x

29.11.12

သင့်ရဲ့ နောက်ဆုံးနေ့ရက်များ


ဒီကနေ့တော့ ဘလော့တွေလည်ပြီး စာဖတ်ရုံသက်သက်မို့ ကွန်မန့်တွေမပေးဖြစ်ခဲ့သေးဘူး။ လွန်ခဲ့တဲ့တစ်ပတ်က လက်တော့ပ်က Hard disk ပျက်သွားတဲ့အတွက် ဘလော့တွေမလည်နိုင်ခဲ့သလို ဘလော့အိမ်တွေနဲ့ အဆက်အသွယ် ပြတ်ခဲ့ရတယ်။ Hard disk အသစ်လဲလိုက်လို့ လက်တော့ပ်လေး ပြန်သုံးလို့ရသွားတယ် ဆိုပေမယ့်လည်း အရင်က သိမ်းဆည်းထားခဲ့တဲ့ ဓာတ်ပုံတွေ အမှတ်တရ စာစုတွေနဲ့ စာရင်းဇယားတွေ အားလုံး ပျောက်သွားတာကြောင့် လောလောဆယ် နည်းနည်းတိုင်ပတ်နေပါတယ်း) ဘလော့ဂါတွေဆီက ရထားတဲ့ အမှတ်တရ စာစုလေးတွေကိုတော့ အီးမေးလ်တွေနဲ့ ဘလော့တွေမှာ ပြန်ရှာပြီး စုဆောင်းလို့ ရပေမယ့် စာရင်းဇယားတွေကို ပြန်လည် စုစည်းနိုင်ဘို့ရာ ခေါင်းခဲအောင် ဦးနှောက်ကို အလုပ်ပေးနေရပါတယ်။ အလုပ်လုပ်ရင်း စိတ်ပြေလက်ပျောက် ဖဘဝင်ပြီး မနက်စာ အဆာပြေလေးတင်လိုက် ဘလော့အိမ်လေးတွေ အလှည့်ကျ လည်ဖတ်လိုက်နဲ့ စိတ်ကိုပြေရာပြေကြောင်း ဖြေရင်း ပျောက်ဆုံးသွားတဲ့ စာရင်းဟောင်းတွေ ရသလောက် တွေးတော ကြံဆရင်း စုဆောင်းနေခဲ့ရပါတယ်း)

ကင်မရာထဲမှာ ကျန်တဲ့ဓာတ်ပုံလေးတွေကို ကြည့်ရင်း ပို့စ်လေးတစ်ပုဒ်တင်ဘို့ အတွေးဝင်လာတဲ့ တခဏမှာ ကျမရဲ့မူလ ရည်ရွယ်တဲ့ အတွေးပြောင်းသွားပြန်တယ်။ ‘ပန်းကမ္ဘာဦးဇင်း’ ရဲ့ဘလော့ကို ဖတ်မိတဲ့အချိန်မှာ ကျမရဲ့စိတ်မှာ ဆရာတော် ဦးနန္ဒမာလာဘိဝံသရဲ့ ယနေ့ကမ္ဘာကြီး၏ နောက်ဆုံးနေ့များ တရားတော်ကို စာဖတ်သူတို့ သိပြီးသူ မသိသေးသူတို့ကို လက်တွဲခေါ်ချင်တဲ့ စိတ်အရင်းခံစေတနာလေး ပေါ်လာခဲ့တာပါ။ သင်္ခါရသဘောတရားကို အခြေခံပြီး ဟောကြားခဲ့ခြင်း ဖြစ်သလို 'အရာရာဟာ မမြဲတဲ့ သဘောတရား ဆိုတာကို နှလုံးသွင်းထားဘို့ လိုပါတယ်။ ပုထုဇဉ် လူသားတို့ဟာ မဆုံးနိုင်တဲ့ သံသရာကို ညည်းဝေ့နေခြင်းမှ ရှောင်ရှားသင့်ပြီး ညည်းငွေ့ခြင်း အစစ်အမှန်ကို လက်ခံသင့်ပါတယ်' ညည်းရင်း ညည်းရင်းနဲ့ သံသရာမှာ ဝေ့နေတာကို ဆိုလိုခြင်းဖြစ်တယ်လို့ ဆရာတော်က ဟောပါတယ်။ တကယ်တာ့ သင်္ခါရအပေါ် တွယ်တာနေခြင်းကြောင့် ဖြစ်ပါတယ်။ မိမိရဲ့ သားသမီး ပစ္စည်းဥစ္စာနဲ့ ပတ်ဝန်းကျင်အပေါ် ခုံမင်တွယ်တာနေတဲ့ အရာမှန်သမျှဟာ သင်္ခါရအပေါ် တွယ်တာနေခြင်းဖြစ်ပါတယ်။ တွယ်တာရင်းက လွှတ်လိုက်ရတဲ့ အရာမှန်သမျှဟာ စိတ်သောကတွေ ရင်တွင်းမဆန့်အောင် ခံစားရတဲ့အတွက် မျက်ရည်ပေါက် ကြီးငယ်ကျရင်း စိတ်ဖြေရခြင်းကြောင့် စိတ်ပင်ပန်းကြရပါတယ်။ ဘဝပေါင်းများစွာ ကြုံရဆုံရတဲ့ ဒီသောကတွေရဲ့ မူလတရားခံ ဖြတ်ရန်ခက်တဲ့ အတွယ်အတာကြောင့်ပါ။ သဘာဝတရားကို ရှင်းရှင်းလင်းလင်းသိရင် တွယ်တာမှုကို စွန့်လွှတ်လိုက်နိုင်မှသာ ချမ်းသာသုခရမှာ ဧကန်မလွဲပါ။

ဥပမာ ကိုယ်မပိုင်တဲ့ မျက်စိ။ မပိုင်တဲ့ အတွက်လည်း အမြဲမကြည်လင်နိုင်သလို ခံစားချက်ဝေဒနာလည်း ကိုယ်ပိုင်မဟုတ်ပါ။ 'ဘဝဆက်တိုင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေ' ရယ်လို့ တောင်းဆုလေးတွေ ခြွေပေးနေကြတာဟာ အမှန်တော့ ဝေဒနာတွေ ပေးခြင်းသာဖြစ်ပါတယ်။ မလွတ်နိုင်တဲ့ သံသရာမှာ ဆက်ပြီး လည်နေဘို့သာ ဆုတောင်းပေးနေခြင်းပါ။ ကျမရဲ့ ကိုယ်ပိုင်အတွေးလေး ဝင်လာလို့ ချရေးမိခြင်း သက်သက်ပါ။ နောက်တစ်ချက်က တရားနာရာမှာ နာရုံသက်သက်နဲ့ အကျိုးထူးလာမှာ မဟုတ်သလို ရှောင်ရန် ဆောင်ရန်တွေကို အသိတရားနဲ့ ယှဉ်ပြီးလိုက်နာ မှတ်သားသင့်ပါတယ်။ ဗုဒ္ဓမြတ်စွာရဲ့ ဟောကြားတော်မူတဲ့ တရားတိုင်းမှာလည်း ဆောင်ရန် ရှောင်ရန် ဒီနှစ်ချက် အဓိကထား ဟောလေ့ရှိပါတယ်။ ဥပမာ ဝစီဒုစရိုက်ရှောင်ပြီး ဝစီသုစရိုက်ဆောင်ရမည်။ ကိုယ်ကျင့်တရား မကောင်းက စိတ်တည်ငြိမ်မှုမရနိုင်။ စိတ်နှလုံး ငြိမ်းချမ်းမှ ကိုယ်ကျင့်တရားကောင်းမွန်ပြီး စိတ်တည်ငြိမ်မှုရမှာပါ။ မှန်ကန်တဲ့အမြင် မှန်ကန်တဲ့အတွေးလည်း ရနိုင်မှာပါ။ အတွေးမှန်မှ အမြင်မှန်မည်။ သီလကိုအခြေခံက မှန်ကန်တဲ့ ကြိုးစားမှုရရှိကာ (လောဘ ဒေါသ မောဟ)များ ဝင်မလာအောင် ပိတ်ပင် တားဆီးခြင်းမျိုး ပြုလုပ်နိုင်မှာပါ မကောင်းမှုများ မဝင်အောင် ပုထုဇဉ်လူသားတို့ဟာ လောကုတ္တရာအတွက် အရေးပါလှတဲ့ ဒီအချက်ကို မေ့လျော့နေတတ်ကြပါတယ်။

ဗုဒ္ဓဘာသာ တရားတော်ကို ယုံကြည်သက်ဝင်သူတိုင်း ကံ ကံရဲ့အကျိုးကို လက်ခံမှာဖြစ်သလို ဒါန သီလ ဘာဝနာ သမထ ဝိပဿနာကို ကိုယ်တိုင် လေ့လာဆည်းပူး ကျင့်ကြံပွားများ အားထုတ်ခြင်းမျိုးကို အချိန်ရရ မရရ ခုံမင်ကြမှာပါ။ အတိတ်ကံ အကြောင်းတရားပေါ်မူတည်ပြီး လက်ရှိခံစားနေရတဲ့ အကျိုးတရားများကို မနှစ်သက်သည်ဖြစ်စေ နှစ်သက်သည်ဖြစ်စေ လက်ခံရမှာပါ။ ဆန္ဒနဲ့ဘဝ ထပ်တူကျစေဘို့ ကျမတို့တစ်တွေ ကြိုးပမ်း အားထုတ်နေရဆဲ ဖြစ်သလို သံသရာမှာလည်နေသမျှ မပြီးဆုံးသော ခရီးလမ်းကြီးကို မနားတမ်း ဆက်လက်လျှောက်လှမ်းနေကြရမှာ ဓမ္မတာပါ။ ရင်ထဲမှာ ပြောချင်တဲ့ စကားလုံးတွေကတော့ အများကြီးပါ။ ဖတ်ရတဲ့သူတွေကို အဆီအငေါ်မတည့်တဲ့ အရေးအသားလေးတွေကြောင့် အားနာလို့ တရားနာလိုတဲ့သူတွေ ဆရာတော်ရဲ့ တရားတော်ကို နာလို့ရအောင် လင့်ခ်လေးပေးခဲ့မယ်။ အသံဖိုင်လေးကတော့ ‘ဒီမှာပါ’

ကြုံတုန်းလေး လပြည့်နေ့ မနက်က ပဒေသာပင်မြို့တော်ထဲမှာ စုပေါင်း ကထိန်သင်္ကန်း ကပ်လှူပွဲလေးတစ်ခု စည်စည်ကားကားလေး လုပ်ဖြစ်သွားတယ်။ အဲဒီအလှူမှာ ရေစက်ချအပြီး ချမ်းမြေ့ပဒေသာပင် ရိပ်သာကျောင်းက ကျောင်းထိုင် ဆရာတော်က တစ်နှစ်မှာ တစ်လအတွင်း တစ်ကျောင်းကို တစ်ကြိမ်သာ လုပ်ခွင့်ရှိတဲ့ ကထိန်သင်္ကန်း ကပ်လှူရတဲ့ လောကီ အကျိုးတရားများနဲ့ ပတ်သက်ပြီး အကျိုးငါးပါးကို ရရှိနိုင်တဲ့ တရားလေး ဟောကြားခဲ့ပါတယ်။
၁။ အပိတ်အပင်အတားအဆီးမရှိ ဘေးအန္တရာယ်ကင်းစွာ သွားလာနိုင်တယ်။
၂။ တာဝန်ကျသမျှ အလုပ်တွေ လုပ်နေရပေမယ့် လွတ်လပ်ပေါ့ပါးတယ်။
၃။ ပစ္စည်းဥစ္စာများ ရန်သူမျိုးငါးပါးမှ ကင်းလွတ်တယ်။
၎။ မိမိကမပေးပဲ တစ်ပါးသူက မယူနိုင်။
၅။ စားသောအစာမှန်သမျှ အဆိပ်မသင့်လို့ ဆိုမြိန့်ခဲ့တယ်။

စုပေါင်းကထိန်လျာ ကပ်လှူပူဇော်ပွဲကို စာဖတ်သူအပေါင်း သာဓု အနုမောဓနာ ခေါ်ဆိုနိုင်စေဘို့ ပြန်လည် မျှဝေပေးလိုက်တယ်နော်။ အလှူတော်ငွေ စုစုပေါင်း ကျပ်ငွေ ၉,၈၀၈,၃၀၅ (ကိုးဆယ့်ရှစ်သိန်း ရှစ်ထောင် သုံးရာငါးကျပ်တိတိ) ကိုလက်ခံရရှိခဲ့ပြီး သံဃာတော် ၅၄ပါးကြွရောက်ခဲ့ပါတယ်။































ပို့စ်လေးတင်ဘို့ ဓာတ်ပုံတွေ Upload လုပ်တော့ limit ကျော်နေလို့လက်မခံဘူးတဲ့ ရွာလည်သွားပြန်ရော။ ဖဘမှာ ဘော်ဒါတို့ဆီ အကူအညီတောင်းရင်း ပြန်စမ်းသပ်ရင်းနဲ့ အချိန်တွေ ကုန်လွန်သွားပြန်တယ်။ အခက်အခဲ ရှိပြီဆိုတာနဲ့ ဝိုင်းဝန်းကူညီကြတဲ့ ဘော်ဒါတို့ကို ရင်ထဲကနေ ကြည်နူးစွာနဲ့ ကျေးဇူးတင်မိတယ်။  တရားသဘောအရ တွေးမိပြန်တော့လည်း ချက်ခြင်းလက်ငင်း လက်တွေ့ပြနေတာပါလား အရာရာဟာ သူ့သဘောသူဆောင်နေတယ် ဆိုတာပေါ့ ကျမရဲ့ နောက်ဆုံးနေ့ရက်များ စာဖတ်သူတို့ရဲ့ နောက်ဆုံးရက်များ ကြိုမပြောနိုင် ခန့်မှန်းလို့ မရနိုင်တာမို့ အဆင်သင့် အနေအထားမှာတော့ ရှိနေကြသင့်တာပေါ့နော်း)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်
ကွန်မန့်လေးရေးချင်တယ်ဆိုရင် စာအုပ်လေးကို တစ်ချက်နှိပ်လိုက်ပါနော်။

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz