x

8.10.12

ရန်ကင်းတောင်တော်အကြောင်း သိကောင်းစရာ


ပြီးခဲ့တဲ့တစ်ပုဒ်ကျော် ‘ရန်ကင်းတောင်တစ်ခေါက် ရောက်ခဲ့စဉ်’ ပို့စ်လေးနဲ့ပတ်သက်ပြီး တုန့်ပြန်လာတဲ့ ကွန်မန့်လေးတွေဖတ်ပြီး ကျမရဲ့ အရေးအသားလေးတွေ မပီပြင်သေးတာကို သတိထားမိသွားပါတယ်။ ဝါရင့် ဘလော့ဂါ တစ်ချို့ကို ကျမ အားကျလေးစားမိရတဲ့ အကြောင်းရင်းက သူတို့တစ်တွေ ရေးလိုက်တဲ့ ပို့စ်တစ်ပုဒ်ကို ဖတ်လိုက်တိုင်း ဆိုလိုရင်း အဓိပ္ပာယ်ကို မီးမောင်းထိုးပြသလို ရောထွေးမှု မရှိပဲ ရှင်းရှင်းလင်းလင်း အလွယ်တကူ သဘောပေါက်နားလည်လွယ်ပါတယ်။ တကယ်တော့ ‘ရန်ကင်း တစ်ခေါက် ရောက်ခဲ့စဉ်’ ပို့စ်ရေးတုန်းက ပြောချင်ဇောနဲ့ စိတ်ဆန္ဒတွေ လောသွားတဲ့ အတွက် ရေးချင်တဲ့ အကြောင်းအရာ မပီပြင်တော့ပဲ ရောထွေး သွားခြင်းပါ။ ဒါကြောင့် အခုပို့စ်မှာတော့ စာဖတ်သူတို့ ကွဲကွဲပြားပြား သိသွားစေချင်တဲ့ စေတနာလေးကို ထပ်ပေါင်းပြီး ထည့်ပေးလိုက်တယ်နော်။


မြကျောက် ကမ္ဘာ့အဆင့်မြင့် သဘာဝသောက်ရေသန့်
မန္တလေးမှာထင်ရှား ကျော်ကြား လူသိများတဲ့ မြကျောက် ဆရာတော် ဘုရားကြီး (ကမ္ဘာ့အဆင့်မြင့် သဘာဝ သောက်ရေသန့်ကို တူးဖော်နိုင်ခဲ့သူ) ထံကို ကျမ သွားရောက် ဖူးမျှော်ရင်း ဆရာတော်ရဲ့ ကျောင်း ပရဝုဏ် အတွင်းမှာ မြင်မြင်သမျှကို မှတ်တမ်းအဖြစ် ဓာတ်ပုံရိုက်ပြီး အရင်ပို့စ်မှာ တင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် စာတမ်းကို ပီပီပြင်ပြင် မရေးထိုး ခဲ့တာကြောင့် တစ်ကြိမ်တစ်ခါမှ မရောက်ဘူးသူ မကြားဘူးသူတို့ အဖို့ ကျမတင်ခဲ့တဲ့ ပုံတွေဟာ ရန်ကင်းတောင်တော် သမိုင်းနဲ့ ပတ်သက် ဆက်နွယ်တယ်လို့ အထင် ရောက်သွားကြပါတယ်။ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေ အတုလ မဟာ မြကျောက်စေတီ ကျောင်းတော် အတွင်းမှ တူးဖော် ထွက်ရှိတဲ့ရေရဲ့ သဘာဝဟာ စံချိန်မီ သောက်ရေသန့် အဆင့်ရှိတာကို ဓာတ်ခွဲ စမ်းသပ်ချက်များအရ တွေ့ရှိရပါတယ်။ မြကျောက်ရေမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းများမှာ-

စုစုပေါင်း ပျော်ဝင်ပစ္စည်း 305 mg/l
ကလိုရိုက် (Cl) 20 mg/l
ကယ်လစီယမ်း (Ca) 24 mg/l
မဂ္ဂနီဆီယမ် (Mg) 2.4 mg/l
ဆာလဖိတ် (So4) 117 mg/l
စုစုပေါင်း ရေစေးပမာဏ 70 mg/l
ထာဝရရေစေးပမာဏ 10 mg/l
စုစုပေါင်း အယ်လကာလီနတီ 260 mg/l
pH 7.3

မြကျောက်ရေကို ပေ(၃၅၀)အောက်မှာ တူးဖော် တွေ့ရှိရပြီး လူတို့ ပြုပြင်ထားတဲ့ သောက်ရေသန့်နဲ့ (Spring Water) ရေသန့်များမှာ ပါဝင်တဲ့ အလားတူ ဓာတ်ပစ္စည်းအချိုး မျှတစွာ ပါဝင်တာ စမ်းသပ် တွေ့ရှိရပါတယ်။ အဆိပ်အတောက်ဖြစ်တဲ့ ခဲ၊ အားဆင်းနစ်၊ ဆလေနီယမ်၊ ခရိုမီယမ်၊ ဆိုယာနိုဒ် အစရှိတဲ့ ဓာတ်များ လုံးဝပါဝင်ခြင်း မရှိခဲ့ပါ။ မြကျောက်ရေစင်နဲ့ ပတ်သက်ပြီး ဓာတ်ခွဲ သုတေသန ပြုလုပ်သူများဖြစ်တဲ့ ဦးလူနီ (ပါမောက္ခချုပ်၊ မန္တလေး တက္ကသိုလ်) နဲ့ သုတေသန စာတမ်းပြုစုသူ ဝူကျင်းချိန် (ထိုင်ဝမ်) အမေရိကန်တို့ရဲ့ အကျယ်တဝံ့ ရေးသား ဖော်ပြ ထားတာကို မြကျောက် ဆရာတော် ဘုရားကြီး မေတ္တာ တရားစဉ် စာအုပ်မှာ ဖတ်လို့ရပါတယ်။

ရန်ကင်းတောင်ပေါ် အတက်လမ်း
ရန်ကင်းတောင်တော်သမိုင်း
အမြင့်ပေ (၇၀၇)ပေ ရှိတဲ့ ရန်ကင်းတောင်တော်ဟာ တစ်ခြား တောင်ကျောတွေနဲ့ ဆက်စပ်မှုမရှိပဲ တစ်တောင်တည်း သီးခြားတည်ရှိတဲ့ တောင်တစ်တောင် ဖြစ်ပါတယ်။ ငါးရံ့မင်း ရုပ်တုတော် ကိန်းဝပ်ရာ တောင်တော်ဖြစ်တာကြောင့် ငါးရံ့မင်းတောင်၊ ရန်ကင်းတောင်လို့ အမည်ထူးနှစ်ရပ် တွဲစပ်ခေါ်ဝေါ် လာခဲ့ခြင်း ဖြစ်တယ်လို့ ဆိုထားပါတယ်။ ငါ့ရံ့မင်းတောင် ဖြစ်ပေါ်လာရခြင်နဲ့ ဆက်စပ်နေတဲ့ မင်းရှင်စော အကြောင်းလည်း တစ်စိတ် တစ်ဒေသတော့ သိသင့်ပါတယ်။ ပုဂံပြည့်ရှင် အလောင်းစည်သူ မင်းကြီးရဲ့ သားတော်ကြီး မင်းရှင်စောဟာ ခမည်းတော်မင်းကြီးရဲ့ အမျက်တော်ရှခြင်းကို ခံရပြီး နောက်တော် ဗိုလ်ပါ တစ်သိန်းနဲ့ သက္ကရာဇာ် (၅၁၃)ခုနှစ်မှာ မန္တလေးမြို့ရဲ့ အရှေ့တောင်ဘက် ထွန်တုံးပူတက် အရပ်မှာ မြို့တည်ပြီးနေရပါတယ်။

တရံခါသော် ပူတက်မြို့ ဝန်းကျင်တွင် သုံးနှစ်တိုင်တိုင် မိုးခေါင်ရေရှားပြီး မင်းရှင်စော လေးနှစ်ကြာ ဆည်ဖို့တော် မူထားတဲ့ ‘အောင်ပင်လယ်’ ကန်အတွင်း ရေဝင်ရောက်မှု နည်းပါးတဲ့အတွက် စိုက်ပျိုးရေ ပြတ်လတ်ကာ သီးနှံပင်များ မအောင်မြင် ပျက်စီးရပြီး လူအများ စားရေရိက္ခာ မလုံလောက်ကာ ရာသီဥတု ပူပြင်းဒဏ်ကို ခံစားရခြင်းနဲ့ ကြုံတွေ့ရပါတယ်။ မင်းရှင်စောလည်း ဆရာတော် သံဃာတော်များကို ပင့်ဖိတ် လျှောက်ထား တိုင်ပင်ရာ ဘုရားရှင် နုစဉ်ကာလ ငါးရံ့မင်း ဖြစ်စဉ်တွင် ဆွေတော် မျိုးတော် ငါးလိပ် အစရှိသော တိရစ္ဆာန် အပေါင်း ဆင်းရဲဒုက္ခ ကြုံတွေ့ကြရာ မစ္ဆရာဇသုတ်ကို ရွတ်ဖတ်ပူဇော်၍ သစ္စာပြုခဲ့ရာ မိုးများ ရွာသွန်းကြောင်း ဘုရားရှင် ကိုယ်တော်တိုင် အတိတ် ဇာတ်ကြောင်းကို ထုတ်ဖော်ဟောကြားတော် မူခဲ့ကြောင်းနှင့် ရှေးအခါ ယခုကဲ့သို့ မိုးခေါင်လျှင် မဏ္ဍပ်ကနား ကြီးစွာ ထိုးလျက် ငါးရံ့မင်းရုပ်ကို ပြုလုပ်ပြီး မစ္ဆရာဇသုတ်ကို ရွတ်ဖတ် ပူဇော်ပါက မိုးရွာနိုင်ကြောင်း မိန့်တော်မူကြရာ မင်းရှင်စောလည်း ဆရာတော် သံဃာတော်များ မိန့်တော် မူသည့်အတိုင်း ငါးမင်းရုပ်ကို တူစွာ ထုလုပ်၍ မဏ္ဍပ်အလယ်၌ တင့်တယ်စွာထားရှိကာ သဲဖြူခင်း ရာဇမတ်ကာ၍ ငှက်ပျောပင်ရှင်၊ ကြံပင်ရှင်များ ထိုးစေလျက် ရေချမ်းအိုးများ တည်ထားပြီးလျှင် သံဃာတော်များအား မစ္ဆရာဇသုတ် ငါးရံ့မင်းပရိတ်ကို ရွတ်ဖတ် သရဇ္ဈာယ်တော်မူစေရာ မိုးများ သည်းထန်စွာ ရွာသွန်းခဲ့သည်။

 ရန်ကင်းတောင်တော်ပေါ်မှ ရပ်တော်မူ
 တောင်တော်ပေါ်မှ သမင်လေးများ

ရန်ကင်းတောင်တော်ပေါ်မှ ကြာပန်းများ

ငါးရံ့မင်းရုပ်ပုံတော်ကို ရန်ကင်းတောင်ပေါ်တွင် ပင့်ဆောင်ကိန်းဝပ်တော်မူစေခြင်း
မိုးများရွာသွန်းရာ မင်းရှင်စောလည်း ဝမ်းမြောက်လှသဖြင့် ဆရာတော် သံဃာတော်များအား မပြတ် ရွတ်ဖတ် ပူဇော်စေရာ မိုးသည်လိုအပ်သည်ထက် ပိုမိုရွာသွန်းခဲ့သဖြင့် ဆည်များ ကျိုးပေါက်ခြင်း ဖြစ်ပေါ် လာသဖြင့် စိုက်ပျိုးသီးနှံများ ပျက်စီးခြင်း သစ်တောသစ်ရိပ်များ ဖြစ်ပေါ်လာ၍ ချုံနွယ် ပိတ်ပေါင်းများ ထူပြော လာသည့်အတွက် လူအများ ဖျားနာ သေပျောက်မှု များခဲ့ကြပြီး ရောဂန္တရကပ်များ ကျရောက်လာသဖြင့် ဆရာတော် သံဃာတော်များအား လျှောက်ထား တိုင်ပင်ကြရာ ငါးရံ့မင်း ရုပ်တုတော်အား မြို့နှင့် ဝေးကွာသော နေရာသို့ ပင့်ဆောင် ကိန်းဝပ် သင့်ကြောင်း မိန့်ကြားတော် မူကြသည်။ မင်းရှင်စော နှစ်သက်တော်မူ၍ ငါးရံ့မင်း ရုပ်တုတော်ကို ဆင်တော် တုတ်ခဲနှင့် တင်ပြီး အောင်ပင်လယ် ကန်ဦးထိပ်ရှိ ဤတောင်တော်သို့ ပို့ဆောင် ကိန်းဝပ်တော်မူစေမှ ပူတက်မြို့တွင် (၉၆)ပါး ရောဂါဝေဒနာများ ကင်းဝေးခဲ့ပြီး ရာသီဥတုများ မှန်ကန်၍ ပြန်လည် စည်ပင်ဝပြောလေသည်။

ဂေါတမ မြတ်စွာဘုရားသခင် အလောင်းတော်ဘဝ နုစဉ်ကာလ ပါရမီတော်များ ဖြည့်ကျင့်တော်မူစဉ် တံငါသည်၏ ကွန်ချက်အတွင်း သက်ဆင်းခဲ့ရပြီး တံငါသည်မှ ငါးမင်းခန္ဓာကိုယ်အား ဓားဖြင့်မွှန်း၍ ဆား သိပ်နယ်ခြင်းကို နာကျင် ခံခက်လှသော ဝေဒနာကို ခံစားရပြီး တောင်ကမူတစ်ခုပေါ်တွင် နေလှမ်း၍ အခြောက် ခံထားစဉ် ခုန်ချ ထွက်ပြေး ကူးခတ်လာရပြီး အဆိုပါ တောင်တော်ရောက်မှ ဘေးရန်များ ကင်းဝေးခဲ့သဖြင့် ရန်ကင်းတောင်ဟု အမည်တွင်ခဲ့ပါသည်။ အလောင်းတော် ငါးမင်းဖြစ်စဉ်မှ ဓားဖြင့်မွှန်းသော နေရာအနီး တောင်ငယ်ကို ဓားမွှန်းတောင်၊ ငါးမင်းခုန်ချခဲ့သော တောင်ကမူကို ငါးခုန်ချ၊ ယခုအခါ ဝသုန္ဒရ၊ ခန္ဓာကိုယ်မှ ဆားများခါချသော တောင်ကို ဆားခါတောင်အဖြစ် ယနေ့တိုင် တည်ရှိပါသည်။ အလောင်းမဟာ ငါးရာဇာသည် ထိုမှ အန္တရာယ် ကင်းရာသို့ မှန်း၍ ကူးခတ် ပြေးခဲ့ရသော တောင်ကို ထိုစဉ်က မှန်းပြေးတောင်ဟု တွင်ခဲ့ပြီး ယခုအခါ မန္တလေးတောင်ဟု ထင်ရှားစွာ ဖြစ်ပေါ်လာခဲ့ပါသည်။ တဖန် မန္တလေးတောင် နေရာတွင် ရေနဂါးများ ရန်မကင်းနိုင်သေးသဖြင့် အရှေ့ဆီသို့ ရေပြင်ကို ကန့်လန့်ဖြတ်၍ ကူးခတ်လာပြန်ရာ ရေနဂါးများရန်မှ ပုန်းလျှင်လုံမည်ဟု ယူဆ၍ ခေတ္တ ပုန်းအောင်း ခဲ့ရသော တောင်ငယ်ကို တောင်ပုန်းလုံဟု ယနေ့တိုင် ခေါ်တွင်လျက် ရှိပါသည်။




ငါးရံ့မင်း ရုပ်တုရှိရာသို့ သွားရာ အဆင်းလမ်း



ငါးရံ့မင်းရုပ်တု



ငါးရံ့မင်းရုပ်တုမှ တောင်တော်ပေါ်သို့ ပြန်သော အတက်လမ်း
 တောင်ပေါ်မှ စေတီတော်
 ရန်ကင်းတောင်ပေါ်မှ စိတ်ကြည်နူးဖွယ်ရာ ရှုခင်းများ





တောင်ပေါ်မှမြင်ရတဲ့ အတုလမဟာ မြကျောက် စေတီတော်




အချိန်တန် အိမ်ပြန်လမ်း

မျက်စိဆိုတာ မြွေပမာ မှန်စွာ အရှုတ်ကြိုက်
နားဆိုတာ မိကျောင်းပမာ မှန်စွာ အအေးကြိုက်
နှာခေါင်းဆိုတာ သစ်ဆိပ်ပမာ လွန်စွာ အမွှေးကြိုက်
လျှာဆိုတာ အိမ်ခွေးပမာ လွန်စွာ အပုပ်ကြိုက်
ကိုယ်ဆိုတာ တောခွေးပမာ လွန်စွာ သုဿန်ကြိုက်
စိတ်ဆိုတာ မျောက်ပမာ လွန်စွာ တောကိုကြိုက်

(မြကျောက် ဆရာတော် ဘုရားကြီးထံကနေ ရခဲ့တဲ့ မေတ္တာတရားစဉ်နဲ့ မောင်ရန်ရှင်း ရေးသား ထုတ်လုပ်တဲ့ ရန်ကင်းတောင်တော် သမိုင်း စာအုပ်မှ ကောက်နှုတ် ရေးသားခြင်းဖြစ်ပါတယ်)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz