x

30.8.12

Gamers မဂ္ဂဇင်းစာအုပ် မိတ်ဆက်ပွဲ


လွန်ခဲ့တဲ့ သုံးလကျော်လောက်က ကျမရဲ့သားအငယ်က သူတို့သူငယ်ချင်းတွေစုပြီး ဂိမ်းနဲ့ပတ်သက်တဲ့ မဂ္ဂဇင်းစာအုပ် လစဉ်ထုတ်ဘို့ တိုင်ပင်နေတဲ့အကြောင်း ပြောလာပါတယ်။ အထက်တန်းကျောင်းသား ဘဝထဲက အချိန်ပိုတိုင်းမှာ ဝါသနာပါတဲ့ ဂိမ်းကို စိတ်အားထက်သန်စွာ ကစားခဲ့တဲ့သားနှစ်ယောက်ကို ကျမအနေနဲ့ ကျောင်းစာဘက်မှာ လစ်ဟင်းမှု မရှိတာမို့ အသာတကြည် ခွင့်ပြုခဲ့ပါတယ်။ မိသားစု တစ်စုမှာ ဖခင်ဖြစ်သူက စည်းကမ်းပိုင်း တင်းကြပ်လွန်းရင် မိခင်ဖြစ်သူက အလိုက်သင့် လျှော့တန် လျှော့ပေးရမယ် ဆိုတဲ့ အတွေးမျိုး ကျမအပါအဝင် မိခင်အများစု ခံယူကြမယ်လို့ ထင်ပါတယ်။ အလိုလိုက်တယ် ဆိုတဲ့နေရာမှာလည်း ကန့်သတ်ချက်လေးတော့ ထားရပါတယ်။ ချစ်လွန်းရင် နစ်မွန်းသွားတတ်တာကြောင့် သတိလေးလက်ကိုင်ထားပြီး ချစ်ရပါတယ်။ အတိတ်ကံအကျိုးပေးလို့ ဆိုရမလား မသိပါ။ သားနှစ်ယောက်က ကျောင်း စနေကတည်းက အခု အချိန်အခါ အထိ တစ်ကြိမ်တစ်ခါမှ ကျောင်းစာနဲ့ ပတ်သက်ပြီး ကျမ သူတို့ကို တိုက်တွန်းရတာမျိုး မရှိခဲ့ဘူးသလို ဖြေခဲ့ရသမျှ စာမေးပွဲတိုင်းမှာလည်း အမှတ် နည်းတာမျိုး မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ပညာရေးနဲ့ ပတ်သက်ပြီး သူတို့အပေါ် ကျမအမြဲတန်း ယုံကြည်မှုထားခဲ့ပါတယ်။ မကွယ်မဝှက် ပြောရရင်ဖြင့် မိသားစု လေးယောက်မှာ ကျမအညံ့ဆုံးပါး) သားနှစ်ယောက်က အိမ်ဦးသခင်ရဲ့ ဉာဏ်ရည် ထက်မြက်မှု အမွေကိုဆက်ခံထားသူများ ဆိုရင်လည်း မှားမယ်မထင်ပါ။






အလုပ်တစ်ခုကို လုပ်ဘို့အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချလိုက်ပြီ ဆိုရင်ဖြင့် ကိုယ်လုပ်မဲ့ လုပ်ငန်းနဲ့ ပတ်သက်သမျှ အောက်ခြေက အစ လေ့လာရမှာ ရိုးစင်းတဲ့ သဘာဝပါ။ ဘယ်လို လုပ်ငန်းဖြစ်ဖြစ် အခက်အခဲလေးတွေ ကျော်ဖြတ်ရစမြဲပါ။ စီမံခန့်ခွဲရေး ကဏ္ဍ ငွေကြေးရေးဆိုင်ရာ ကဏ္ဍ အစရှိတဲ့ ကဏ္ဍတွေဟာ အတွေ့အကြုံ မရှိခဲ့ရင် လွယ်မယောင်နဲ့ ခက်ပါတယ်။ ကျမ သားငယ်ဆီ ခနသွားနေတုန်းက သားငယ်တို့ အဖွဲ့ဟာ ကျောင်းတစ်ဖက် အလုပ်တစ်ဖက် အပြင် အားလပ်ချိန်တိုင်းမှာ Gamers အဖွဲ့ ဆုံဆည်းကြပြီး ဆွေးနွေး ညှိနှိုင်းတိုင်ပင် ဆုံးဖြတ်ချက် ချကြလေ့ရှိတာ တွေ့ရပါတယ်။ ဂိမ်းမာအဖွဲ့ကို ဂိမ်းကစားတဲ့ လူငယ် (၈)ယောက်တို့နဲ့ ပဏာမ စတင် ဖွဲ့စည်းခဲ့ပြီး စာအုပ်ဖြစ်မြောက်ရေး အထိ ဆောင်ရွက်လုပ်ကိုင်သူ မြန်မာပြည်က သုံးဦး အပါအဝင် စုစုပေါင်း (၁၁)ဦးနဲ့ စီစဉ်ဆောင်ရွက် ခဲ့ကြပါတယ်။ ၂၀-၈-၂၀၁၂ (တနင်္လာနေ့) မှာ သူတို့တစ်တွေရဲ့ စွမ်းဆောင်ချက်တွေကို မျက်ဝါး ထင်ထင် မြင်တွေ့လိုက်ရတဲ့ အခါမှာ ကျမရဲ့ ဝမ်းသာ ပီတိ ကြည်နူးမှုတွေနဲ့ အတူ ရင်ထဲကနေ ချီးကျူး မိခဲ့ပါတယ်။ နေ့လည် ၁နာ၇ီကနေ ၂နာရီခွဲအထိ Central Hotel , Ruby House မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ Gamers စာအုပ် မိတ်ဆက်ပွဲလေးဟာ အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်။ အတွေ့အကြုံ မရှိသေးတဲ့ သူတို့တစ်တွေရဲ့ ပထမဦးဆုံး ခြေလှမ်းမှာ အဓိက ကူညီပေးခဲ့သူ ကိုကျော်အောင်မော် (AMK creation)ဖြစ်ပြီး ကိုမော်ကတစ်ဆင့် ဆရာလင်းနိုင်ဦး (အလင်းတန်းဂျာနယ်)၊ ဆရာရွှေညာခိုင်စိုး (အချစ်ဂျာနယ်) တို့ရဲ့ အကူအညီကို ရယူခဲ့ပါတယ်။ သူတို့အဖွဲ့ရဲ့ ပြုလုပ်ခဲ့တဲ့ ဖိတ်စာ ,နမူနာစာအုပ် , Name card တွေကအစ သပ်သပ်ယပ်ယပ်နဲ့ စိတ်ဝင်စားဖွယ်ရာ ဆောင်ရွက်ထားတာ တွေ့ရှိရပါတယ်။ ဒီလကုန်မှာ Gamers မဂ္ဂဇင်းစာအုပ်ကို ထုတ်လုပ် ဖြန့်ဝေမယ်လို့ ပြောပါတယ်။








Gamers စာအုပ် စာနယ်ဇင်း အသိပေးပွဲ အခမ်းအနား အစီအစဉ်အတိုင်းဆောင်ရွက်ရာမှာ-
ရှေးဦးစွာ အခမ်းအနားမှူး ဆရာလင်းနိုင်ဦး (အလင်းတန်းဂျာနယ်) ကနေ မိတ်ဆက်စကား ပြောကြားပြီး ဂိမ်းမာအဖွဲ့ရဲ့ မိတ်ဆက် ဗီဒီယိုကို ၂-မိနစ်စာ ပြသခဲ့ပါတယ်။ အဲ့ဒီနောက် ဂိမ်းမာအဖွဲ့ဝင် ကိုထက်ဝင်းလွင်က Gamers စာအုပ် မိတ်ဆက်စကား ပြောကြားပြီး ဂိမ်းမာအဖွဲ့ဝင် ကိုဖြိုးဟန်စိုးက Gamers စာအုပ်မှာ ပါဝင်တဲ့ အကြောင်းအရာများကို ရှင်းလင်း ပြောကြားကာ ဂိမ်းမာအဖွဲ့ဝင် ကိုနိုင်ထက်စိုးရီက Gamers စာအုပ်မှာ ပါဝင်တဲ့ အကြောင်းအရာများကို ဖြည့်စွက်ပြောကြားသွားပါတယ်။ အဲဒီနောက် Gamers စာအုပ်လေး အောင်မြင်စွာ ထွက်ရှိလာဖို့ အားပေးကူညီခဲ့သူ ကိုကျော်အောင်မော် (AMK creation) ကနေ မုဒိတာစကား ပြောကြားပြီး အချစ်ဂျာနယ်မှ ဆရာရွှေညာခိုင်စိုးက စာနယ်ဇင်းများ ကိုယ်စား အမှတ်တရ စကားပြောကြားသွားပါတယ်။ အစီအစဉ်အပြီးမှာ ကြွရောက်လာသူ ဧည့်သည်တော်များမှ သိလိုတဲ့ မေးခွန်းများမေးရာ မိမိရဲ့ ကဏ္ဍနဲ့သက်ဆိုင်သူ ဂိမ်းမာများက ပြန်လည်ဖြေကြားခဲ့ပါတယ်။ အကျွေးအမွေး အစီအစဉ်နဲ့ တည်ခင်းဧည့်ခံပြီး Gamers စာအုပ် မိတ်ဆက်ပွဲလေးကို နေ့လည် ၂နာရီခွဲမှာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ သူတို့လေးတွေရဲ့ အနာဂါတ်ခရီးမှာ တွေ့ကြုံကြရမယ့် အခက်အခဲပေါင်းများစွာကို လွယ်ကူစွာ ကျော်ဖြတ်ရင်း အောင်မြင်မှုများ ရရှိနိုင်ပါစေလို့ တောင်းဆုပြုမိခဲ့တယ်။





















ညဘက် အိပ်ယာဝင်ချိန်မှာတော့ ကျမကြုံတွေ့ခဲ့ရတဲ့ ပွဲလေးမှာ သူတို့လေးတွေရဲ့ ပထမဦးဆုံး ခြေလှမ်းပေမဲ့ အကွက်စေ့စေ့ လုပ်ဆောင်မှုလေးတွေကို ပြန်လည်မြင်ယောင်လာပါတယ်။ မိခင်တစ်ယောက် အနေနဲ့ စိတ်ကြည်နူးမှုကို ခံစားမိတာနဲ့ အညီ ဖြစ်တည်နေတဲ့ လူ့ဘဝကြီးနဲ့ ဆက်နွယ်တဲ့ အတွေးလေးတွေ ဝင်လာပါတယ်။ လူသားအားလုံး ဒီလူ့ဘောင် လောကကြီးထဲမှာ ဘဝတစ်ခုရဲ့ တစ်သက်တာလုံး မပူမပင် အေးချမ်းစွာနဲ့ လျှောက်လှမ်းခဲ့ရတယ်ဆိုတာ ဖြစ်နိုင်ချေနည်းပါတယ်။ လူဆိုတဲ့ နာမပုဒ်ကို ခံယူပြီးသူတိုင်းဟာ ဒုက္ခပင်လယ်ကြီးထဲမှာ သောကမုန်တိုင်းတွေကို အံတုရင်း မျှော်မှန်းလို့ မရတဲ့ ကမ်းစပ်ကို မရောက် ရောင်အောင် ဇွဲ လုံ့လ ဝိရိယတို့ကို အားပြုရင်း လက်ပမ်းမကျမခြင်း ကူးခပ်နေကြရသူတွေပါ။ ခက်ခဲမောပမ်းမှုတွေကို ခံနိုင်ရည်မရှိသူတို့ လမ်းခုလပ်မှာ နစ်မြုပ်ခဲ့ကြရသလို ကျော်လွှားနိုင်သူတို့အတွက် လိုရာခရီးကို ရောက်ကြတယ်။ ကျမရဲ့ စိတ်ကူးတွေ ဟိုရောက် သည်ရောက် ကဆုန်ပေါက် လျှောက်သွားနေရာမှ အတိတ်ဆီကို ဦးတည်နေပါတယ်။ အတိတ်အကြောင်း ပြန်ပြောင်းခါ ပြောရမယ်ဆိုရင်တော့ မပါမဖြစ် ကျေးဇူးရှင် အိမ်ဦးသခင်အကြောင်း မပါလို့ မဖြစ်ပါ။ ဆက်ရေးပြန်ရင်လည်း ရှုပ်ထွေးသွားပြီး ဒီကနေ့ အဓိကရေးချင်တဲ့ ပို့စ်ရဲ့အနှစ်သာရတွေ ပေါ့လျော့သွားမှာ စိုးတာကြောင့် နောက်ပို့စ်တစ်ပုဒ်အဖြစ် “မိခင်လောင်းဘဝရဲ့ ခံစားချက်” ကို အတိတ်ရဲ့အမှတ်တရလေး အဖြစ် ရေးပါတော့မယ်။ ဒီကနေ့တင်တဲ့ပို့စ်နဲ့ ပတ်သက်ပြီး ကြုံတောင့်ကြုံခဲ လူ့ဘဝကြီးထဲမှာ လူအဖြစ်ကို ခံယူပြီးသူတို့ မိမိရဲ့ ဘဝခရီးလမ်းကို တန်ဘိုး ရှိစွာနဲ့ ဖြတ်သန်းနိုင်သူများ ဖြစ်ကြပါစေလို့။ ဖတ်ဖူးခဲ့တဲ့ ကဗျာလေးတစ်ပုဒ် လက်ဆင့် ကမ်းလိုက်ပြီနော်း)

ပျားနှင့်ယင်

ဤလောကတွင် ပျားနှင့်ယင်ကို
မျက်မြင်ပုံထား မောင်ရှုစားလော့။
ပျားကအုံပြု အရည်စု၍
ထားမှုလိမ္မာ နောင်ချမ်းသာ၏။
ယင်သော်ကားတုံ ဝမ်းဝယုံမျှ 
အုံကာသောက်စား စုမထား၍ 
ရှားငြားမပြတ် မရငတ်၏။ 

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။ 

မေတ္တာဖြင့် 
အန်တီတင့် 
  

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz