x

27.10.12

မွေးနေ့မင်္ဂလာ ရက်မြတ်အခါ


ဒီကနေ့ ၂၇ရက် အောက်တိုဘာလမှာ ကျရောက်လာတဲ့ တရားပြ ကောင်းတဲ့‘ပန်းကမ္ဘာဦးဇင်း’ရဲ့ မွေးနေ့ မင်္ဂလာ ရက်မြတ်လေးမှာ အမှတ်တရ ရေးတင်တဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ။ မတူညီတဲ့ ခေါင်းစဉ်တွေနဲ့ တစ်နေ့တစ်မျိုး မရိုးရအောင် အလုပ်တွေကို အဆုံးသတ်နေရတာကြောင့် ကျမရဲ့ ဘလော့လေးနဲ့ မိတ်ဆွေတို့ရဲ့ ဘလော့အိမ်တွေဆီ ခြေဦးမလှည့်နိုင်ခဲ့တာ အချိန်အတော်လေး ကြာခဲ့ပါပြီ။ မထင်မှတ်ပဲ အခုလို ပို့စ်တစ်ပုဒ် ရေးခွင့်ကြုံလာရတာကို ကျေနပ် ဝမ်းသာမိပါတယ်။ အရင် ပို့စ်ဟောင်းမှာ ပြောဘူးခဲ့သလို နိုဝင်ဘာ၂-ရက်နေ့မှာ ကျမနဲ့ အိမ်ဦးသခင်တို့ရဲ့ အနှစ် ၃၀-ပြည့် မင်္ဂလာ နှစ်ပတ်လည် အလှူတစ်ခုလုပ်ဘို့ အစီအစဉ် ရှိတာမို့ ရွှေနန်းတော် အထူးယာဉ်ကြီးနဲ့ ၂၈ရက်နေ့မနက် ဦးလေး အဒေါ်သုံးယောက်တို့နဲ့အတူ မန္တလေးဘက်ကို ခရီးထွက်မှာ ဖြစ်ပါတယ်။ ခရီးကနေ ပြန်ရောက်လာတဲ့အချိန်မှာ ကျမရဲ့ ပျက်ကွက်မှုလေးတွေ ပြန်လည် ဖြည့်ဆည်း ပေးဆပ်မှာပါလို့ စကားဦး သန်းခဲ့ပါရစေနော်။ အခုလည်း ခရီးမထွက်ခင် အိမ်ရဲ့ အလုပ်ကြွေးတွေ ဆပ်ရင်း အဆင်ပြေရင် ပြေသလို မိနစ်အနည်းငယ် အွန်လိုင်းပေါ်ကိုတော့ ရောက်ရောက်သွား တတ်ပါတယ်။ ဖေ့ဘုတ်မှာ မွေးနေ့မင်္ဂလာ ကျရောက်သူတို့ကို နှုတ်ခွန်းဆက်ပြီး လက်လှမ်းမီရာ ရယ်ရွှင်စရာ ကွန်မန့်တွေကို ဖတ်မိရင်း လျော့နည်းသွားတဲ့ စိတ်ခွန်အားကို တစ်စိတ် တစ်ဒေသ ဖြည့်ဆည်းလေ့ ရှိခဲ့ပါတယ်။ နေ့စဉ် တစ်ယောက်တစ်လှည့် ကျရောက်နေကြတဲ့ မွေးနေ့ရှင်လေးတွေ အကြောင်းကိုလည်း အလျင်းသင့်တဲ့အခါတွေမှာ ကျမတွေးတော မိခဲ့တယ်။ အများအားဖြင့် မွေးနေ့မင်္ဂလာရက်မြတ်တွေမှာ အလှူဒါနလေးတွေ လုပ်ကြစမြဲမို့ ဘယ်လိုဆုတွေများ တောင်းကြသလဲ ဆိုတဲ့ အတွေးလေးမျိုး မကြာခနဝင်တတ်သလို ကျမကိုယ်တိုင်လည်း ဒါနတစ်ခုခု ပြုလုပ်ပြီးတိုင်း တောင်းလေ့ရှိတဲ့ ဆုကိုပြန်လည်ပြီး သုံးသပ်ပါတယ်။

ပန်းကမ္ဘာဦးဇင်း

ရန်ကုန်ရောက်စဉ် ဆွမ်းစားပင့် မှတ်တမ်းပုံများ-










လွန်ခဲ့တဲ့ ၂၄ရက် အောက်တိုဘာနေ့က ကျမရဲ့ ကျေးဇူးရှင် မွေးဖခင်ကြီး ကွယ်လွန်ခဲ့တာ ၁၀-နှစ် ပြည့်ခဲ့တဲ့ နေ့မို့ ဖွားဖွားတို့ လက်ထက်ကတည်းက အစဉ်အလာ ကိုးကွယ်လာတဲ့ ဂန္ဓာရုံဥယျာဉ်ကျောင်းတိုက်ကို သွားရောက်ပြီး ဝါဆိုသင်္ကန်း နဝကမ္မတို့နဲ့အတူ လှူတန်းဖွယ် အစုစုတို့ကို သွားရောက် လှူတန်းခဲ့ပါတယ်။ လှူတန်းရခြင်းရဲ့ အကျိုးရရှိပုံကို ဆရာတော် ဦးစန္ဒိမာမှ တရားဟောကြားပြီးနောက်မှာ အလှူတစ်ခု ပြုလုပ်ပြီးတိုင်း ဆုတောင်းရတဲ့အကြောင်း ပြောပြပါတယ်။ ဆုတောင်းမှု အလုပ် မပြုခဲ့ရင်သမုဒ္ဒရာ ရေပြင်ကြီးထဲမှာ လှော်တက်မပါတဲ့ လှေကိုလှော်နေသလို ဖြစ်ပြီး ရည်ရွယ်ချက် ပန်းတိုင် မရှိတော့ လိုရာခရီးကို မရောက်နိုင်ဘူးဆိုတဲ့ ဥပမာလေးနဲ့ တရားပြခဲ့ပါတယ်။ ဆုတောင်းတဲ့အခါလည်း ဆုတောင်းမမှားစေဘို့ ဆုံးမသြဝါဒပေးကာ နည်းမှန်လမ်းမှန်ကို ညွှန်ပြပါတယ်။ ဘယ်လိုဆုမျိုးကို တောင်းတောင်း ‘ပြုပြုသမျှသော ဒါန သီလ ဘာဝနာ ကုသိုလ်အစုစုတို့သည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်ပါစေသတည်း' ဆိုတဲ့ ဆုမျိုးတော့ ပါသင့်တယ်လို့ ထင်ပါတယ်။ ဆရာတော် မိန့်မှာသလို ကျမလည်း ရည်မှန်းထားတဲ့ ခရီးဆုံးကိုရောက်ဘို့ လှော်တက်လေးကို အားပြုရင်း ကိုယ်အားရှိသလို ဉာဏ်စွမ်း ရှိသလောက် လှော်ခတ်ရင်းမွေးနေ့ရက်တွေကို ကျော်ဖြတ်နေဆဲပါ။ အကြောင်းအရာ များများရေးဘို့ အခက်အခဲဖြစ်နေတာကြောင့် မွေးနေ့ရှင် ဦးဇင်းအတွက် ကဗျာလေး နှစ်ပုဒ်တင်ပေးလိုက်ပါတယ်။

နိုင်ရာဝန်ထမ်း ကိုယ်စီစွမ်း
 ဘုရားရှင်တော် မပွင့်ပေါ်က
လူတော်အများ စိတ်ကောင်းထားလည်း
ဤကားကုသိုလ် အကုသိုလ်ဟု
ထိုထိုဘုံဘဝ မသိရ
များလှအပြစ်တွေ။
ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍
ဟောဖော်ညွှန်ပြ မြတ်တရားကြောင့်
ဤကားကုသိုလ် အကုသိုလ်ဟု
ထိုထိုဘုံဘဝ သိကြရ
များလှကျေးဇူးတွေ။
ကျေးဇူးတော်ရှင် ဘုရားရှင်၏
များအင်ကျေးဇူး ဂုဏ်အထူးကို
ကြည်နူးမပြတ် နေ့စဉ်ဆပ်ဖို့
အမြတ်ရတနာ သာသနာ၏
နိုင်ရာဝန်ထမ်း ကိုယ်စီစွမ်း
ကျိုးပမ်းကြပါစေ။

သစ္စာမြင်မှ ချမ်းသာမည်
သုံးထွေသာသနာ ထွန်းခိုက်ခါဝယ်
သမ္ဘာမြင့်မောက် ကံကောင်းထောက်၍
တစ်ယောက်ထူးသည် ဖြစ်ပေသည်ဟု
အသဲနှလုံး စွဲယူသုံးလျက် မြင့်ဆုံးမြင့်လှ ဤဘဝဝယ်
ဒုက္ခနယ်တွင်း ကျွန်စာရင်းမှ လွတ်ကင်းဖို့ရာ လေးသစ္စာကို
ယထာဘူတ သိထိုက်လှပြီ
ခေတ်မှလွဲသူ ဖြစ်ရခြေသော်
လေးထွက်ပါယ်ထဲ နှောင်ကြိုးတည်း၍
မြုပ်မြဲမြုပ်အောင် နင့်ကိုဆောင်လိမ့်
အမှောင်ကိလေ မိုက်သင်းတွေကို
စစ်မြေအလား ခန္ဓာငါး၌
သုံးပါးလက္ခဏူ မှတ်တိုင်ထူ၍
ငါးလူဗိုလ်မင်း ဖေါ်တစ်သင်းနှင့်
စစ်ခင်းပြီးသော် အောင်စည်ဆော်၍
မြို့တော်ဝင်ရန် တိပဌာန်ဟု
လေးတန်တံခါး ဖွင့်သောအားဖြင့်
ရှစ်ပါးမဂ္ဂင် စလွယ်ဆင်၍
ပလ္လင်သဖွယ် ဖိုလ်လေးသွယ်၌
စံပါယ်နိုင်မှ ချမ်းသာရ၍
ဒုက္ခနင့်မှာ ငြိမ်းလိမ့်သာတည်း။
တဏှာဘုရင် နင့်သခင်၏
လိုအင်လိုက်လျော မိုက်သဘောနှင့်
မိုက်ဇောရေတွင်း မွန်း၍သာတည်း
လှိုင်းလေပြင်းပြ ပင်လယ်ဝ၌
မြုပ်ရမည်မှာ မျောရမည်မှာ မလွဲသာတည်း
သစ္စာမြင်မှ ထင်မြင်တည်း။

အရှင်နန္ဒာစရိယ (ဝမ်းတွင်း)၏ ဇယမင်္ဂလာ မှတ်စုပဒေသာမှ ကောက်နှုတ် မျှဝေပေးပါသည်)

ဒီလောက်နဲ့ပဲ မွေးနေ့ရှင်‘ပန်းကမ္ဘာဦးဇင်း’ ကျေနပ်ပါလို့ တပည့်တော် ရိုသေစွာလျှောက်ထားပါတယ်။ အရှင်ဘုရားရဲ့ မွေးနေ့ရက်မြတ်က အစပြုပြီး ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးချမ်းစွာနဲ့ တရားထူး တရားမြတ်များဖြင့် သာသနာ အကျိုး ဆထက်ပွားလို့ သည်ပိုး ရွက်ဆောင်နိုင်ပါစေသား။

***စကားချပ်ကျန်သွားသေးတယ်။ ဒီပို့စ်ကိုဖတ်ပြီးသွားရင် နိုဝင်ဘာလ ၂-ရက်နေ့မှာ ကျရောက်လာမည့် ကျမနဲ့ အိမ်ဦးသခင်တို့ရဲ့ အနှစ် ၃၀-ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့အတွက် ဘလော့ဂါ မိတ်ဆွေများမှ နည်းများမဆို အနည်းဆုံး စာလေးတစ်ကြောင်းဖြစ်စေ ‘ပုလဲရတု နှစ်ပတ်လည် အမှတ်တရ’ တဂ်စာလေးကို လက်ဆောင်အဖြစ် အမှတ်တရ ရေးပေးကြပါလို့  တဂ်ခဲ့ပါရစေနော် :P ***

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz