x

27.9.12

ရန်ကင်းတောင်တစ်ခေါက် ရောက်ခဲ့စဉ်


ရန်ကုန်-မန္တလေး ခရီးစဉ်က ကျမအတွက် အိမ်ဦးနဲ့ကြမ်းပြင်လို မကြာခနသွားလာနေတာမို့ ဒီတစ်ခေါက် ခရီးစဉ်ကို စာအုပ်လေးဖတ်ရင်း သွားတော့မယ်လို့ စိတ်ကူးထားပေမယ့် လမ်းခုလတ်မှာ တဂျီးမင်းရဲ့ ကွန်မန့်လေးက အမှတ်မထင် ဖြတ်ကနဲ သတိရလိုက်တယ်။ ‘တီတင့် ရိုက်ချက်တွေ ပြန်ရှုစားကြရဦးမယ် ထင်ပ့ါ’ တဲ့။ နောက်တစ်ခါ ဘုန်းဘုန်းတောက်ရဲ့ ‘ခရီးပို့စ်လေး မျှော်နေတယ်နော်’ လို့ဆိုလာတော့ ကျမ အတွေးရဲ့ လမ်းဆုံးမှာ ငိုချင်ရက်လက်တို့ ဆိုသလို ကျမသုံးနေကျ ကင်မရာလေး လက်ထဲကို မထင်မှတ်ပဲ ရောက်လာပါလေရော။ နောက်ဆုံးတော့ အိပ်မောကျနေတဲ့ ဘလော့လေးမှာ ပို့စ်လေးတစ်ပုဒ် တင်လိုစိတ်ကြောင့် ဓာတ်ပုံတွေ မရပ်မနား ရိုက်ဖြစ်ပါတော့တယ်။ စက်တင်ဘာလ ၁၄ရက်နေ့ မနက် ၉နာရီတိတိ ရန်ကုန်ကနေ မန္တလေးကို ထွက်ခွာမဲ့ ရွှေနန်းတော် ကားဂိတ်ကို မနက် ၈နာရီမှာ ရောက်ခဲ့တယ်။ ဓာတ်ပုံက ရိုက်ပြီဆိုရင်ဖြင့် ရပ်မရတော့ဘူးလေး)။ မြင်မြင်သမျှ ဆက်တိုက် ရိုက်ချင်နေမိတယ်။ ကျမမှ မဟုတ်ပါဘူး ဘလော့ဂါများလည်း ကျမလိုပဲထင်ပါရဲ့ ရိုက်ထားသမျှ ပုံတွေ အများကြီးထဲကနေ ပြန်စိစစ်ရွေးချယ်ပြီး တင်ကြမှာလေ။

အောင်မင်္ဂလာ အဝေးပြေးဂိတ်
ရွှေနန်းတော်ကားဂိတ်

မနက် ၉နာရီစတင်ထွက်ခွာ



ဟို ဒီ ရိုက်ရင်း ရိုက်ကွင်းထဲဝင်လာတဲ့ လေယာဉ်တစ်စင်း
မိုင်တိုင်၁၁၅မိုင် နေ့လည် ၁၂နာရီ ၁၀မိနစ် ဖြူးမြို့ကို ရောက်တော့ ကားယာဉ်မယ်လေးက နာရီဝက် ခရီးတစ်ထောက် နားမဲ့အကြောင်း ကြေငြာပြီး ခရီးသည်တွေအားလုံး ဆင်းရပါတယ်။ မုန့်ဟင်းခါး တစ်ပန်းကန်စားပြီး ပိုနေတဲ့ အချိန်တွေမှာ တစ်ယောက်ထဲဆိုတော့ ဖုန်းထဲက ဂိမ်းတစ်ခုဖြစ်တဲ့ Blocked in Free ဆိုတဲ့ ဘလောက်တုန်းလေးတွေ ထွက်ပေါက်ရှာရတဲ့ ဂိမ်းတစ်ခုကို ဥာဏ်မှီသလောက် ကစားရင်း အချိန်ဖြုန်းခဲ့တယ်။ ခရီးသည်အားလုံး မိနစ်သုံးဆယ်မပြည့်ခင် ကားပေါ်ပြန်ရောက် နေရာယူကြပြီး ၁၂နာရီ ၅၀မိနစ်မှာ ခရီးဆက်ခဲ့ပါတယ်။ မိုင်တိုင် ၂၀၂မိုင် နေပြည်တော် လမ်းခွဲကို နေ့လည် ၂နာရီ ၃၀မိနစ်မှာ ဖြတ်ကျော်ခဲ့ပြီး မိုင်တိုင် ၃၅၂မိုင်ရှိတဲ့ ကျမဆင်းမဲ့ တံတားဦး တိုးဂိတ်ကိုတော့ ညနေ ၅နာရီမထိုးခင် ၅မိနစ်မှာ ရောက်ခဲ့ပါတယ်။ နောက်ထပ် နာရီဝက်ခရီး ဆက်ရင် ကျွဲဆည်ကန် ကားကြီးဝန်း ဂိတ်ဆုံးကိုရောက်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ခရီးကတော့ အချိန်များများ မရတဲ့အတွက် ဘလော့ဂါတွေနဲ့လည်း ဆုံဘို့အခွင့်အရေး မရခဲ့ပါဘူး။ ရန်ကုန်မှာ လက်စ မသပ်ရသေးတဲ့ အလုပ်တွေ ကျန်ရှိနေခဲ့တာကြောင့် ၁၇ရက်နေ့ညနေ အပြန်လက်မှတ်ကိုပါ တစ်ခါတည်း ဖြတ်ခဲ့ရတယ်။

အဝေးပြေးလမ်းမကြီး လမ်းဆုံ

မိုးရွာလာတော့ ရှုခင်းတွေရိုက်မရ
အပြင်ရိုက်မရတော့ အတွင်းကမြင်ကွင်းရိုက်

မိုးကလည်းမရပ်
နားခါနီးမှာ မိုးတိတ်သွားလို့ တော်ပါသေးရဲ့
ဖြူးမြို့မှာတစ်ထောက်နား







ခရီးဆက်တော့ ရာသီဥတုကြည်လင်နေ


အညာဘက်ရောက်လာတဲ့ သင်္ကေတ

မြင်မြင်သမျှ ရိုက်ချက်




မိုင်တိုင်အမှတ် ၃၅၂ ရိုက်တာလွတ်သွားတယ်း)
ည ၇နာရီမှာ မန္တလေးဘုရားကြီး မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကို ခင်ပွန်းသည်နဲ့အတူ သွားရောက်ပူဇော် ဖူးမြော်ခွင့် ရခဲ့ပါတယ်။ ၁၄ရက်နေ့ညမှာ ဘုရားကြီးကို ဖူးမြှော်ဘို့အတွက် ရည်ရွယ်ချက်နဲ့ အရောက် လာခဲ့တာကြောင့်လည်း အချိန်ပေးပြီး အေးအေးဆေးဆေး ကြည်ညို ရွတ်ဖတ် သရစ္ဇျာယ်ကြပါတယ်။

မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ဖူးမြှော်ခွင့်ရ

သံတံခါးပိတ်မှ အိမ်ပြန်
အိမ်ပြန်ခါနီး ကြည်ညို


ဘုရားကြီးရဲ့တိုင်အမှတ်စဉ်-၁
တိုင် အမှတ်စဉ် ၁၂၀ထိပဲ ရှာတွေ့ခဲ့း)
စောင်းတန်း
၁၅ရက် (စနေနေ့)က ဥပုသ်နေ့မို့ အိမ်ကို ဆွမ်းခံကြွလာတဲ့ ရဟန်းတစ်ပါးထံကနေ ကိုးပါးသီလခံယူပြီး အိမ်မှုကိစ္စလေးတွေလုပ်ရင်း တစ်နေ့တာ အချိန်ကို ကုန်စေခဲ့တယ်။ ၁၆ရက် (တနင်္ဂနွေနေ့) မနက်မှာ ခင်ပွန်းသည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် သံဃာတော် (၅)ပါးကို ဝါဆိုသင်္ကန်း၊ နဝကမ္မ ဝတ္ထုတို့နဲ့အတူ အာရုံဆွမ်း ကပ်လှူခဲ့ပါတယ်။ ပြုပြုခဲ့သမျှ ဒါန သီလ ဘာဝနာ ကုသိုလ်အစုစုတို့ဟာ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်ပါစေသား နိဗ္ဗာန်မရောက်မှီ စပ်ကြား ကြုံဆုံရမဲ့ ဘဝများစွာမှာလည်း စိတ်ဓာတ်အစဉ် ကြည်လင် အေးမြစွာနဲ့ လောကီလောကုတ္တရာ နှစ်လီနှစ်ဝ ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝရ ပါစေသားလို့ တောင်းဆုလေးပြုခဲ့တယ်။ အလှူလေး မနက် ၉နာရီလောက်မှာ ပြီးဆုံးသွားပါတယ်။ နေ့လည် ၂နာရီမှာတော့ ကျမ တစ်ကြိမ်တစ်ခါမှ မရောက်ဘူးသေးတဲ့ ရန်ကင်းတောင်ဘက်ကို ခင်ပွန်းသည်က လိုက်ပို့ပေးပြီး ပို့စ်တစ်ပုဒ် စိတ်တိုင်းကျ ရေးနိုင်ဘို့အတွက်လည်း အချိန်ပေးခဲ့ပါတယ်။










ဓာတ်တော်များ













ဆရာတော်မှ ရွဲယိုသီးများဆေးဖော်
  ရွဲယိုပင် တစ်သောင်းကျော်ရှိ



ရေသန့်ထွက်ရာ နေရာ

 

နှစ်ရှည်သစ်ပင်များ ကျောက်အသွင်သို့ကူးပြောင်း

ကျွန်းပင်မှကျောက်အသွင်ပြောင်း
လှူထားသော ကျောက်စိမ်း

လှူထားသော ကျောက်များ
ကျောက်အသွင်ပြောင်း


ပြန်ခါနီး ကောင်းကင်ပေါ်မှ ဖြတ်သန်းဂျက်တစ်စင်းကိုလိုက်ရိုက်း)

မြကျောက်ဆရာတော်၏ သိဒ္ဓိတန်ခိုး
(၁-၇-၉၈) နေ့၌ မြကျောက် ဆရာတော် ဦးခေမာစာရ အဓိဌာန် ဝင်နေစဉ် နားထဲတွင် ဤနေရာ၌ မတူးဘဲ ယခု ရေထွက်ရှိသည့် နေရာ၌ တူးဖော်ရန် ထပ်ခါတလဲ ပြောသံ ကြားနေရ၍ ဆရာတော်သည် နေရာ သစ်ကို ပြောင်းရွှေ့ တူးဖော်ခဲ့ရာ ရေတူးစက်ကြီးမှာ စက်နှိုး၍ ရရှိသည်။ ကောင်းမွန်စွာဖြင့်ပင် (၃-၇-၉၈) ရက်နေ့က ဤနေရာ၌ စတင် တူးဖော်ခဲ့ပါသည်။ ယင်းသို့ တူးဖော်နေစဉ်မှာပင် (၃)ရက်ခန့် အကြာ၌ မြကျောက် ဆရာတော် ဦးခေမယစာရ၏ နားထဲ၌ ကြားသိရသည်မှာ ‘နဂါးတွင်းမှ ရေ ထုတ်ပေးမည်’ ဟု ပြောကြားသည်ကို ကြားသိရပြန်ပါသည်။ ထို့ကြောင့် နဂါးတိုင်းပြည်မှ နဂါးရေ ရရှိမည်ဟု ဆရာတော် မိန့်ကြားခဲ့ပါသည်။

မြကျောက်ရေ၏ pH တန်ဘိုးမှာ 7.3 ဖြစ်ပါသည်။ pH တန်ဘိုးကို ကြည့်ပါက အထူးကောင်းမွန် ပါသည်။ မြကျောက်ရေသည် ပေ(၃၅၀)အောက်မှာ တွေ့ရသော ရေဖြစ်ပါသည်။ တစ်ခါမျှ ထိုမျှ ဓာတ်ပစ္စည်း အချိုးမျှတစွာ ပါဝင်သည့် တွင်း မတွေ့ခဲ့သေးပါ။ လူတို့ပြုပြင်ထားသော သောက်ရေသန့်နှင့် (Spring Water) ရေသန့်များတွင်သာ အလားတူ ဓာတ်ပစ္စည်း အချိုး မျှတစွာ ပါဝင်ကြောင်း တွေ့ရှိရသည်။ စာရေးသူ စမ်းသပ်တွေ့ရှိချက်များအရ မန္တလေး ဝန်းကျင် သဘာဝရေများထဲတွင် နန်းမြို့ကျုံးတွင်းသို့ ဝင်သော ဆည်တော်ရေသည် အထူးကောင်းမွန်သော ရေဖြစ်ကြောင်း တွေ့ရှိ ခဲ့ပါသည်။ မြကျောက်ရေသည် ဆည်တော်ရေထက်ပင် များစွာ ပိုကောင်းမွန်ကြောင်း တွေ့ရှိရ ပါသည်။ မြကျောက် သဘာဝရေကို သောက်ရေသန့်အဖြစ် အသုံးပြုရန် အမြို့မြို့အနယ်နယ်မှ လာရောက် သယ်ယူကြသည်ကို တွေ့ရပါသည်။ ၄င်းရေ သောက်သုံးနေသော သူများသည် ရောဂါ များ ပျောက်ကင်းသည် ဟုလည်း ပြောပါသည်။ စက်ရေတွင်းထဲမှ ထွက်သော ရေ အမျိုးအစား ထဲတွင် မြကျောက်ရေကဲ့သို့ ထူးခြားစွာ သန့်စင်နေသော ရေမျိုး ရှာမှရှားပါသည်။ ရောဂါ အမျိုးမျိုး ပျောက်ကင်းသည်ဟု ပြောရသော် ဆရာတော် ဘုရား၏ သိဒ္ဓိတန်ခိုးလည်း  ပါမည်ဖြစ်ပါကြောင်း စာရေးသူ ဦးလူနီ (ပါမောက္ခချုပ်၊ မန္တလေးတက္ကသိုလ်) ရေးသား သွားပါသည်။ 

မြကျောက် ဆရာတော်ဆီကနေ အပြန်ခရီးမှာတော့ ရန်ကင်းတောင်မှာရှိတဲ့ ငါ့ရံ့မင်း လှိုဏ်ဂူဘက်ကို လိုက်ပို့ပေးပြန်တယ်။ ဒီတစ်ခေါက် ခရီးစဉ်မှာ ပို့စ်အသစ်တစ်ပုဒ် တင်ခွင့်ရမှာမို့လည်း ဝမ်းသာပီတိ ကြည်နူးမှုတွေနဲ့ လန်းဆန်းနေခဲ့တယ်။ ဒီပို့စ်လေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စာဖတ်သူ အများစု ဖတ်ပြီး သိပြီးသား ဖြစ်ပေမဲ့ ကျမအတွက် နေရာအသစ်လေးမို့ ဒီပို့စ်လေးကို စိတ်ဝင်စားမိတယ်။

ငါးရံ့မင်းတောင်ကို ရောက်ခဲ့စဉ်
ငါးရံ့မင်းတောင်၊ ရန်ကင်းတောင် အမည်ထူးနှစ်ရပ် တွဲစပ်ဖြစ်ပေါ် လာရခြင်းမှာ ဂေါတမ မြတ်စွာ ဘုရားသခင် အလောင်းတော်ဘဝ နုစဉ်ကာလ ပါရမီတော် များ ဖြည့်ကျင့်တော် မူစဉ် ဧရာဝတီမြစ်ရိုး၌ ဆွေတော်မျိုးတော် ငါးအပေါင်းနှင့် စံပျော်နေစဉ် ကံဇာတာ ညှိုးမှိန်ချိန်တွင် တံငါသည်၏ ကွန်ချက်အတွင်း သက်ဆင်း ခဲ့ရသည်။ တံငါသည်မှ ငါးမင်း ခန္ဓာကိုယ်အား ဓားဖြင့် မွှန်း၍ ဆား သိပ်နယ်ခြင်းကို ခံရသဖြင့် နာကျင် ခံခက်လှသော ဝေဒနာကို ခံစားရပြီး ငါးမင်း သေပြီ အထင်ဖြင့် တောင်ကမူ တစ်ခုပေါ်တွင် နေလှမ်း၍ အခြောက်ခံ ထားစဉ် ခုန်ချ ထွက်ပြေး ကူးခတ်လာရပြီး ဤ တောင်တော်ရောက်မှ ဘေးရန်များ ကင်းဝေး ခဲ့ရသဖြင့် ရန်ကင်းတောင်ဟု အမည်တွင်ခဲ့ပါသည်။ အလောင်းတော် ငါးမင်း ဖြစ်စဉ်မှ ဓားဖြင့်မွှန်းသော နေရာအနီး တောင်ငယ်ကို ဓားမွှန်းတောင်ဟု ယခုတိုင်တွင်ပါသည်။ ရန်ကင်းတောင်တော် သမိုင်းကို နောက်ပို့စ်မှာ တင်ပေးပါ့မယ်နော်။

စည်းစိမ်တန်ခိုး ကျက်သရေတိုးဖို့

တန်ခိုးပေါ်ထင်၊ ကုသိုလ်ရှင်မှ
လူတွင်မညှိုး၊ စည်းစိမ်ဖြိုး၏
ကျမ်းရိုးအရှိ၊ လမ်းမှန်သိလော့။
လောကီချမ်းသာ၊ နောင်ဖို့ရှာသည့်
ပညာရှိပေါင်း၊ သူမြတ်ကောင်းတို့
နှစ်ထောင်းဝမ်းသာ၊ ပြုအပ်စွာရှင့်။
လူ့ရွာနောက်နောင်၊ ကြံတိုင်းအောင်လိမ့်
သားမောင်သက်နှင်း၊ ကျင့်မပျင်းနှင့်
ကြောင်းရင်းကြမ္မာ၊ ကံမပါလျှင်
ကြံရာမပြီး၊ အချည်းနှီးဖြင့်
ပျက်စီးတတ်စွာ၊ မချွတ်ရာတည်း။
ကလျာဏာ၊ ကလျာဏ
ကျင့်ကမ္မဖြင့်၊ ပုည, ပါပ
ကိစ္စအမှု၊ ခွဲဝေရှုသော်
အကုသိုလ်၊ ကုသိုလ်၊
နှစ်ခုကိုလည်း မပြုလိုခဲ၊ ပြုလိုရဲ၏။
ကံမွဲမပြောင်၊ ကံမဆောင်လျှင်
ဂုဏ်ရောင်မလှ၊ မထွန်းပဘူး
ဒုက္ခလူ့ဘောင်၊ ဆင်းရဲခေါင်လိမ့်
ကျင့်ဆောင်မယုတ်၊ စောင့်ကိုယ်နှုတ်နှင့်
ဥပုသ်ဗြဟ္မ၊ စရိယလည်း
ကာလအစဉ်၊ အမြဲယှဉ်လော့။    ။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz