့ လောကဓံတရား (၈)ပါးကို လူသားတိုင်း အေးချမ်းစွာ ကျော်လွှားနိုင်ကြပါစေ။

ပုံနှိပ်၊ အွန်လိုင်း မီဒီယာတို့ အားပြိုင်ဆွေးနွေးပွဲနဲ့ ကျမရဲ့အမြင်
‘အဆင်ပြေရင် တီတင့်မြင်တဲ့ teen ဆွေးနွေးပွဲအကြောင်းလည်း ဖတ်ချင်ပါတယ်’ ဆိုတဲ့ မောင်ထော်ဦးရဲ့ ကွန်မန့်လေးကို အတတ်နိုင်ဆုံး ကြိုးစားရေးပေးလိုက်ပြီနော် ညီမမြသွေးလည်း ကျမကို ပြောခဲ့ပါတယ်။ ကျမရဲ့ မပြည့်မစုံ ရေးသားတင်လိုက်မဲ့ ပို့စ်တစ်ပုဒ်ဟာ စာဖတ်သူတို့အတွက် အချည်းနှီးဖြစ်မှာကို စိုးရိမ်ခဲ့တာကြောင့် မရေးဖြစ်ခဲ့ပါဘူး။ အခုတော့ ကျမရဲ့အမြင်ကိုသာ ရေးသားခြင်းဖြစ်တာမို့ မှားယွင်းတဲ့ အတွေးအခေါ်မျိုး ဖြစ်နေခဲ့ရင် နားလည်းပေးကြပါလို့ တောင်းဆိုလိုက်ပါတယ်နော်။ ၂၈-၇-၂၀၁၂ ရက်နေ့ ရွှေဂုံတိုင်မီးပွိုင့်အနီး တော်ဝင်နှင်းဆီမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ‘ပုံနှိပ်မီဒီယာနှင့် အွန်လိုင်းမီဒီယာ အားပြိုင်ဆွေးနွေးပွဲ’ ဟာကျမအတွက် ထူးခြားတဲ့ ပွဲလေးတစ်ခု ဖြစ်ခဲ့ပါတယ်။ သာမာန်လုပ်ရိုးလုပ်စဉ် စာပေဟောပြောပွဲမျိုး မဟုတ်ပဲ စကားရည်လုပွဲဆန်ဆန်လေးနဲ့ ပရိသတ် စိတ်ဝင်စားအောင် ဖန်တီး လုပ်ဆောင်ခဲ့တဲ့ မီဒီယာနှစ်ဖွဲ့ အားပြိုင်ဆွေးနွေးပွဲလေးပါ။ အဖွဲ့နှစ်ဖွဲ့မှာ ပါဝင်သူတွေကလည်း အတော်လေး အားထည့်ပြီး ပြောကြတာကို တွေ့ရသလို ဟာကွက်ကို တစ်ဖက်က ထောက်လာရင် တုံ့ဆိုင်းနေတာမျိုး မရှိပဲ ချက်ခြင်းလက်ငင်း ပြန်ပြီးချေပနိုင်ကြတာကို ချီးကျူးမိတယ်။ တစ်ဖက်နဲ့ တစ်ဖက် လေးစားမှုရှိတာကို အဖွဲ့နှစ်ဖွဲ့စလုံးရဲ့ အဆိုတင်သွင်းတိုင်း ပြန်လည်ချေပတိုင်း ပြောကြတဲ့ စကားလုံးတွေ အပေါ်ကနေ သိရှိနိုင်ပါတယ်။ ဒါကလည်း ဆွေးနွေးပွဲမှာ ပါဝင်ပြီး ပြောကြားသူတို့ရဲ့ ဟန်အမူအယာ စကားလုံးတွေကို ကိုယ်တိုင်တက်ရောက်မှာသာ မြင်တွေ့ ကြားသိ နားလည်နိုင်မှာဖြစ်ပါတယ်။ အဖွဲ့နှစ်ဖွဲ့ရဲ့ ကြားခံဆွေးနေသူ ကအစ ရယ်မောစရာလေးတွေ ထည့်ပြောရင်း ပရိသတ်ကို စိတ်ပျော်ရွှင်မှုပေးနိုင်ခဲ့တာ မြင်ရပါတယ်။

မီဒီယာ နှစ်ဖွဲ့ ဆွေးနွေးပွဲ သက်သက် မဟုတ်ပဲ စကားရည်လုပွဲ ပုံစံမျိုးလေးဖြစ်သွားအောင် ‘အားပြိုင်ဆွေးနွေးခြင်း’ ဆိုတဲ့ စကားလုံးကို သုံးခြင်းကြောင့်လည်း တက်ရောက်လာသူတို့ သူ့ဖက် ကိုယ့်ဖက် အနိုင်လိုချင်တာကြောင့် ပိုပြီး စည်ကား တက်ကြွနေကြတယ်လို့ ကျမမြင်တယ်။ ကျမရဲ့ ပတ်ဝန်းကျင်က တက်ရောက်လာသူ တစ်ချို့ဆိုရင် စင်ပေါ်ကနေ တစ်ဖွဲ့က တင်သွင်းတဲ့ အဆိုကို တစ်ဖက်က ချေပတဲ့အပေါ် နားထောင်ရင်း သူတို့နှုတ်ကနေ ဘယ်လိုအဆိုတင်သွင်းသင့်တယ် ဘယ်လို ချေပသင့်တယ်ဆိုပြီး စိတ်ဝင်တစား ရေရွတ်ပြောဆိုနေသံကို ကျမကြားနေခဲ့တာကို ကြည့်ခြင်း အားဖြင့် မီဒီယာအားပြိုင်ပွဲလေးအပေါ် ကျမနည်းတူ စိတ်ဝင်တစား ရှိကြမယ်ဆိုတာ ပြောစရာလိုမယ် မထင်ပါ။ ဒီအားပြိုင်ပွဲလေးကို ကျမအနေနဲ့တော့ မီဒီယာနှစ်ဖွဲ့ရဲ့ အားနည်းချက် အားသာချက်တွေကို တစ်ဖက်နဲ့ တစ်ဖက် အပြုသဘောနဲ့ တင်ပြ ဖြည့်စွက် ဆွေးနွေးကြရင်း အနာဂါတ်မှာ အခုထက် ပိုမိုကောင်းမွန်ပြီး အရည်အသွေးများ တိုးတက်အောင်မြင်လာစေဘို့ ဆွေးနွေးတဲ့ပွဲ အဖြစ် ယူဆ သုံးသပ် သွားပါတယ်။ ကျမအတွက်တော့ မမြင်ဘူးသေးတဲ့ နောက်တိုးဘလော့ဂါတွေကို ကျမရဲ့ စားရင်းမှာ ထပ်ပေါင်းခွင့် ရတာကြောင့်ရယ် အသက်ငယ်ပေမယ့် ပညာရင့်တဲ့ စာရေးဆရာတွေနဲ့ ဘလော့ဂါတွေကို ကြုံဆုံ မြင်တွေ့ခွင့်ရတဲ့ ကြည်နူးပီတိဖြစ်မှုကို ကျမနည်းတူ ကျန်မီဒီယာမောင်နှမများ အားလုံးကို ရရှိ ခံစားစေချင်တဲ့ စေတနာနဲ့ နောက်တစ်ကြိမ်မှာ တက်ရောက် အားပေး ဆုံဆည်းကြပါစို့လို့ ပြောရင်း ကျမရဲ့ အတွေ့အကြုံက ရခဲ့တဲ့ အမြင်လေးကို ပြောလိုက်ပါရစေနော်။










စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz