x

18.11.12

မင်္ဂလာနေ့ရက်များအတွက် အမှတ်တရ


၁၇-၁၁-၁၂ရက်နေ့ မနက်၁၀နာရီမှာ ကျမရဲ့အဒေါ် အငယ်ဆုံးနဲ့ ဦးလေးတို့ရဲ့ မင်္ဂလာသက်တမ်း အနှစ်(၄၀)ပြည့် အထိမ်းအမှတ် အနေနဲ့ ပဒေသာပင်မြို့တော် အတွင်းမှာရှိတဲ့ ချမ်းမြေ့သာသနာ့ ရိပ်သာကျောင်းမှာ သီတင်းသုံး နေထိုင်တော်မူတဲ့ သံဃာတော် အရှင်သူမြတ် ငါးပါးတို့ကို ဦးလေး+အဒေါ်ငယ် တို့ရဲ့နေအိမ်သို့ ပင့်ဖိတ်ပြီးနေ့ဆွမ်း ကပ်လှူ ကောင်းမှုကုသိုလ် မင်္ဂလာ ပြုလုပ်ခဲ့ကြပါတယ်။ ဆွေမျိုးများ အားလုံးလည်း ကိုယ်စီ ကိုယ်ငှ အုတ်တစ်ချပ် သဲတစ်ပွင့် သဒ္ဓါ တတ်အားသ၍ ပါဝင် လှူဒါန်းခဲ့ကြပါတယ်။ ကျမမှာအံသွား နာနေတဲ့ကြားက အဒေါ်ငယ်တို့ရဲ့ အိမ်ကို အရောက် သွားခဲ့တာကြောင့် အတူတကွ တရားနာခွင့် ရခဲ့ပါတယ်။ မသွားလို့လည်း မဖြစ်ဘူးလေ ဆွေမျိုး သားချင်းတွေထဲက တစ်ဦးဦး အလှူလုပ်ပြီ ဆိုရင်ဖြင့် နောင်ဖြစ်လာ လတ္တံ့သော ဘဝတွေမှာ လက်တွဲညီညီ ကောင်းကျိုးအပေါ် ကောင်းကျိုးဆင့်ကာ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ အဖြစ် လက်တွဲ ပြုတ် မကျန်ရစ်ခဲ့လေအောင် ရောက်မလာသေးတဲ့သူကို နှိုးဆော်တိုက်တွန်း ခေါ်ယူလေ့ ရှိကြတာကြောင့် သံဃာတော်များ မရောက်မှီ ဆွေမျိုး အသိုင်းအဝန်းများ စုံစုံလင်လင် ရောက်နေကြစမြဲပါ။ ဆရာတော် ဟောကြားတော်မူတဲ့ သံသရာတစ်လျှောက် ပဌာန်းဆက်ကြောင့် တော်စပ်နေကြရတဲ့ ဆွေမျိုး မိသားစုများအကြောင်းကို တရားနာခွင့်ရခဲ့ပါတယ်။ ဒါန သီလ စာဂ ပညာ အစရှိတာတွေနဲ့ ပြီးပြည့်စုံ ပျော်မွေ့ပြီး ယခုဘဝမှာ အခုလို ဆွေမျိုးများ သိုက်သိုက်ဝန်းဝန်း ဆုံဆည်းကာ အတူတကွ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချခြင်း ကောင်းမှုကုသိုလ် မင်္ဂလာယူခြင်းဟာ ယခုတစ်ဘဝအတွက်သာ မဟုတ်ပဲ နောင်သံသရာ ဘဝပေါင်းများစွာမှာလည်း အခုလို ဆွေမျိုးများအဖြစ် တော်စပ်နေကြရမည့် တရားတော်ကို ဗုဒ္ဓရှင်တော် ဒီပင်္ကရာ မြတ်စွာဘုရား လက်ထက်က သုမေဓာရသေ့နဲ့ သုမိတ္တာတို့ရဲ့ အဖြစ်အပျက်တစ်ခု ပုံပမာနဲ့ ခိုင်းနှိုင်းပြီး အကျယ်တဝင့် ဟောကြားခဲ့ပါတယ်။

ပဒေသာပင် ချမ်းမြေ့သာသာနာ့ရိပ်သာကျောင်းမှ သံဃာတော်အရှင်သူမြတ်များ

တရားနာစဉ်

 လှူတန်းဘွယ်ရာအစုစုအား လှူတန်း

 ရေစက်သွန်းချ အမျှပေးဝေ

ဒန်ပေါက်ဆွမ်း ကပ်လှူ



 အချိုပွဲ ကပ်လှူ




နှစ်ပေါင်း-၄၀ပြည့် မင်္ဂလာနှစ်ပတ်လည် ရက်မြတ်မှ နောင်နှစ်ပေါင်းများစွာတိုင်
ကိုယ်စိတ်နှစ်ပါး အေးချမ်းစွာဖြင့် သာသနာအကျိုးပြုနိုင်ပါစေ လေးကျော်+လေးရီ
ထူးမြတ်တဲ့ မင်္ဂလာနှစ်ပတ်လည်နဲ့ ဆက်နွယ်ပြီး လွန်ခဲ့တဲ့ နိုဝင်ဘာလ ၂-ရက်နေ့က ကျရောက်ခဲ့တဲ့ ကျမတို့ရဲ့ အနှစ်-၃၀ နှစ်ပတ်လည်မှာ ‘အရှင်ဝိမလဝံသ’က ကျမရဲ့ ကွန်မန့်ဘောက်စ်လေးမှာ ရေးခဲ့တဲ့ အမှတ်တရ ဆောင်းပါးလေးကို စာဖတ်သူတို့ သိစေချင်တဲ့ စေတနာရယ် နောက်တစ်ချက်ကတော့ မနက်ဖြန် နိုဝင်ဘာလ ၁၉ရက်နေ့မှာ ကျရောက်မဲ့ ‘အဖြူရောင်နတ်သမီး’ရဲ့ မွေးနေ့မင်္ဂလာ ရက်မြတ်လေးကိုပါ သတိတရ ရှိတာမို့ ဦးဇင်းရဲ့ ဆောင်းပါးလေးကို ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။

“မွေးနေ့ဆုတောင်း သတိပေး ဆောင်းပါးလေးပါ။ ချစ်သူတိုင်း ဇနီးမောင်နှံတိုင်း လူသားတိုင်းမှာ အမည်မတူတဲ့ နှစ်ပတ်လည် နေ့လေးတွေဆိုတာ ရှိကြသလို နတ်သား နတ်သမီးနှင့်တူသော လင်မယား အဖြစ် ပေါင်းသင်းနိုင်ပါစေ လောကမှာ အမျိုးသားနဲ့ အမျိုးသမီး လက်ထက်ထိမ်းမြားကြတဲ့အခါ ဘဝတစ်လျှောက် ခရီှးရှည်ကြီး သွားရတဲ့အခါ အချင်းချင်း အတွဲညီဖို့လိုပါတယ်။ ယခုဘဝမှာလည်း စိတ်ချမ်းသာစွာ ပေါင်းသင်းဆက်ဆံလိုတယ်။ နောင်ဘဝ တစ်လျှောက်မှာလည်း ပေါင်းသင်းဆက်ဆံလိုတယ်။ သံသရာ တစ်လျှောက် ဘဝများစွာ ပေါင်းသင်း ဆက်ဆံပြီး အဆုံးဘဝထိ လက်တွဲပြီး နိဗ္ဗာန် စံဝင်ချင်တယ် ဆိုတဲ့ ဇနီးမောင်နှံများ အတွက် အောက်ပါ အချက်လေးများကို ဂရုတစိုက် အလေးနက်ထားဖို့ လိုပါတယ်။ အိမ်ထောင်ရေးမှာ အတွဲအားဖြင့် လေးတွဲရှိပါတယ်။ အဲဒါက ဘာတွေလဲလို့ဆိုတော့-
၁။ လူသေယောင်္ကျားနှင့် လူသေမိန်းမအတွဲ ဆိုလိုတာက ယောင်္ကျားဖြစ်သူကသီလမရှိဘူး၊ ကိုယ်ကျင့်တရား မကောင်းဘူး၊ သဒ္ဓါတရားမရှိသလို မိန်းမဖြစ်သူကလည်း သီလမရှိ၊ ကိုယ်ကျင့်တရား မကောင်း၊ သဒ္ဓါတရားမရှိတဲ့ ဇနီးမောင်နှံ အတွဲကို လူသေယောင်္ကျားနှင့် လူသေမိန်းမ အတွဲလို့ ဆိုလိုတာပါ။

၂။ နတ်သမီးမိန်းမနှင့် လူသေယောင်္ကျားအတွဲ
မိန်းမကသီလရှိတယ်။ ကိုယ်ကျင့်တရားကောင်းတယ်။ သဒ္ဓါတရားကောင်းတယ်။ သမာဓိရှိတယ်။ ပညာရှိ တယ်။ ဒါပေမယ့် ယောင်္ကျားဖြစ်သူက သီလမရှိဘူး၊ ကိုယ်ကျင့်တရား မကောင်းဘူး၊ သဒ္ဓါတရား မွဲတယ်။ သမာဓိမရှိဘူး၊ ပညာဆိုတာလည်းမရှိဘူးဆိုရင် နတ်သမီးမိန်းမနှင့် လူသေ ယောင်္ကျားအတွဲ ဖြစ်ပါတယ်။ အတွဲမညီပါဘူး။ ပထမအတွဲကလည်း မကောင်းတဲ့အတွဲဖြစ်ပါတယ်။

၃။ နတ်သားယောင်္ကျားနှင့် လူသေမိန်းမအတွဲ
ယောင်္ကျားဘက်က ကောင်းတယ်။ သီလရှိတယ်။ ကိုယ်ကျင့်တရားကောင်းတယ်။ သဒ္ဓါတရားကောင်းတယ်။ သမာဓိ ကောင်းတယ်။ ပညာရှိတယ်။ ဒါကိုနတ်သားနဲ့တူတယ်လို့ ဆိုတာပါ။ မိန်းမလုပ်သူက သီလမရှိဘူး၊ ကိုယ်ကျင့်တရား မကောင်းဘူး။ သမာဓိမရှိဘူး၊ ပညာမဲ့တယ်။ ဒီလိုအတွဲမျိုးကလည်း အတွဲမညီပြန်ပါဘူး။ ဒီအတွဲကို ယောင်္ကျားဘက်က ကောင်းပြီးမိန်းမဘက်က မကောင်းလို့ နတ်သားယောင်္ကျားနှင့် လူသေမိန်းမ အတွဲလို့ဆိုတာပါ။

၎။ နတ်သားယောင်္ကျားနှင့် နတ်သမီးမိန်းမ
ဒီအတွဲကတော့ အကောင်းဆုံးအတွဲပဲ။ ယောင်္ကျားကလည်း သီလရှိတယ်။ ကိုယ်ကျင့်တရား ကောင်းတယ်။ သမာဓိရှိတယ်။ ပညာရှိတယ်။ သဒ္ဓါတရားရှိသလို၊ မိန်းမဖြစ်သူကလည်း သီလရှိတယ်။ ကိုယ်ကျင့်တရား ကောင်း တယ်။ သမာဓိရှိတယ်။ ပညာရှိတယ်။ သဒ္ဓါတရားရှိတယ်။ အလွန်ကောင်းမွန်ပြီး လူတိုင်းလူတိုင်း စံနမူနာ ယူပြီးလိုက်နာ ကျင့်သုံးအပ်တဲ့ အတွဲဖြစ်ပါတယ်။ အတွဲညီညီနဲ့ ကောင်းတဲ့သူ အချင်းချင်း၊ သူတော်ကောင်း အဖြစ်ဖြင့် ကောင်းတဲ့အကျင့်တွေကို ကျင့်ပြီးတော့ မေတ္တာ၊ ကရုဏာတွေ နားလည်မှုတွေ ထားပြီး ပေါင်းသင်းမယ်ဆိုရင် အိမ်ထောင်ရေးဟာ မသာယာဖွယ် မရှိပါဘူး။ သာယာမှာပါ။

ဒါနဲ့ပတ်သတ်ပြီး မှတ်သားလိုက်နာထိုက်တဲ့ ဝတ္ထုကြောင်းတစ်ခုကို ပြောချင်ပါတယ်။ မြတ်စွာဘုရား ဘဂ္ဂတိုင်း သံသုမာရဂိရိ ဆိုတဲ့မြို့မှာ သီးတင်းသုံးတော် မူနေတဲ့အခါ အဲဒီမြို့မှာ မြတ်စွာဘုရားရှင်ကို သားအရင်းကဲ့သို့ ချစ်မြတ်နိုးကြတဲ့ နကုလပိတာနဲ့ နကုလမာတာဆိုတဲ့ ဒကာကြီး ဒကာမကြီးဆိုတာ ရှိပါတယ်။ မြတ်စွာဘုရားကို ပထမဆုံး တွေ့ဆုံချိန်မှာပင် သောတာပန်များ ဖြစ်ခဲ့တာပါ။ မြတ်စွာဘုရားရှင်နှင့် ဘဝများစွာ အမျိုးတော်စပ်ခဲ့တာ၊ ဘဝများစွာ အတူနေခဲ့ကြရသောကြောင့် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနဲ့ အလွန်ပင် အကျွမ်းဝင်သောကြောင့် အကျွမ်းဝင်တဲ့နေရာမှာ ဧတဒဂ်အရာဖြင့် မြှောက်စားခံရတဲ့ ဒကာကြီးနဲ့ဒကာမကြီး ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် မြို့ထဲကို ဆွမ်းခံကြွတော့ ထိုဒကာကြီး ဒကာမကြီး အိမ်ကိုလည်း ကြွပါတယ်။ ခင်းထားတဲ့ နေရာမြတ်မှာ မြတ်စွာဘုရားရှင် ထိုင်တော်မူနေတုန်း ဒကာကြီးနဲ့ ဒကာမကြီးက ရိုသေစွာရှိခိုးပါတယ်။ အဲဒီအခါမှာ နကုလပိတာဆိုတဲ့ ဒကာကြီးက လျှောက်ထားတယ်။ မြတ်စွာဘုရားရှင် တပည့်တော်မှာ ဟောဒီ နကုလမာတာ ဒကာမကြီးကို ငယ်ငယ်ရွယ်ရွယ်တည်းက ထိမ်းမြားပြီး ပေါင်းသင်းခဲ့တာ ဖြစ်ပါတယ်ဘုရား။ တပည့်တော်ဟာ နကုလမာတာကို ထိမ်းမြားသောအခါမှ စ၍ အခြား သူတစ်ယောက်ကို ကိုယ်ထိလက်ရောက် မဆိုထားဘိ၊ စိတ်နှင့်မျှ မပြစ်မှားမိပါ။ နကုလမာတာကို ယခုဘဝမှာလည်းအမြဲ ကြည့်နေချင် ပေါင်းသင်းလိုပြီး သံသရာမှာလဲ အတူတူ ပေါင်းသင်း လိုပါတယ်ဘုရား။ ထိုစကားကိုနကုလမာတာ ကြားလျှင် အားကျမခံ သူ့စိတ်ရင်းကို လျှောက်သည်မှာ တပည့်မသည်လည်း ငယ်စဉ်အခါကပင် နကုလပိတာ၏ အိမ်သို့ လိုက်ပါခဲ့ရပါသည်။ ထိုအခါမှစ၍ အခြားသူကို စိတ်မျှ မကူးမိပါ။ နကုလပိတာကို ယခုဘဝမှာလည်း အမြဲ ကြည့်နေချင် သံသရာမှာလည်း အမြဲတွေ့မြင်လိုပါသည်။

ထိုခင်ပွန်း ဇနီးနှစ်ဦးတို့ရဲ့ စကားကို ဘုရားရှင်က ပြန်လည် မိန့်တော်မူတာက ယခုဘဝမှာ စိတ်တူသဘောတူ ကြည်ဖြူ ကြသော ဇနီးခင်ပွန်းတို့သည် နောက်နောင်ဘဝ၌ မကွဲမကွာ ဖြစ်လိုကြလျှင် တစ်ယောက်နှင့် တစ်ယောက် သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတို့ အရာရာ တူစေကြရမည်။ သဒ္ဓါဆိုတာ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ခြင်း၊ကံနှင့် ကံ၏အကျိုးကို သက်ဝင် ယုံကြည်ခြင်း၊ မိဘဆရာသမားများ၏ ဂုဏ်များကို သက်ဝင် ယုံကြည်ကြပြီး ကျေးဇူးသိတတ်စွာ ဆပ်ရခြင်းစတဲ့ သဒ္ဓါတရားနှင့် ပြည့်စုံစေရမှာပါ။ ဒီသဒ္ဓါတရားကအင်မတန်မှ ဂရုပြုရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ရတနာသုံးပါးဆိုတာ ဗုဒ္ဓဘာသာမှာပဲရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် အိမ်ထောင် ပြုတော့မယ်ဆိုရင် ဘာသူတူ လူမျိုးတူ အချင်းချင်းပဲ ဖြစ်သင့်ပါတယ်။ မိမိက ဘာသာတရား ကိုင်းရှိုင်းပြီး ရတနာသုံးနဲ့ မိဘ၊ ဆရာသမားများကို ကြည်ညို လေးစားသော်လည်း မိမိနဲ့ ပေါင်းသင်းနေထိုင်သူက ဘာသာခြား ဖြစ်နေမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်သလို သာယာဖြောင့်ဖြူးခြင်းလည်း ရှိမှာမဟုတ်ဘူး။ ဒါကြောင့် အိမ်ထောင်ပြုမယ်ဆိုရင် သဒ္ဓါတရားချင်း တူသူချင်းသာ ပြုသင့်ပါတယ်။ ဘာသာတူသူနဲ့သာ ပြုသင့်ပါတယ်။ ဒါကဦးဇင်းတို့ပြောတဲ့စကား မဟုတ်ပဲ မြတ်စွာဘုရား တရားတော်အရ အသိပေးခြင်း ဖြစ်ပါတယ်။ နောက်သီလပါ။ ဒါလည်းအရေးကြီးပြန်တယ်။ မိမိကသီလရှိပြီးမိမိနဲ့ ပေါင်းသင်းနေထိုင်သူက သီလ ကင်းမဲ့နေမယ်ဆိုရင် မဖြစ်ပြန်ဘူး။ အိမ်သားက သီလလုံခြုံပြီး အိမ်သူက ကာမေသုမိစ္ဆာစာရ စတဲ့ သီလတွေ ဖောက်ပြားနေမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါ။ ဒါကြောင့် အိမ်ရှင်က သီလရှိသလို အိမ်သူကလည်း သီလရှိရမှာ ဖြစ်ပါတယ်။ စာဂ ကျပြန်တော့လည်း တူရဦးမှာပါ။ စာဂဆိုတာ လှူဒါန်းခြင်း ပေးကမ်းခြင်းကို ဆိုလိုတာပါ။ တစ်ယောက်က လှူဒါန်းမှုပြုလျှင် တစ်ယောက်က ကြည်ဖြူရပါမယ်။ မပိတ်ပင်ရဘူး၊ မတားမြစ်ရဘူး၊ မကြည်မဖြူ မဖြစ်ရဘူး၊ “မယ်ကလှူမူ မောင်ကြည်ဖြူ မောင်ကလှူဒါန်း မယ်ရွှင်လန်း” ဖြစ်ရမှာပါ။ နောက်ဆုံးတစ်ချက်က ပညာပါ။ ပညာချင်းတူရမှာပါ။ လောကီပညာမှ စ၍ အရာရာ စဉ်းစားချင့်ချိန် ဆုံးဖြတ်နိုင်တဲ့ပညာ နောက်ဆုံးဝိပဿနာ ပညာထိ တူကြရမှာဖြစ်ပါတယ်။ ထိုလေးချက်နဲ့ ယောင်္ကျားနှင့် မိန်းမ တူညီမည်ဆိုလျှင် ယခုဘဝမှာလည်း မခွဲမခွာ သာသာယာယာ ပေါင်းသင်းရမည် ဖြစ်သလို၊ နောင်ဘဝ အဆက်ဆက်မှာလည်း အတူတူ ပေါင်းသင်းရမည် ဖြစ်တယ်လို့ မြတ်စွာဘုရားက ဟောတော်မူပါတယ်။ ဒီဒေသနာတော်ကို သတိထား ဂရုစိုက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ယခုဘဝမှာလည်း နတ်သားနတ်သမီးနဲ့ တူတဲ့ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြပြီး ဘဝတစ်လျှောက်လုံး ပေါင်းသင်း နေထိုင်ချင်တယ် ဆိုရင် ယုံကြည်မှု(သဒ္ဓါ)၊ ကိုယ်၊နှုတ်နှစ်ပါး လုံခြုံစောင့်ထိန်းမှု(သီလ)၊ ပေးကမ်း လှူဒါန်းခြင်း(စာဂ)နဲ့ အကောင်းအဆိုးကို ခွဲခြမ်း စိတ်ဖြာနိုင်တဲ့(ပညာ) ဒီလေးပါးကို လက်ကိုင်ထားနိုင်ပါစေဟု ဆုတောင်းမှု ပြုလိုက်ရပါသည်။

အသက်ထက်ဆုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် သာသနာပြု အမျိုးကောင်းသား အမျိုးကောင်းသမီး ဖြစ်ကြပါစေ။
‘အရှင်ဝိမလဝံသ’ ပေးပို့တဲ့ ကျမတို့ရဲ့ အနှစ်သုံးဆယ်ပြည့် မင်္ဂလာ ရက်မြတ်အတွက် ဓမ္မလက်ဆောင်ဖြစ်ပါတယ်။”

မနက်ဖြန် ကျရောက်လာမည့် ‘အဖြူရောင်နတ်သမီး’ရဲ့မွေးနေ့အတွက် အမှတ်တရ ဆုတောင်း-
၁။ ဒါန သီလ ဘာဝနာ တရား၌ အားကြီးယုံကြည်သော စိတ်ဖြင့် အစိုးရခြင်း
၂။ ပကတိ ဝီရိယမဟုတ်၊ ဘာဝနာ ဝီရိယဖြင့် စိတ်ကို အစိုးရခြင်း
၃။ ပကတိ သတိမဟုတ်၊ ဘာဝနာ သတိဖြင့် စိတ်ကို အစိုးရခြင်း
၎။ ပကတိ သမာဓိမဟုတ်၊ ဘာဝနာ သမာဓိဖြင့် စိတ်ကို အစိုးရခြင်း
၅။ ပကတိ ပညာမဟုတ်၊ ဘာဝနာ ပညာဖြင့် စိတ်ကို အစိုးရခြင်းတို့နဲ့ ပြီးပြည့်အောင် ကျင့်ကြံပွားများ အားထုတ်နိုင်ပါစေ။

မွေးနေ့မင်္ဂလာရက်မြတ်လေးပါ အဖြူရောင်နတ်သမီးရေ
မွေးနေ့မင်္ဂလာ နှစ်ပတ်လည်မင်္ဂလာနဲ့ ခေါင်းစဉ်ကွဲလွဲသမျှသော မင်္ဂလာနေ့ရက်ပေါင်း များစွာကို ဖြတ်သန်းခွင့်ရသူ လောကီ လူသားအားလုံး စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz