x

12.12.12

ကြာလေးမျိုးနှင့် ပုဂ္ဂိုလ်လေးပါး


ကျမတို့ အားလုံး နေ့စဉ်နဲ့အမျှ မိမိနဲ့သက်ဆိုင်တဲ့ ဖြစ်ပျက်မှုတွေ အပေါ်မှာ မူတည်ပြီး ပျော်ရွှင် ကြည်နူးမှု ဝမ်းနည်း ကြေကွဲမှုတွေကို ခံစားနေကြရတာ ရှောင်လွှဲလို့မရတဲ့ အကြောင်းကံတရားပါ။ မထူးခြားတဲ့ ခေါင်းစဉ်တွေရဲ့ အောက်မှာ မရပ်မနား ရှေ့ကိုတိုးရင်း ကိုယ့်ခရီးကိုယ် နှင်နေတဲ့ ရက်စွဲလေးတွေထဲက ထူးခြားတဲ့ ၁၂.၁၂.၁၂ ရက်စွဲလေးကို အသုံးချပြီး ဘလော့ရေးသူ ဘလော့ဂါတွေကို ပို့စ်တစ်ပုဒ်ဆီတင်ကြဘို့ တဂ်ခဲ့ပါတယ်။ မအားမလပ်တဲ့ အလုပ်တွေကြားကနေ ပို့စ်လေးတွေ ရအောင် ရေးတင်ခဲ့တဲ့ ဘလော့ဂါများကိုလည်း ကျေးဇူးတင်ပါတယ်။ ဘလော့ဂါများနဲ့ စာဖတ်သူတို့အတွက် ကျမရဲ့ အမှတ်တရ ပို့စ်လေးကတော့-

ကြာလေးမျိုးနှင့် ပုဂ္ဂိုလ်လေးပါး
မြတ်စွာဘုရားက ဗုဒ္ဓစက္ခုဖြင့် သတ္တလောကကို ကြည့်ရှုတော့ သတ္တဝါ အဆင့်အတန်း အမျိုးမျိုး မြင်တော်မူသတဲ့။ ကြာမျိုးစုံ ပေါက်ရောက်နေတဲ့ ရေကန်ကြီးထဲက ကြာအမျိုးမျိုးတွေလို သတ္တ၀ါတွေကို ရှင်တော်ဘုရားက မြင်တော်မူတယ်။






 တစ်ချို့ ကြာဟာ ရေမျက်နှာပြင်ပေါ်မှ ထွက်လျက် ရေနှင့်လွတ်ကာ တည်နေတယ်။ အဲဒီကြာမျိုးက နေထွက်ပြူလာပြီး အလင်းရောင်ရတာနဲ့ တစ်ပြိုင်နက် ပွင့်မယ့်ကြာတွေတဲ့။ အဲဒီ နေ့ချင်းပွင့်တဲ့ ကြာမျိုးလိုပဲ သတ္တဝါ အချို့ဟာ သစ္စာလေးပါး တရားတော်ကို အကျဉ်းဟောလိုက်ရုံနှင့် တရားသိမြင် ကျွတ်တမ်းဝင်ကြမယ့် ပုဂ္ဂိုလ်တွေတဲ့။

နောက် ပုဂ္ဂိုလ်များကတော့ ရေမျက်နှာပြင်ပေါ် ထွက်ပေါ် မလာသေးဘဲ ရေမျက်နှာပြင်နှင့် အညီ တည်နေကြတဲ့ ကြာပင်မျိုးနှင့်တူသတဲ့။ ဒီကြာမျိုးကတော့ အဲဒီနေ့မှာ မပွင့်ဘဲ နောက်တစ်နေ့မှ ရေမျက်နှာပြင်ပေါ် တက်လာပြီး ပွင့်မှာတဲ့။ အဲဒီကြာမျိုးနှင့် တူတဲ့ သတ္တ၀ါတွေဟာ တရားအကျဉ်းကို နာကြားရရုံနှင့် ကျွတ်တမ်း မဝင်နိုင်ကြသေးဘူးတဲ့။ တရားတော်ကို အကျယ်ချဲ့ပြီး ဟောကြားမှ သစ္စာလေးပါး တရားကို သိမြင်ပြီး ကျွတ်တမ်းဝင်ကြသတဲ့။

တတိယကြာမျိုးက ရေမျက်နှာပြင် အနီးအပါး မရောက်လာသေးဘဲ ရေနက်အတွင်းမှာပဲ ရှိနေသေးတဲ့ ကြာမျိုးတဲ့။ တတိယနေ့မှာ ရေပေါ် ရောက်လာမလား၊ နောက်နေ့ နောက်နေ့များမှ ပေါ်ထွက်လာမလားလို့ မသိနိုင်ဘူးတဲ့။ အဲ့ဒီကြာမျိုးလိုပဲ အချို့သတ္တဝါများဟာ တရားတော်ကို မသိမြင်နိုင်ကြသေးဘူး။ ကလျာဏ မိတ်ဆွေလို့ခေါ်တဲ့ သူတော်ကောင်းများကို မှီဝဲဆည်းကပ် ဘာဝနာ တရားများကို အဖန်ဖန် နှလုံးသွင်းလေ့လာ ပွားများပြီး နောက်ရက် နောက်လ နောက်နှစ် စသည်အချိန်ကြာမှ သစ္စာလေးပါးတရား သိမြင် ကျွတ်တမ်းဝင်နိုင်ကြမတဲ့။

နောက်ဆုံး စတုတ္ထ ကြာမျိုးကတော့ ကြာပင်က ကျုံလှီသေးကွေးလို့ ရွှံ့နွံထဲမှ ရေထဲကို ရောက်အောင် တိုးပေါက် ထွက်မလာနိုင်ဘူးတဲ့။ ရေအောက်ထဲကနေ ရေပေါ် အရောက်လာနိုင်ဖို့ ဝေးရော။ ဒါကြောင့် ရေကန်အောက် ရွှံ့မြေထဲမှာပဲ ငါးလိပ်တို့ အစားအစာဖြစ်ပြီး ကြေပြုန်းသွားကြသတဲ့။ အဲဒီကြာမျိုးနှင့် တူတဲ့ သတ္တ၀ါ အချို့ဟာ ဒီဘဝမှာ တရားတော်ကို ဘယ်လောက် နာယူလေ့လာ ပွားများသော်လည်း မဂ်ဖိုလ်ကို မရနိုင်သေးပါဘူးတဲ့။ နောက်နောက် ဘဝများမှာ တရားအထုံ ၀ါသနာပါရုံ အကျိုးမျှသာ ရနိုင်သတဲ့။

တရားတော်ကို အကျဉ်းနည်း၊ အကျယ်နည်းနှင့် နာကြားရုံနှင့် မဂ်ဖိုလ်ပေါက်တဲ့ ပထမ အမျိုးနှင့် ဒုတိယအမျိုးမှ သတ္တ၀ါများလို ပုဂ္ဂိုလ်မျိုးကတော့ ယခုခေတ် အခြေအနေမျိုးမှာ တွေ့နိုင်မယ် မထင်ပါဘူး။ တတိယနှင့် စတုတ္ထ အမျိုးအစားမှာသာ ပါဝင်ကြမှာပါ။ ဘာပဲဖြစ်ဖြစ် တရားနာ တရားကျင့် တရားပွား ကြိုးပမ်းထားတာဟာ အကျိုးမယုတ်ပါဘူး၊ ဒီဘဝ တစ်မဂ် တစ်ဖိုလ် မခံစားရရင်တောင် နောက်ဘဝများအတွက် အထုံပါရမီ အသေအချာ ဖြစ်နိုင်တယ်လို့ သဘောပေါက်ရမှာဖြစ်ပါတယ်။

၁၂.၁၂.၁၂ရက်နေ့ နေ့လည်၁၂နာရီ၁၂မိနစ်၁၂စက္ကန့်မှာ တင်လိုက်တဲ့ အမှတ်တရ ပို့စ်လေးတစ်ပုဒ် ဖြစ်ပါတယ်း) သဗ္ဗေသတ္တာဝေနေယျာ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

(ဇေယျာအောင်ရဲ့ မဟာဗုဒ္ဓ၀င် အကျဉ်းချုပ်မှ ကောက်နှုတ်ခြင်းဖြစ်ပါတယ်)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz