x

13.9.12

မိခင်လောင်းဘဝရဲ့ ခံစားချက်


လွန်ခဲ့တဲ့ ၅၆နှစ် အချိန်ကာလ အခါသမယမှာ ကျမ ခင်ပွန်းသည်ရဲ့ မာတာမိခင် ကျေးဇူးရှင်ဟာ သားရတနာတစ်ပါးကို မွေးဖွားသန့်စင်ဖို့ရာ နာရီပိုင်းသာ လိုခဲ့တာမို့ ရင်တွင်းပီတိတွေ ဘယ်လောက်တောင် ကြွယ်ဝပြီး စိတ်လှုပ်ရှားနေခဲ့မလဲလို့ ကျမ တွေးနေမိတယ်။ မိခင်လောင်းဘဝ တစ်လျှောက်မှာလည်း လူ့လောကအတွင်း ဝင်ရောက်လာတော့မဲ့ ဝမ်းတွင်းသန္ဓေသားလေးအတွက် ဘယ်လိုစောင့်ရှောက် ထိမ်းသိမ်းခဲ့သလဲလို့ စဉ်းစားမိပြန်တယ်။ ကျမကိုယ်တိုင် မိခင်လောင်း ဘဝကို ရောက်ရှိခဲ့ဘူးတာမို့လည်း ဘယ်လိုခံစားချက်မျိုး ရှိနေခဲ့မယ်ဆိုတာ တစ်စိတ်တစ်ဒေသ တွက်ချက် ခန့်မှန်းလို့ရပါတယ်
 
မနက်ဖြန် (၁၄-၉-၂၀၁၂) သောကြာနေ့မှာ ကျရောက်လာမဲ့ ကျမရဲ့ အိမ်ဦးသခင် ကျေးဇူးရှင်ရဲ့ မွေးနေ့မင်္ဂလာ ရက်မြတ်လေးမှာ မြတ်ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်ထံမှာ အာရုံဆွမ်း သစ်သီး ပန်း ဆီမီး အမွှေးတိုင်တို့ကို ကပ်လှူဘို့အတွက် ဒီကနေ့ညနေထဲက ကြိုတင်ပြင်ဆင်မှုလေးတွေ လုပ်ထားပါတယ်။ မွေးနေ့မင်္ဂလာရက်လေးမှာ ခင်ပွန်းသည်ကို နှုတ်ခွန်းဆက်သဘို့ရယ် မန္တလေးဘုရားကြီးကို နှစ်ယောက်အတူ ဖူးခွင့်ကြုံဘို့ရယ် မိသားစုအတွက် ထူးခြားတဲ့ ရက်တိုင်းလိုလို လုပ်နေကျ အလှူအတန်းလေး လုပ်ဘို့အတွက် ခိုင်လုံတဲ့ အကြောင်းပြချက်လေးတွေနဲ့ အတူ မနက်ဖြန်မနက် ရွှေနန်းတော် အထူးယာဉ်စီးပြီး မန္တလေးဘက်ကို ကျမ ခရီးထွက်ပါတော့မယ်။ ခရီးမထွက်ခင် အမှတ်တရ ဒီပို့စ်လေးကို တင်ဘို့အတွက် ရည်ရွယ်ပြီး ရေးခဲ့ခြင်းဆိုရင်လည်း မမှားပါဘူး။ တစ်ဆက်တည်း များမကြာမှီ ရောက်လာတော့မဲ့ နိုဝင်ဘာလ ၂-ရက်နေ့ ဆိုရင်လည်း ကျမနဲ့ အိမ်ဦးသခင်တို့ရဲ့ အိမ်ထောင်သက်တမ်း နှစ်-၃၀ပြည့် ပုလဲရတုကို ရောက်တော့မှာမို့ နှစ်သုံးဆယ်လုံးလုံး မိသားစုအပေါ် မေတ္တာဓာတ်အပြည့်အဝ ပေးရင်း မြင့်မြတ်တဲ့ ဦးဆောင်မှုနဲ့ အခါအားလျော်စွာ ကျမတို့သားအမိ သုံးယောက်ကို ဘဝရပ်တည်ချက် မှန်ကန်စေဘို့ရာ သွန်သင်ဆုံးမလေ့ရှိတဲ့ အိမ်ဦးသခင် ကျေးဇူးရှင်နဲ့ စာဖတ်သူတို့ကို ကျမ ဖတ်ဘူးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပြန်လည်ပြီး မျှဝေပေးရစေ (အိမ်ဦးသခင်က ကျမရဲ့ ဘလော့ကို အချိန်ရရင် ရသလို အလည်လာလေ့ရှိတာမို့ ဒီပို့စ်လေးကို ဖတ်ရင်း ကြည်နူးနေမယ်လို့ ယုံကြည်ပါတယ်) ကျမတို့အားလုံး မွေးနေ့မှတ်တိုင် တစ်တိုင်ပြီးတစ်တိုင် ကျော်ဖြတ်ရင်း အခန့်မသင့်ရင် မှတ်တိုင်မရောက်ခင် လမ်းခုလပ်မှာ ထာဝရ ရပ်တန့် သွားနိုင်တာမို့-

ယခုနေ့ပင် မြတ်မဂ္ဂင် မြန်လျင်အားထုတ်ကြ

နက်ဖြန်ခါတွင် အသက်ရှင်သူ မရှင်သူဟု
မည်သူပိုင်ပိုင် မသိနိုင်ရေး မျှော်ထောက်တွေးရာ
စစ်သည်များစွာ ရှိပါလေငြား သေမင်းများနှင့် ရက်ချိန်းပေးထား
လက်ဆောင်အားဖြင့် တိုက်ပွဲဆင်ရာ မဖြစ်ပါ၍
နက်ဖြန်မရွေ့ ယခုနေ့ပင် မြတ်မဂ္ဂင်ကို
မြန်လျင်ကျင့်မှ နိဗ္ဗာန်ရ လွတ်ကြသေဘေးမှ။

ဒီအကြောင်းလေးနဲ့ ဆက်နွယ်ပြီး ဒီတစ်ပတ်တော့ ‘မိခင်လောင်းဘဝရဲ့ ခံစားချက်’ ကို ဖတ်ချင်လို့ တဂ်ပို့စ်သဘောမျိုးရေးပေးပါလို့ ဆိုလာသူ ကျမချစ်ခင်ရင်းနှီးရတဲ့ ဘလော့ဂါ တစ်ယောက် တောင်းဆိုချက်ကို ဖြည့်ဆည်းပေးလိုက်ပါတယ်။ တော်လိုက်ပုံများ တဂ်ပို့စ်ဆိုကထဲက မိခင်လောင်းဘဝ ရောက်ဖူးသူတို့ကို ကျမဆက်ပြီးတဂ်တော့မယ်ဆိုတာ သူသိနေတယ်လေ ဒီတော့ကာ ဒီပို့စ်ကို အရင်းပြုပြီး တစ်ခြားပို့စ်တွေကို ဖတ်ခွင့်ကြုံပြီပေါ့း) တစ်လက်စထဲ မေတ္တာရပ်ခံပါရစေ။ မိခင်လောင်း ဘဝကိုရောက်ဖူးသူများ နောင်ရောက်လာမဲ့သူများကို ဆက်ပြီး တဂ်ပါရစေနော်။ အားလုံးကိုယ်စီမှာ မအားမလပ် အလုပ်တွေကြားကနေ အချိန်ပေးပြီး ရေးရမှာမို့လည်း နာမည် နာမတပ်ပြီး မတဂ်တော့ပါဘူး။ အချိန်ရခဲ့ရင် နည်း များ မဆို စိတ်ကူးလေးအတိုင်း ဒါမှမဟုတ် ကိုယ်တွေ့ဖြစ်ရပ်လေးတွေ ရေးစေချင်ပါတယ်။ အခု ဒီပို့စ်ကို ဖတ်နေသူတို့ရဲ့ စိတ်သန္တာမှာ အမှတ်တရလေး ရေးရကောင်းမလားလို့ စဉ်းစားလိုက်တဲ့အတွက် ကြိုတင်ပြီး ကျေးဇူးတင်လိုက်ပါပြီး) တစ်ဆက်တည်း ပြောပါရစေ။ တစ်ချိန်က မိခင်လောင်းဘဝ ရောက်နေတဲ့ ဇနီးသည်အတွက် ဖခင်တစ်ယောက်ရဲ့ ရင်တွင်း ခံစားချက်လေးများ ရှိခဲ့ရင် ဒီတဂ်ပို့စ်လေးက အကျုံးဝင်တာမို့ ကဗျာဖြစ်ဖြစ် ဆောင်းပါးဖြစ်ဖြစ် စာဖတ်သူတို့ အတွက် ဝေမျှပေးမည် ဆိုရင်ဖြင့် အတိုင်းထက် အလွန် နောက်ထပ်တစ်ခါ ကျေးဇူး တင်လိုက်ပါတယ်။
မှတ်မှတ်ရရ ကျမအတွက် သားဦး မိခင်လောင်းဘဝကို ပိုင်ဆိုင်ခွင့်ရပြီလို့ သိလိုက်ရတဲ့ နေ့လေးတစ်နေ့ကို ပြန်စဉ်းစားတိုင်း ပီတိဖြစ်နေဆဲပါ။ သိသိခြင်း ရင်တွေခုန်လာသလို ‘ငါမိခင်တစ်ယောက် ဖြစ်တော့မှာပါလား’ ဆိုတဲ့ အတွေးလေးနဲ့အတူ မသိစိတ်က လတ်တစ်လော ဘဝလေးကို ရင့်ကျက်သွားစေခဲ့ပါတယ်။ အချိန်အားလေး ရတာနဲ့ အတွေးသံသရာမှာ တစ်ဝဲလည်လည်ပေါ့။ အာရုံထဲမှာ ဆန္ဒနဲ့ ကိုက်ညီတဲ့ ပုံလေးတွေကို ဖော်ဖော်နေမိပြန်တယ်။ သားလေးလား သမီးလေးလား မသိခင်ထဲက စိတ်ကူးနဲ့တင် ကျေနပ်နေခဲ့သလို နေ့စဉ် ဘုရားကို ဝတ်ပြုပြီးတိုင်းလည်း ‘ကိုယ်လက်အင်္ဂါ ပြည့်စုံကျန်းမာတဲ့ ရင်သွေးလေး မွေးဖွားရပါလို၏’ ဆိုတဲ့ လောဘစိတ်လေးနဲ့ ဆုတောင်းခဲ့ဘူးတာ အခါခါ။ စိတ်ကိုလည်း လွတ်လပ်ပေါ့ပါးအောင် ထားနိုင်သမျှ ထားသလို အဝတ်အစားကိုလည်း တတ်နိုင်သမျှ လွတ်လပ်ပေါ့ပါးတာကို ရွေးချယ် ဝတ်ဆင်လေ့ ရှိပါတယ်။ လူ့သဘော သဘာဝအတိုင်း စိတ်ရှုပ်စရာတွေ ကြုံတွေ့လာတဲ့အခါ တိုတောင်းတဲ့ အချိန်အတွင်းမှာ ဖယ်ရှားနိုင်အောင် ကြိုးစားခဲ့လေ့ ရှိပါတယ်။ မိခင်လောင်းတို့ အတွက် စိတ်ဒဏ်ရာ ရရှိမှုဟာ ရင်သွေးလေးကို သွားရောက်ထိခိုက်စေတယ်ဆိုတဲ့ အသိစိတ်ကို ကျမတို့ ဇနီးမောင်နှံ နှစ်ယောက်စလုံး အပြည့်အဝ ခံယူထားကြတာကြောင့်လည်း အိမ်ဦးသခင်က မိခင်လောင်းဘဝ ရောက်လာခဲ့တဲ့ ကျမကို ပိုပြီးအလေးပေး ဂရုတစ်စိုက် စောင့်ရှောက်ခဲ့သလို ပြဿနာ မှန်သမျှ ကျမဆီအရောက်မခံပဲ ကိုယ်တိုင် ဖြေရှင်းပေးခြင်းကြောင့် မိခင်လောင်းကျမဘဝ အေးချမ်းမှုကို ရခဲ့ပါတယ်။

ကျမကံကောင်းတာ တစ်ချက်ကတော့ မိခင်လောင်းဘဝ တစ်လျှောက်လုံးမှာ ဟင်းအနံ့ မခံနိုင်တာမျိုး မရှိသလို တစ်ကြိမ်တစ်ခါမျှလည်း အော့အန်ခြင်းမျိုး မရှိခဲ့ပါဘူး။ အစား အသောက် အနေအထိုင်ကအစ ပြောင်းလဲမှု မရှိ ပကတိအတိုင်း အေးအေးဆေးဆေး ဖြစ်ခဲ့တာမို့ အဒေါ်တွေနဲ့ အဖွားဖြစ်သူက ကျမကို ကံကောင်းတယ်လို့ ဆိုပါတယ်။ ကျမတို့ ဇနီးမောင်နှံရဲ့ ရင်သွေးလေး သန္ဓေတည်လာပြီ ဆိုတဲ့ အသိစိတ်ကြောင့် အနေအထိုင် အသွားအလာ အစားအသောက် အပြင် အပြောအဆိုက အစ ဆင်ခြင်ပါတယ်။ ကာယကံ ဝစီကံတို့ထက် ထိမ်းသိမ်းရခက်တဲ့ မနောကံကို ပိုပြီး ထိန်းသိမ်းခဲ့သလို ဘာသာရေးကို သာမာန်ထက် အချိန်ပိုပေးခဲ့တယ်။ နှစ်ဖက်မိဘရဲ့ စောင့်ရှောက်ခြင်းနဲ့ ကင်းဝေးတဲ့ ကျမတို့အတွက် မိခင်လောင်း၊ ကလေး ဆိုတဲ့ စာအုပ်တွေဖတ်ပြီး အတွေ့အကြုံ ရင့်သူတွေရဲ့ ဆိုဆုံးမ လမ်းညွှန်မှုအတိုင်း လိုက်နာဆောင်ရွက်ခဲ့ပါတယ်။ အခုခေတ်လို အသိပညာပေး ဟောပြောပွဲတွေ မှန်ကန်တဲ့ နည်းစနစ်တွေ လှိုင်လှိုင် မပေါသေးတဲ့အတွက် ကိုယ့်ပတ်ဝန်းကျင်မှာ လက်လှမ်းမှီသလောက် လေ့လာဆည်းပူးရင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ခဲ့ပါတယ်။ ရင်သွေးလေး သန္ဓေတည်လာတဲ့ အတွက်လည်း ကျမတို့ ဇနီးမောင်နှံရဲ့ အနာဂါတ်ရည်မှန်းချက် ယုံကြည်ချက်တွေ ပိုမိုပြီး ကျစ်လစ် ခိုင်မာလာကြတယ်။ ကျမရဲ့ ခင်ပွန်းသည်က မီးဖွားရလွယ်အောင်ဆိုပြီး ရှေးလူကြီးများ ဆိုစကားအတိုင်း ဆင်မြီးလက်စွပ်လေး ဝတ်ဆင်ပေးထားသလို အဂုင်္လိမာလသုတ်တော်ကို အချိန်ရရင် ရသလို ကိုယ်တိုင် ရွတ်ဆိုပြီး ကျမကိုလည်း ရွတ်ဆိုစေခဲ့ပါတယ်။ အချိန်တွေ ကုန်လွန်ရင်း တောင်းဆုလေးအတိုင်း ကျန်းမာသန်စွမ်းတဲ့ သားဦးရတနာကို လွယ်ကူစွာ ဖွားမြင်နိုင်ခဲ့ပါတယ်။

ဒီတဂ်ပို့စ်လေးကို ဒီလောက်နဲ့ပဲ ကျေနပ်ပါလို့ ပြောရင်း ညီမရွှေစင်ပြောသလို သစ်သစ်လေးတွေ ချစ်ချစ်ပိုချင်တာမို့ တက်လာမဲ့ တဂ်ပို့စ်လေးတွေကို စောင့်မျှော်နေမယ်နော်း)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz