x

26.12.12

ပြောင်းလဲနေသော နေ့ရက်များ


၁၉.၁၂.၁၂ရက် (ဗုဒ္ဓဟူးနေ့)မနက် ညီမလေးနဲ့ တူမလေးနှစ်ယောက်ကို လေယာဉ်ကွင်းမှာ သွားကြိုပြီး ဘုရင့်နောင်တံတားကို နောက်ထပ်တစ်ကြိမ် မဖြတ်ချင်တာမို့ ညီမလေးသွားချင်တဲ့ နေရာတွေအားလုံးကို လိုက်ပို့ပေးခဲ့တာကြောင့် အိမ်ပြန်ရောက်တော့ ည၇နာရီကျော် ၀န်းကျင်လောက် ဖြစ်နေပြီ။ ဘုရင့်နောင် ကုန်းကျော်တံတား ဆောက်လုပ်နေတဲ့ အခုလို ကာလမှာ နေ့စဉ်ယာဉ်ကြော ပိတ်ဆို့မှုဟာ တစ်ခါတစ်ရံ အတော်လေး ကြန့်ကြာပါတယ်။ မနက်ကလည်း ကြာမယ်ထင်လို့ စောစောလေးထွက်မိခါမှ ယာဉ်ကြောက တွေးထင်ထားသလောက် ပိတ်ဆို့မှု မရှိတာကြောင့် လေယာဉ်ကွင်းမှာ အချိန် တစ်နာရီကျော်လောက် စောလို့ ထိုင်စောင့်နေခဲ့ရတယ်း) ထုံးစံအတိုင်း အချိန်အားလပ်မှုလေး ရပြီဆိုတာနဲ့ လွတ်သွားတဲ့ ပို့စ်လေးတွေကိုဖတ်ဘို့ စိတ်ကရောက်သွားပြီး အွန်လိုင်းတက်ခဲ့တယ်။ မျက်လုံးထဲက သဲဝင်သလိုခိုးလို့ခုလု ခံစားရတာကြောင့် ပို့စ်ကိုဖတ်လက်စ တစ်ပုဒ်လောက်ပဲ ဖတ်ပြီး မျက်လုံးကို အနားပေးခဲ့တယ်။ တစ်ညအိပ်ပြီး နောက်တစ်နေ့ မနက်မိုးလင်းတော့ မျက်လုံးက ပိုအောင့်လာတာကြောင့် တစ်လမ်းထဲနေ အဒေါ်ရဲ့အိမ်ကို မျက်စဉ်းဆေးရည် လှမ်းတောင်းပြီး မျက်စဉ်းခတ်ခဲ့တယ်။ မျက်လုံးကအောင့် တဲ့ကြားက ခါးကနာလာပြန်တယ်း) မနက်တစ်ကြိမ် ညတစ်ကြိမ် မှန်မှန်ခတ်ရင်း တစ်နေ့ထက်တစ်နေ့ မျက်လုံးက ပြန်ကောင်းလာပြီး သုံးရက်မှာတော့ ပကတိအတိုင်း မျက်လုံးပြန်ကြည်လာပါတယ်။ အွန်လိုင်းပေါ်ကနေ တစ်မျိုး တယ်လီဖုန်းနဲ့ တစ်ဖုံ အိမ်တိုင်ရာရောက် အလည်လာပြီး ဆွေမျိုး မိတ်ဆွေသင်္ဂဟတို့ရဲ့ အားပေးမှု ဆုတောင်းမှုလေးတွေရဲ့ အစွမ်း ထက်မှုကြောင့် ၅ရက်ကျော်တဲ့အခါ အွန်လိုင်းပေါ် ပြန်ရောက်လာခဲ့တယ်။ အားလုံးသော ဆွေမျိုး မိတ်သင်္ဂဟတို့ကို ကျေးဇူးတင်ပါတယ်။ အွန်လိုင်းကို ရက်အနည်းအငယ် ဖြတ်ခဲ့ရတာမို့ မွေးနေ့တွေမှာ နှုတ်ဆက်ခွင့် မရလိုက်တဲ့ မွေးနေ့ပိုင်ရှင်တွေ အတွက် Happy Belated Birthday ပါနော် :P

၂၂.၁၂.၁၂ (စနေနေ့)မှာတော့ မျက်စိအောင့်တာ သက်သာလာတာကြောင့် နော်ဝေးက ဘက်စုံ လှူနေကျ အလှူရှင်မလေး မမြကြေးမုံရဲ့ ခရစ္စမတ်မတိုင်ခင် ပြုလုပ်ချင်တဲ့ အလှူလေးတစ်ခု ထမြောက်သွားအောင် စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။ မနက်စောစော အဒေါ်ငယ်ကိုခေါ်ပြီး လှည်းတန်းဈေးကို သွားရောက်ဈေးဝယ်ခဲ့ပါတယ်။ မုန့်အမျိုးမျိုး ခေါက်ဆွဲခြောက် နို့ဘူး တို့ဝယ်ခြမ်းပြီးချိန်မှာ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာယ သာသနာပြု အသင်းကို သွားရောက် လှူဒါန်းခဲ့ပါတယ်။ ကျမရဲ့ ဘလော့မှာ ပထမဦးဆုံး စတင်ခဲ့တဲ့ နော်ဝေးကစေတနာရှင်မလေး ပို့စ်မှာလည်း ဒီကျောင်းနဲ့ ပတ်သက်ပြီး တစ်စိတ်တစ်ဒေသကို ဓာတ်ပုံတွေနဲ့အတူ ဖော်ပြခဲ့ဘူးပါတယ်။









မျက်စိကအောင့် ခါးကနာ ခေါင်းကနောက်နဲ့ အသက်ကြီးလာတဲ့ လက္ခဏာတွေကို ဆင်ခြင်ရင်း အပြင်သွားရတဲ့ အလုပ်တွေကို ခဏတာ လစ်လျူရှုထားခဲ့တယ်။ ၂၃ရက်နေ့မှာ ပကတိပြန်ကောင်းပေမယ့်လည်း မျက်လုံးကို ဆက်ပြီး အနားပေးထားတာကြောင့် ဘလော့အိမ်တွေ အလည်မရောက်ခဲ့ပြန်။ တကယ်လို့များ စိတ်အလိုကို လိုက်မိလို့ တစ်ပုဒ်လောက် ဖတ်မိရင်ဖြင့် လောဘဇောက အတောမသတ်နိုင်မှာမို့ အစောကထဲက စိတ်ပိုင်းဖြတ်ပြီး မသိကျေးကျွန်နေလိုက်ပါတယ်။ ၂၃ရက်နေ့ မနက် ၈နာရီ အိမ်ကထွက်ပြီး လမ်းခုလတ်မှာ အထက်တန်းကျောင်းတုန်းက တွဲခဲ့တဲ့ သူငယ်ချင်း ခင်ဆွေအေးကို ဝင်ခေါ်ကာ သံတမာန်လမ်းမှာရှိတဲ့ အ.ထ.က(၃)ဒဂုံ (မြို့မအမျိုးသမီးကျောင်း) ရဲ့ ဆရာကန်တော့ပွဲကိုတော့ မရောက် ရောက်အောင် သွားခဲ့ပါတယ်။ ဆရာကန်တော့ပွဲမှာ ကျောင်းသူကျောင်းသားဟောင်းများ သိုက်သိုက်ဝန်းဝန်းနဲ့ စည်စည်ကားကားလေး ရှိနေခဲ့ပြီး ခရီးရောက်မဆိုက် စံပြဒေါ်ကြည်မုန့်ဟင်းခါးနဲ့ လာရောက်သူများ အားလုံးကို ဧည့်ခံပါတယ်။ မနက် ၉နာရီမှာ ရောက်ရှိလာတဲ့ ကန်တော့ခံ ဆရာသခင် ကျေးဇူးရှင်တို့ကို သတ်မှတ်ထားတဲ့ နေရာထိုင်ခင်းလေးတွေမှာ အသီးသီးနေရာချပေးပြီး ကန်တော့ရန် အသင့်စောင့်နေတဲ့ ကျောင်းသားကျောင်းသူများကို အထက်တန်းပညာ အတူတကွ ဆည်းပူးခွင့်ရခဲ့တဲ့ တစ်တန်းတည်း သူငယ်ချင်း မြင့်မြင့်ကြည် (ပေါက်စ) ရဲ့ မြတ်ဆရာ ပူဇော်ပွဲ ကန်တော့ချိုးလေးကို တိုင်တည်ရင်း ဆရာသမားများကို ပူဇော်ကန်တော့ကြပါတယ်။ ကန်တော့ချိုးလေးကို စာဖတ်သူတို့အတွက် ပြန်လည်မျှဝေပေးပါတယ်။










မြတ်ဆရာ ပူဇော်ပွဲ ကန်တော့ချိုး

ဘုရားနှင့်နှိုင်း၊ တစ်ဂိုဏ်းတည်းထား
ဆရာသမားကို၊ အကျွန်ကျွန်ုပ်
လက်မိုးအုပ်၍၊ ငါးဖြာထိရင်း
ဝပ်တွားခြင်းဖြင့်၊ ရှိခိုးပူဇော်
ကန်တော့ပန်ဆင်၊ ဆရာသခင် ကျေးဇူးရှင်။
ကိုယ်မှနှုတ်မှ၊ စိတ်မှဖြစ်စေ
ပြစ်မှားချေက၊ အပြစ်မယူ
ချစ်ကြည်ဖြူကာ၊ မေတ္တာစိတ်ရင်း
ပေးဝေခြင်းဖြင့်၊ ခွင့်လွှတ်ပေးရန်
တောင်းပန်ပါသည်၊ အပြစ်ဟူက
မြူမျှမတင်၊ ပျောက်ပါစေချင် ဆရာသခင်။
ဆရာ့စကား၊ နှလုံးသားမှာ
ကျောက်သားအက္ခရာ၊ ထွင်းသည့်စာသို့
မပျက်အစဉ်၊ အသက်ဝင်လျှက်
ချစ်ကြောက်ရိုသေ၊ တပည့်တွေက
အစဉ်ရိုကျိုး၊ လက်စုံမိုးရင်း
ရှိခိုးခြင်းဖြင့်၊ သင်ခဲ့မြင်ခဲ့
ကြားခဲ့ဖူးရာ၊ မြတ်ဆရာအား
ကြည်ညိုသဒ္ဓါ၊ ထက်သန်စွာဖြင့်
ဝပ်ထွားခယ၊ ကန်တော့ကြသည်
သက်ရှည်ကျမ်းမာကြစေသော်






ကန်တော့ပြီးတဲ့ အချိန်မှာ တစ်ချိန်က သွက်သွက်လက်လက် တက်တက်ကြွကြွ အာဝဇန်းရွှင်ရွှင် သင်ကြားပေးခဲ့တဲ့ ဆရာမတွေရဲ့ လှုပ်ရှားမှုတွေဟာ လေးလံနှေးကွေးပြီး လှုပ်လီလှုပ်လဲ့ အသွင်အပြင်တွေကို မြင်ရတဲ့ တခဏအတွင်း တစ်နေ့တနေ့ တစ်ချိန်ချိန် ရှောင်လွှဲလို့မရတဲ့ အခုလို ဇရာအိုပိုင်းကို မဖြစ်မနေ ကူးပြောင်းလာရမယ်ဆိုတဲ့ အသိတရားကို သတိချပ်ရင်း လွန်ခဲ့သော နှစ်ပေါင်းများစွာဆီကို မသိစိတ်က တစ်ရွေ့ရွေ့ ဦးဆောင်ခေါ်ယူသွားခဲ့ပါတယ်။ အတန်းထဲမှာ သူငယ်ချင်း အင်မတန်များသော ကျမ။ စိတ်ညစ်စရာဆိုရင် ခေါင်းထဲမှာ ဘယ်သောအခါမှ မသိမ်းဆည်းတတ်တဲ့ ကျမ။ သူငယ်ချင်းများကြားမှာ အဖြစ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို လေတိုး မဝင်နိုင်အောင် ဒလစပ်ပြောနိုင်တဲ့ ကျမ :P။ အဒေါ်က အထက်တန်းပြဆိုတော့ သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် ရယ်မောဟားတိုက်မယ် ဆိုရင်ဖြင့် အဒေါ်ရဲ့ အရိပ်ကိုရှောင်ရတာ အကြိမ်ကြိမ်။ အဒေါ်က အနေအထိုင် စည်းကမ်းကြီးသလို ကျောင်းစာနဲ့ ပတ်သက်လာရင် ဘယ်သောအခါမှ အလျှော့မပေး။ စာမေးပွဲနီးလို့ စာဂျပိုးအဖွဲ့တို့ ကျောင်းစာများကို ဒူးတိုက်ဆွေးနွေး အပြန်အလှန် ဖလှယ်နေချိန်မှာ မုန့်စားဆင်းချိန်တိုင်း ကျမမုန့်စားမပျက်ခဲ့။ (ငယ်ငယ်က အဒေါ်အလတ်က ကျမကို မေးဘူးတယ်။ ဘာဖြစ်လို့ ကျောင်းတက်တာလဲတဲ့။ ကျမက ပြန်ဖြေတယ်။ မုန့်ဘိုးရလို့ ကျောင်းတက်တာလို့း)) အဲဒီလို အရည်အချင်းများနဲ့ ပြည့်စုံတဲ့ ကျမကို အဒေါ်ရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း ဆရာမများကလည်း အလွတ်မပေးပါး)

ကျမသတိရမိတယ်။ မြန်မာစာ ဘာသာရပ်ကို သင်ကြားပေးခဲ့တဲ့ ဆရာမကြီး ဒေါ်မြင့်မြင့်ကြည်နဲ့ အင်္ဂလိပ်စာ ဘာသာရပ်ကို သင်ကြားပေးတဲ့ ဆရာမကြီး ဒေါ်စိန်လှယဉ်။ အဲဒီဆရာမ နှစ်ယောက်က ညီအစ်မပါ။ တစ်တန်းလုံးက ကြောက်ကြရတယ် ခေတ်ရေစီးကြောင်းအတိုင်း ဆံပင်ကို ဖားလျားချမယ် မကြံနဲ့ ဆရာမတွေရဲ့ ပါးစပ်စက်သေနတ်က ဒလစပ်။ 'နင်တို့အိမ်မှာ အသုဘ ရှိလို့လားဟင် ဆံပင်တွေ ဖါးလျားချနေကြတာ' တဲ့ အဲဒီလိုပြောပြီး ဆံပင်ကို စည်းနှောင်ခိုင်းတာ။ အတန်းထဲက ကျမအပါအဝင် သူငယ်ချင်းအချို့က အဲ့ဒီဆရာမ ညီအစ်မနှစ်ယောက် ဘာသာရပ်အချိန် ရောက်ပြီဆိုတာနဲ့ လက်ကိုင်ပုဝါလေးတွေ ကိုယ်စီထုတ်ကြပြီး ဆံပင်တွေကို ချည်နှောင် ထားတတ်ကြသလို ဆရာမတွေ အချိန်ပြီးတာနဲ့ ချက်ခြင်း ဖါးလျားတွေဖြစ်ကုန်စမြဲး) မြန်မာစာမှာ သဒ္ဒါ စကားပြေ ဘာသာရပ် ဆရာမ ဒေါ်ခင်သန်း၊ သင်္ချာဘာသာရပ် (၁)နဲ့(၂)မှာ ဆရာမ ဒေါ်တင့်တင့်ကြည်နဲ့ ဒေါ်ကြည်ကြည်သော်၊ ဓါတုဗေဒ ဘာသာရပ် ဆရာမ ဒေါ်သိန်းရင်၊ ရူပဗေဒ ဘာသာရပ် ဆရာမ ဒေါ်ကေသီဖေ၊ ဇီဝဗေဒ ဘာသာရပ် ဆရာမ ဒေါ်လှသိန်းနု။ ကျမတို့ အထက်တန်းပညာ ဆည်းပူးစဉ်တုန်းက သိပ္ပံဘာသာတွဲအတွက် ၆-ဘာသာ ဖြေဆိုရပါတယ်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒ၊ ဇီဝဗေဒ (ရုက္ခဗေဒ+သတ္တဗေဒ) ဖြစ်ပြီး စာသင်ခန်း အတန်းထဲမှာ ဆရာမတွေ သင်ပေးလိုက်တဲ့စာက အိမ်ပြန်ရောက်ရင် တစ်ခေါက် နှစ်ခေါက်နွှေးရုံနဲ့တင် လုံလောက်အောင် ဦးနှောက်ထဲမှာ စွဲသွားနိုင်စွမ်း ရှိခဲ့တယ်။ အသင်အပြကောင်းတဲ့ ဆရာမတွေကြားမှာမို့ ကျူရှင်ယူရင်တောင် သူများမသိအောင် ခိုးယူရပါတယ် (စာညံ့တာလူသိမှာစိုးလို့ :P) အခုတော့ အသက် ၇၀ကျော် ၈၀နီးပါးကို ရောက်လာပြီဖြစ်တဲ့ ကျမတို့ရဲ့ ကျေးဇူးရှင် ဆရာသခင်တို့ကို ပူဇော်ခွင့်ရခဲ့တဲ့ စိတ်ကြည်နူးမှု ၀မ်းသာပီတိဟာ ဘယ်အရာနဲ့မှ လဲလှယ်လို့ မရပါလားဆိုတဲ့ အတွေး ခံစားချက်ကြောင့်လည်း အခြားပွဲပေါင်း များစွာထက် ကျေးဇူးရှင် ဆရာတို့ကို ကန်တော့ခွင့်ရတဲ့ အခုလိုပွဲတိုင်းကို ကျမအတတ်နိုင်ဆုံး မပျက်မကွက် တက်ရောက်နိုင်ဘို့ အမြဲကြိုးစားနေသလို ကျေးဇူးရှင် ဆရာသမားတို့ကို နေ့စဉ်နဲ့အမျှ ရှစ်ခိုးပူဇော် ကန်တော့လျှက်ပါ။



ဆရာမ ဒေါ်ခင်အေးနဲ့အတူ အတန်းဖော် သူငယ်ချင်းများ
အခမ်းအနား အစီအစဉ်ပြီးဆုံးသွားချိန်မှာတော့ ကြက်သားဒန်ပေါက်နဲ့ ဧည့်ခံပြန်ပါတယ်။ ညနေ ၆နာရီမှာ ကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲကို ဟယ်လ်ပင်လမ်းထိပ်မှာရှိတဲ့ Oriental Restaurant မှာ ပြုလုပ်မှာဖြစ်တဲ့အတွက် ပိုနေတဲ့အချိန်တွေမှာ လှိုင်သာယာဘက် ပြန်မသွားတော့ပဲ မြို့ထဲမှာသာ အလုပ်မရှိ အလုပ်ရှာပြီး အချိန်ဖြုန်းခဲ့ပါတယ်။ ညနေ ငါးနာရီလောက်မှာတော့ သူငယ်ချင်းနဲ့ ရွှေတိဂုံဘုရား ရင်ပြင်ပေါ်ကို တက်ရောက်ပြီး သောကြာထောင့်မှာ ဘုရားဝပ်ပြုရင်း အချိန်ကို ကုန်လွန်စေခဲ့တယ်။ ရွှေတိဂုံဘုရားကြီးကို ရာဟုဒေါင့်ရှိ အောင်မြေကနေ ကြည်ညိုဖူးမြှော်လိုက်စဉ်မှာ တစ်ခါမှာ မကြုံဘူးတဲ့ ကျီးကန်းများအုံနေတာကို မြင်မိလို့ မှတ်မှတ်ရရ ဓာတ်ပုံရိုက်ဖြစ်လိုက်သေးတယ်း) ၅နာရီ ၄၅မိနစ်မှာ ဘုရားရင်ပြင်ကနေ ပြန်ဆင်းခဲ့ပြီး ကျောင်းသားဟောင်းများ ဆုံဆည်းပွဲကို သွားရောက်ခဲ့ပါတယ်။

စေတီပေါ်မှာ ကျီးကန်းတွေမြင်လို့ အမှတ်တရ ရိုက်ချက်

နှစ်ပေါင်းများစွာက ကွဲကွာခဲ့တဲ့ ငယ်သူငယ်ချင်းများနဲ့ ပြန်လည်ဆုံဆည်းခွင့် ရခဲ့သလို ဘဝခြားသွားပြီမို့ နောင်ဘယ်တော့မှ ဆုံဆည်းခွင့် ရနိုင်တော့မှာ မဟုတ်တဲ့ တစ်ချို့ သူငယ်ချင်းများ သတင်းကိုလည်း စိတ်မကောင်းစွာ ကြားခဲ့ရပါတယ်။ ဆုံဆည်းပွဲလေးမှာတော့ အချင်းချင်း စကားတွေ ဖောင်ဖွဲ့လို့ ပြောမဆုံး တောသုံးတောင်ပေါ့။ ပျော်ရွှင် ကြည်နူး ၀မ်းမြောက် ဝမ်းသာ ပီတိလေးတွေ ကိုယ်စီနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ တစ်ယောက်တစ်လှည့် မမောနိုင် မပမ်းနိုင် ပြောကြဆိုကြရင်း အချိန်တွေလည်း ကုန်မှန်းမသိ တစ်ဖြည်းဖြည်း ကုန်လွန်လာခဲ့သလို နောက်ဆုံးတော့ ကိုယ့်ဦးတည်ရာကို ကိုယ်ပြန်ဘို့ရာ လမ်းခွဲကြရပါတယ်။ တစ်ဖက်ကမ်းကို ပြန်ရမှာမို့ ပွဲမပြီးခင် ကျမပြန်ခဲ့ပါတယ်။ ကျမရဲ့ ရင်ထဲမှာတော့ နောင်နှစ်ခါလည်း ဆုံချင်ပါသေးတယ်လို့- တစ်နေ့တာမှ တစ်နေ့တာသို့ ပြောင်းလဲနေသော နေ့ရက်များမှ ထူခြားရက်လေးတွေကို အမှတ်တရအဖြစ် ခြေရာချန်ခဲ့ခြင်းဖြစ်ပါတယ်။


 အတန်းဖော်သူငယ်ချင်းများ အမှတ်တရ



သီချင်းအဆိုကောင်းတဲ့ သူငယ်ချင်းကို ဆုချး)





စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz