x

17.12.12

ဒီဇင်ဘာလ မွေးနေ့ရှင်များအတွက်


ဒီဇင်ဘာလမှာ မွေးနေ့ရှင် ဆွေမျိုး မိတ်ဆွေ သင်္ဂဟတွေက များတာမို့ အမှတ်တရ ရေးပေးပါဆိုသူတို့ကို စုပေါင်းပြီး အားလုံးအတွက် ရေးပေးလိုက်တယ်နော်။

ဒီဇင်ဘာ ၁၄ရက်နေ့မှာ ကျရောက်ခဲ့တဲ့ Black Roze (ပစ်ပစ်)
ဒီဇင်ဘာ ၁၇ရက်နေ့မှာ ကျရောက်တဲ့ လွမ်းနေခွင့် (သက်တန့်ချို) နဲ့ တတိယ ညီမ Rose (Roxyta Ann)
ဒီဇင်ဘာ ၁၈ရက်နေ့မှာ ကျရောက်မဲ့ တူမတော် Tina Thura (တင်နှင်း) နဲ့ ညီမ ရှင်မိုး
ဒီဇင်ဘာ ၁၉ရက်နေ့မှာ ကျရောက်မဲ့ ပျိုးယုဝသန်နဲ့ တူမလေး Veronica Ann
ဒီဇင်ဘာ ၂၆ရက်နေ့မှာ ကျရောက်မဲ့ သားငယ် (ထက်ထက်)Htet Win Lwin
ဒီဇင်ဘာ ၂၈ရက်နေ့မှာ ကျရောက်မဲ့ စံပယ်ချို (ဂျက်)တို့ရဲ့ မွေးနေ့လေးတွေအတွက် အမှတ်တရပါ။

အားလုံး ပျော်ရွှင်ဖွယ် မွေးနေ့မင်္ဂလာရက်မြတ်လေးများ ဖြစ်ကြပါစေလို့ ပဏာမ တောင်းဆုလေး ချွေမိပါရဲ့။ ဒီပို့စ်လေးကို မွေးနေ့ရက်လွန်သွားမှ ရေးရတာရယ် မွေးနေ့ကို မရောက်သေးပဲ ရေးရတာရယ် အဲဒီအတွက်ကိုတော့ မွေးနေ့ရှင်များ အားလုံး နားလည် ခွင့်လွှတ် ကျေနပ်ပေးကြပါလို့ ကြိုတင်ပြောပါရစေး)
ဒီပို့စ်လေးကိုရေးနေတုန်း ရေဒီယိုကနေ 'ဘယ်ပန်းချီရေးလို့မမှီ' သီချင်းလေးကို ကြားနေရတယ်။ ကျမကို လူသားတစ်ယောက်အဖြစ် လူ့လောကကြီးထဲမှာ ရပ်တည်ခွင့်ပေးခဲ့တဲ့ မွေး ကျေးဇူးရှင် မိဘနှစ်ပါးကို ဖျပ်ကနဲ သတိရခြင်း များစွာနဲ့အတူ ဆွေးဆွေးမြေ့မြေ့ ခံစားချက်လေးကို တစ်ခဏအတွင်း ခံစားလိုက်မိတယ်။ နှစ်ပေါင်းများစွာ မိဘနှစ်ပါးနဲ့ နေထိုင်ခွင့်ရှိတယ်ဆိုတာ တော်ရုံတန်ရုံ ကုသိုလ်မျိုး မဟုတ်သလို နေခွင့်ရတာကို တန်ဘိုးထားပြီး မမေ့ဘို့အရေးကြီးပါတယ်။ အများအားဖြင့် လက်ထဲမှာ ပိုင်ဆိုင်ခွင့် ရထားတဲ့ အရာမှန်သမျှကို တန်ဘိုးထားရမှန်း မသိပဲ အမှတ်တမဲ့ဖြစ်နေတတ်တာ လူ့သဘောသဘာဝပါ။ မွေးနေ့ရှင်များနဲ့ စာဖတ်သူများ အားလုံး မိမိပတ်ဝန်းကျင်မှာ ရှိရှိသမျှ အရာမှန်သမျှကို တန်ဘိုးထားနိုင်ကြပါစေ။

မွေးနေ့လက်ဆောင်ကတော့-
အိုသည့်တိုင်အောင် ကောင်းသောတရား ၄-ပါး
၁။ ကိုယ်ကျင့်သီလသည် အိုသည့်တိုင်အောင် ကောင်း၏။
၂။ ယုံကြည်မှု သဒ္ဓါတရား မိမိသန္တာန်၌ တည်လျှင် အိုသည့်တိုင်အောင် ကောင်း၏။
၃။ ပညာသည် လူတို့၏ ရတနာဖြစ်၍ အိုသည့်တိုင်အောင် ကောင်း၏။
၎။ ကုသိုလ်ကောင်းမှုကို ခိုးသူတို့သည် မခိုးယူနိုင်သည်ဖြစ်၍ အိုသည့်တိုင်အောင် ကောင်း၏။

ညီညီမျှမျှ တစ်ယောက်တစ်ခု လုမစားနဲ့နော်း)


နောက်နှစ်ရက်လောက်ကစပြီး လကုန်အထိ ညီမအငယ်ဆုံးနဲ့ သူ့သမီးလေးနှစ်ယောက် မြန်မာပြည် အလည်လာတုန်း ကျမအတွက် အွန်လိုင်းပေါ် အချိန်မပေးနိုင်ခဲ့ရင် မွေးနေ့ရက်လေးတွေ နှုတ်ဆက်ခွင့် မကြုံလိုက်မှာ စိုးရိမ်မိတာမို့ အခုလို အကောင်အထည်ဖော် ရေးသားလိုက်ရခြင်းပါ။ မနက်တိုင်းတော့ အဆာပြေမနက်စာလေးတွေ တင်နိုင်အောင် ကျိုးစားပေးပါ့မယ်း) မွေးနေ့ရှင် ၉-ယောက်ဆိုတော့ ကိုးနဝင်းကြေတာပေါ့နော် :P ။ မရမက နဝင်းလိုက်တာ မဟုတ်ပဲ တိုက်ဆိုင်မှုသက်သက်ပါ။ ဖြစ်ရပ်မှန် ကိုယ်တွေ့ဇာတ်လမ်းလေးတစ်ပုဒ် စိတ်ထဲပေါ်လာတာမို့ အိပ်ယာကနေ လူးလဲပြန်ထလာပြီး စာရေးစာပွဲ ခုံပေါ်ရောက်လာခဲ့တယ်။ ခေါင်းစဉ်ကိုလည်း စိတ်ထဲမှာ ပေါ်လာတဲ့အတိုင်း ချက်ခြင်းချရေးလိုက်ပါတယ်။ (မွေးနေ့ရှင်လေးတွေနဲ့ စာဖတ်သူတို့အတွက် ဆောင်းပါးလေး တစ်ပုဒ် အပိုလက်ဆောင်ပေါ့) ကာယကံရှင် ညီမလေးရဲ့ ခွင့်ပြုချက်ရလို့ တင်ပေးလိုက်ပြီနော်။

ကံကြမ္မာလေလား ဝဋ်ကြွေးလေလား

'ဒုန်း'
လေပြင်းတိုက်ခတ်လိုက်လို့ အခန်းတံခါးကြီး အရှိန်အဟုန်နဲ့ ပိတ်သွားခြင်းမဟုတ်ပါ။ မိခင်ဖြစ်သူရဲ့ စိတ်လိုက် မာန်ပါ ဒေါသကြောင့် အိပ်ခန်းတံခါးကို တွန်းပိတ်လိုက်ခြင်း ဖြစ်သလို တံခါးကို အမှတ်မထင် ကိုင်ထားတဲ့ ညီမရို့စ်ရဲ့ လက်ချောင်းလေးတွေကို ရုတ်တရက် ရုပ်သိမ်းလိုက်တဲ့ကြားက လက်သူကြွယ် လက်ချောင်းရဲ့ အဆစ်တစ်ဆစ် အရှိန်ပြင်းတဲ့ တံခါးကြားမှာ ပြတ်တောက်ကျန်ခဲ့တာမို့-
'အား'
ရို့စ်ရဲ့ ငယ်သံပါပါ အော်သံအဆုံး ကျမလည်း ထမင်းစားခန်းထဲကနေ အပြေးကလေး အိပ်ခန်းဝ အနားကို ရောက်ခဲ့တယ်။ ကျမနဲ့အတူ ဖခင်ဖြစ်သူလည်း ကျမနောက်ကနေ ထပ်ခြပ်မကွာပါလာလေရဲ့။
'ဘာဖြစ်တာလဲ' အလန့်တကြား ကျမကမေးလိုက်တော့ ရို့စ်က သူ့ရဲ့ ညာဘက် လက်ချောင်းလေးတွေကို ဘယ်ဘက်လက်နဲ့ အုပ်ထားရင်းက ငိုသံပါပါနဲ့-
'မတင့် ရို့စ်လက်ချောင်း ရို့စ်လက်ချောင်း' ဆိုပြီး စကားကို မဆက်နိုင်အောင် ငိုရှိုက်သံများ အကြားမှာ တိမ်ဝင်နေပါတော့တယ်။ ကျမလည်း ပြတ်သွားတဲ့ လက်သူကြွယ် အဆစ်တစ်ဆစ်ကို ချက်ခြင်းဆိုသလို  ကြမ်းပြင်ပေါ်ကနေ ရှာဖွေကောက်ယူလိုက်ပြီး ကျမရဲ့ ညာဘက်လက်ထဲမှာ ဖွဖွလေးဆုပ်ကိုင်ကာ ဖခင်ဘက်ကို လှည့်ကာ-
'ဒယ်ဒီ ရို့စ်ကို ဆေးရုံခေါ်သွားမှဖြစ်မယ် ပြတ်တဲ့ လက်ချောင်းလေး ပြန်ဆက်ဘို့ အရေးကြီးတယ်' လို့ ပြောလည်းပြော ညီမလေးကိုလည်း ဆွဲခေါ်ကာ အောက်ထပ်ကို ပြေးဆင်းခဲ့ပြီး ဖခင်မောင်းတဲ့ ကားနဲ့ မင်္ဂလာဒုံ ဆေးရုံကြီးဆီကို ထွက်ခွာခဲ့ကြတယ်။

တစ်လမ်းလုံး နာကျင်မှု ထိတ်လန့် အားငယ်မှုတွေကြောင့် တစ်ချက် တစ်ချက် ရှိုက်သံထွက်လာတဲ့ ရို့စ်ကို အားပေး နှစ်သိမ့်နေရပေမယ့် ကျမကိုယ်တိုင်ကလည်း ဒီလက်အဆစ်လေး ပြန်ဆက်လို့များ မရခဲ့ရင်တော့ ဆိုတဲ့ အတွေးဆိုးဟာ တစ်လမ်းလုံး နှိပ်စက်နေပါတယ်။ မကြာခနဆိုသလို မျက်လုံးအစုံကလည်း အသွေးအရောင် ဖျော့တော့တော့ ဖြစ်နေတဲ့ လက်အဆစ်လေးကို ကြည့်ကြည့်နေမိတယ်။ ဒီလိုနဲ့ မိနစ် ၄၀အကြာလောက်မှာ မင်္ဂလာဒုံ ဆေးရုံကြီးကို ရောက်လာပါတော့တယ်။ သားအဖ သုံးယောက်သား အရေးပေါ် အခန်းကို အပြေးအလွှားသွားကာ တာဝန်ကျ ဆရာဝန်က ခွဲစိတ်ခန်းထဲကို ခေါ်ဆောင်သွားပြီး စစ်ဆေးမှုများပြုလုပ်ကာ-
'အရိုးကြေသွားတဲ့အတွက် ဒီအဆစ်က ပြန်ဆက်လို့မရတော့ပါဘူး' ဆိုတဲ့ ဆရာဝန်ရဲ့ စကားအဆုံးမှာ ရို့စ် တစ်ယောက်ကတော့ ဝမ်းနည်းစွာနဲ့ ချုန်းပွဲချ ငိုနေပါတော့တယ်။ မျှော်လင့်ချက် အလင်းရောင်လေး ပျောက်ကွယ် မှေးမှိန်ပြီး အမှောင်အတိ ဖုန်းလွှမ်းသွားတဲ့ ခံစားမှုကို ကျမ ရင်မှာပိုက်ရင်း အိမ်ပြန်လာရာ လမ်းခရီးတစ်လျှောက်လုံးမှာ ရို့စ်ကို အမျိုးမျိုး အားပေး ချော့မော့ နှစ်သိမ့် လာခဲ့ရပါတယ်။

ဒေါသရဲ့ ဆိုးကျိုးဟာ မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်းမှာ အခိုင်အမာ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းလေးတစ်ခုကို ဖျက်ဆီးလိုက်နိုင်တဲ့ စွမ်းအားရှိပါတယ်။ 'လူ့တို့ရဲ့ အားနည်းချက်အပေါ် အခွင့်အရေးယူပြီး အချိန်မရွေး ထိုးဖောက်ဝင်လာနိုင်တဲ့ ဒေါသ၊ ရလေလိုလေ တင်းတိမ်မှု အဆုံးမသတ်နိုင်တဲ့ လောဘ၊ အတွေးအခေါ်ကို တိမ်စေပြီး မရေမရာ ဝေခွဲမှု မပီပြင်တဲ့ မောဟဆိုတဲ့ ရန်သူသုံးပါးတို့ဟာ မပြောင်းမလဲ ခိုင်ခိုင်မာမာ ရပ်တည်နေပြီး သံသရာတစ်လျှောက်လုံး လည်ပတ်နေတဲ့ လူသားတို့အတွက် ဒုက္ခပေးဘို့ နည်းမျိုးစုံနဲ့ ကြိုးပမ်း အားထုတ်နေကြတာမို့ သတိထားရမဲ့ ရန်သူ သုံးယောက်ပါ။ အဲဒီကတဆင့် အတိတ်ကံရဲ့ အကြောင်း အကျိုး ဆက်စပ်မှုတို့ရဲ့ တဒင်္ဂ ဖြစ်ပျက်မှုလေးဟာ ကံကြမ္မာလေလား ဝဋ်ကြွေးလေလားလို့ ကျမ တွေးတောနေချိန်မှာ အတွေးချင်းမတူတဲ့ ညီမလေးကတော့ 'ဘုရားသခင်ရဲ့ အလိုတော်အရ' လို့တွေးနေမယ် ထင်ပါတယ်။

ဆောင်းပါးလေးဖတ်ပြီး စိတ်ညစ်ညူးသွားရင် ကြာပန်းလေးနဲ့ စိတ်ဖြေလိုက်ပါနော်း)

ဗုဒ္ဓမြတ်စွာဘုရား ဖြည့်ဆည်းခဲ့ရတဲ့ ပါရမီတော် ၁၀-ပါးကို သိစေချင်တဲ့အတွက် မျှဝေလိုက်ပါတယ်။

၁။ ဒါနပါရမီ = ပစ္စည်းဥစ္စာ၊ ခန္ဓာနှင်အသက်၊ သားသမီး၊ ဇနီးမယားတို့ကို စွန့်လွှတ် လှူဒါန်းနိုင်ခြင်း။
၂။ သီလပါရမီ = ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး၊ ကိုးပါးသီလများနှင့် သီလများ စောင့်ထိန်းနိုင်ခြင်း၊ ကိုယ်ကျင့် တရား ကောင်းမွန်အောင် စောင့်ထိန်းခြင်း။
၃။ နေက္ခမ္မပါရမီ = ကာမဂုဏ်ကို စွန့်လွှတ်ကာ ရသေ့ရဟန်းပြု၍ တောထွက်နိုင်ခြင်း၊ တော်ထွက်၍ တရား ရှာမှီးခြင်း။
၎။ ပညာပါရမီ = လောကီ လောကုတ္တရာ ပညာကို သင်ယူသင်ပြနိုင်ခြင်း၊ ဉာဏ်ပညာဖြင့် ပြည့်စုံခြင်း။
၅။ ဝီရိယပါရမီ = မိမိနှင့် သတ္တ၀ါများ အကျိုးအတွက် ကြိုးစားအားထုတ် ထကြွလုံ့လ စိုက်ထုတ်ခြင်း။
၆။ ခန္တီပါရမီ = ဒေါသမရှိ စိတ်ပျက်အားငယ်ခြင်းမရှိ အလျှော့ပေး သည်းခံနိုင်ခြင်း။
၇။ သစ္စာပါရမီ = မုသားမရှိ မှန်ကန်ဖြောင့်မတ်စွာ လုပ်ကိုင်ခြင်း။
၈။ မေတ္တာပါရမီ = သတ္တဝါများကို မိမိနှင့် ထပ်တူချစ်ခင်စိတ် ထားရှိ၍ ကောင်းအောင် ပြုလုပ်နိုင်ခြင်း။
၉။ အဓိဌာန်ပါရမီ = ဆုံးဖြတ်ချက် အဓိဌာန် ထားသည့်အတိုင်း အောင်မြင်အောင် ပြုလုပ်နိုင်ခြင်း။
၁၀။ ဥပေက္ခာပါရမီ = သတ္တ၀ါတို့အား ဘက်မလိုက်ဘဲ တည့်မတ်စွာ သဘောထားနိုင်ခြင်း။ အကောင်းအဆိုး ဟူသမျှကို လျစ်လျူရှုနိုင်ခြင်း။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz