x

3.10.12

ရူးသွပ်ရင်ဖြစ်မယ် 'တဂ်ပို့စ်'


စာဖတ်သူတို့ ပို့စ်တစ်ပုဒ် ဖတ်ခွင့်ကြုံအောင် ဖန်တီးပေးတဲ့ ‘ဝေမိုးနိုင်(မုံရွာ)’ကို ကျေးဇူးတင်ပါတယ်။ လူတစ်ယောက်မှာ ဝါသနာ အနည်းဆုံး တစ်မျိုးတော့ ထုံလေ့ရှိပါတယ်။ ဝါသနာအများစုဟာ မျိုးရိုးဗီဇနောက်ကို လိုက်တတ်ပါတယ်။ ကျမရဲ့ မိဘနှစ်ပါးစလုံးဟာ ဂီတဘက်မှာ ဝါသနာထုံပြီး အပေါင်းအသင်းကို ရင်းနှီးခုံမင်ကြတဲ့အတွက် မောင်နှမတွေထဲမှာလည်း စန္ဒယား အော်ဂင် ဂီတာ တစ်ယောက်တစ်မျိုး တီးမှုတ်တတ်ကြသလို သူငယ်ချင်း အပေါင်းအသင်းကို ခုံမင်တတ်ကြပါတယ်။ အသက် ၄၀ကျော် ဂီတကို ဝါသနာပါသူများတော့ ကြားဘူးမယ် ထင်ပါရဲ့။ တစ်ချိန်တစ်ခါ ၁၉၈၄-ခုနှစ်လောက်က နံပါတ် ၄ မောင်လေးနဲ့ ညီမအထွေးဆုံးလေးတော့ ပါဝင်ပြီး ‘လီယိုဟေမာန်’ ဆိုပြီး သီချင်းဆိုတဲ့ အဖွဲ့တစ်ဖွဲ့ကို ထောင်ခဲ့ဘူးပါတယ်။ မမြဲတဲ့တရားသဘောနဲ့ တစ်ယောက်တစ်နိုင်ငံ ထွက်ကြပြီးတဲ့နောက် ပျောက်ကွယ်သွားပါတယ်။ ဂိုဂယ်လ်ကနေ ‘Leo Hay Mum Group’ လို့ရှာကြည့်လို့ရပါတယ် (ကြော်ငြာဝင်တား))။ အဲဒီခေတ် အခါမှာ မြန်မာပြည်မှာ အွန်လိုင်းခေတ် မဟုတ်သေးတော့ သိနည်းပါတယ်။ ကျမမှာ ဂီတအမွေဆိုလို့ ကီးအောက်အောက်နဲ့ သီချင်းနည်းနည်းပါးပါး ဆိုတတ်ပါတယ်း) ဝါသနာကြီးတဲ့ ဟင်းချက်နည်း မုန့်လုပ်နည်းတော့ အတော်အသင့် ရပါတယ်။ ချက်ပြုတ်မုန့်လုပ်နည်းကလည်း ကျမဖွားဖွားဆီက ရတဲ့အမွေပါ။ မောင်လေးတို့ရဲ့အကြောင်းလေးကို ထည့်ပြီးပြောရခြင်းက အလုပ်တစ်ခုခုကို အကောင်အထည် ဖော်တော့မယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ အောင်မြင်ဘို့ဆိုတာ ရာခိုင်နှုန်းအတော်နည်းပါတယ်။ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းပြီးမှသာ ပန်းတိုင်ဟာ ကိုယ့်ရဲ့ လက်တစ်ကမ်းကို ရောက်လာခြင်းဖြစ်ပါတယ်။ သူတို့လေးတွေရဲ့ သီချင်းစီးရီးလေး ထွက်လာဘို့အတွက် နေ့မအား ညမအား ကျောင်းအားချိန်ရပြီ ဆိုတာနဲ့ ကျမတို့အိမ်မှာ သူတို့ အုပ်စု လူစုကြပြီး ဆွေးနွေးတိုင်ပင် ညှိနှိုင်း အကြိမ်ကြိမ် သီဆိုလေ့ကျင့်ကြရင်း အခွေထုတ်ဖြစ်ခဲ့တာပါ။ ရူးသွပ်ခြင်းရဲ့ အောင်မြင်မှုတစ်ခုပါ။

နောက်တစ်ချက် အနေနဲ့က ပြောင်းလဲလွယ်တတ်တဲ့ လူ့စိတ်လူ့သဘောဟာ အသက်အရွယ် အချိန်ကာလ ကြုံတွေ့မှုအခြေအနေနဲ့ နေရာဒေသ အပေါ်မူတည်ပြီး ဝါသနာလည်း အမျိုးမျိုးပြောင်းလဲ သွားတတ်ပါတယ်။ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ သန္ဓေတည်ဘူးတဲ့ ဗီဇကတော့ ရင်ထဲကထောင့် တစ်နေရာရာမှာ ကျန်နေဆဲမို့ တိုက်ဆိုင်မှု ရှိတဲ့အခါတွေမှာ တိမ်မြုပ်နေပြီလို့ ထင်ထားခဲ့တဲ့ ဝါသနာလေးဟာ မထင်မှတ်ပဲ ပြန်ပေါ်လာတတ်လေ့ ရှိပါတယ်။ ဝါသနာဟောင်းဖြစ်စေ ဝါသနာသစ်ဖြစ်စေ ကိုယ် စိတ်ဝင်စားတဲ့ ဝါသနာကို အရင်းပြုပြီး တန်ဘိုးရှိတဲ့ အဆုံးသတ်ချက်တစ်ခုတော့ ရအောင် ဖန်တီးသင့်တယ်လို့ ကျမယူဆမိတယ်။ အကြောင်းပြချက် အမျိုးမျိုးကိုသာ ရှေ့တန်းတင်နေမယ်ဆိုရင် ကျမတို့ရဲ့ ခရီးဆုံးပန်းတိုင် အောင်မြင်မှုရလာဒ်ဟာ လက်တစ်ကမ်းကနေ အလှမ်း အဝေးဆုံးကို ရောက်မှန်းမသိ ရောက်သွားမှာ ဓမ္မတာပါ။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို ဦးတည်ချက် မပျောက် တစိုက်မတ်မတ် ရူးသွပ်စွာခံယူချက်ထားရင် ‘တစ်နေ့တစ်လံပုဂံဘယ်ရွေ့မလဲ’ ဆိုသလို ဆန္ဒနဲ့ဘဝဟာ တစ်ထပ်တည်း မကျတဲ့တိုင် အနီးကပ်ဆုံးကို ရရှိခံစားရမယ်ဆိုတဲ့ ခံယူချက်ကို ကျမတို့တစ်တွေ မဆုတ်မနစ် ထားသင့်တယ်လို့ ထင်ပါတယ်။ ကျမအသက် ၁၃-နှစ်မှာ အနာဂါတ်အတွက် အိပ်မက်တစ်ချို့ကို ရူးသွပ်ခဲ့ဘူးပါတယ်။ ‘ဘဝအတွက်အိပ်မက်တစ်ချို့’ကို တကယ်လို့ မဖတ်ဖြစ်သေးဘူး ဆိုရင် ဖတ်ဖြစ်အောင် ဖတ်လိုက်ကြနော်။ မိမိရဲ့ လိုအင်ဆန္ဒ ပြင်းပျမှုရဲ့ နောက်ကွယ်မှာ ရည်မှန်းချက်နဲ့ အတူ စစ်မှန်တဲ့ ကြိုးစားအားထုတ်မှုသာ ရှိဘို့လိုပါတယ်။

ခရေပန်း-တစ်ချိန်က အိပ်မက်လေး လက်တွေ့ဖြစ်လာခဲ့
ကုန်လွန်ခဲ့တဲ့ ရက်ပေါင်းများစွာက သားငယ်တို့ သူငယ်ချင်းအဖွဲ့ရဲ့ မဂ္ဂဇင်းထုတ်ဘို့ ဆန္ဒပြင်းပျနေချိန်မှာ သူ့ရဲ့အိပ်မက်လေးကို အကောင်အထည် ဖော်နိုင်ဘို့ အခွင့်အရေးလေးရအောင် တစ်ဖက်တစ်လမ်းကနေ ကျမ တစ်နိုင် ကူညီခဲ့ပါတယ်။ လွန်ခဲ့တဲ့ စက်တင်ဘာလမှာ မဂ္ဂဇင်းကို ထုတ်ခွင့်ရသွားခဲ့တယ်။ စက်တင်ဘာလထုတ် မဂ္ဂဇင်းစာမျက်နှာ နမူနာလေးပါ။ အောက်တိုဘာလ မဂ္ဂဇင်းကို ဒီကနေ့ ရန်ကုန်မှာ စတင်ဖြန့်မယ်လို့ သားကြီးဆီက သတင်းရထားပါတယ်။ တစ်ခါတစ်ရံ ဘယ်လောက် ကြိုးစားပေမယ့် လွဲချော်မှုဆိုတာကလည်း ရှိတတ်တာမို့ အကယ်၍သာ ကိုယ်ရူးသွပ်တဲ့ အလုပ်တစ်ခု ကျရှုံးခဲ့လည်း စိတ်ဓာတ်ကျစရာ မလိုသလို လွယ်လွယ်နဲ့လည်း နောက်မဆုတ်ဘို့ အရေးကြီးပါတယ်။ လက်တွေ့ အကောင်းဆုံး လုပ်ဆောင်ပြီးမှ မအောင်မြင်ခဲ့ရင် နောင်တရစရာမရှိဘူးလို့ ကျမခံယူပါတယ်။ ကျမလျှောက်ခဲ့တဲ့ ဘဝလမ်းခရီးမှာ အလုပ်ပေါင်းများစွာ လုပ်ခဲ့တဲ့အတွက် မအောင်မြင်တဲ့တိုင် ဝယ်ယူလို့မရတဲ့ အတွေ့အကြုံတွေ ကျမလက်ခံရရှိခဲ့ပါတယ် လုပ်ကိုင်ဆောင်ရွက် သမျှ အလုပ်တိုင်းကို လေးစားဘို့ အရေးကြီးပါတယ်။ လူတိုင်းကိုယ်စီမှာ ကွယ်ဝှက်နေတဲ့ အရည်အချင်းကို သဘာဝက ပေးထားပြီးသားပါ။ ကိုယ့်ရဲ့ပင်ကိုယ် အရည်အချင်းကို မသိလို့ မသုံးဖြစ်ကြတာကြောင့် ‘ပေးကားပေး၏ မရ’ ဖြစ်နေကြတယ်လို့ ကျမထင်ပါတယ်။

စက်တင်ဘာလထုတ် Gamers မဂ္ဂဇင်း

တဂ်ပို့စ်လေးကို ဒီလောက်နဲ့ ကျေနပ်ပါတော့လို့ ပြောပါရစေ ‘ဝေမိုးနိုင်(မုံရွာ)’ရေ။ ရန်ကင်းတောင်တော် သမိုင်းကို နောက်ပို့စ်မှာ တင်ဖြစ်မယ်လို့ ထင်ပါတယ် (တရားသဘောနဲ့ မနက်ဖြန်ဆိုတာ ကြိုပြောလို့ မရတာမို့ ‘ထင်ပါတယ်’ လို့ သုံးသွားတာနော်း)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz