x

31.12.12

၂၀၁၂ကို ပြန်လှည့်ကြည့်ခြင်း Tag Post


ခေါင်းစဉ်ပါ တဂ်ပို့စ်လေးကို ရေးပေးပါလို့ တဂ်လာတဲ့ ပစ်ပစ် (Black Roze) မောင်ဘုန်း (ကောင်းကင်ဖြူ) တို့ကို ကျေးဇူးတင်ပါတယ်လို့ ဦးစွာပထမပြောလိုက်ပါရစေနော်။ ဘလော့ဂါများ အားလုံးအတွက်လည်း ကြည်နူးစွာ ရေးနိုင်တဲ့ တဂ်ပို့စ်လေးတစ်ပုဒ် ဖြစ်သလို ရင်တွင်း တင်းကြပ်မှုလေးတွေကို ဖြေလျှော့စေနိုင်တဲ့ တဂ်ပို့စ်တစ်ပုဒ် ဆိုရင်လည်း မမှားဘူးလို့် ကျမအနေနဲ့ ယူဆမိတယ်။

ကျမအတွက် လက်တစ်ကမ်းမှာ ကျန်ခဲ့တဲ့ ၂၀၁၂ကို သမင်လည်ပြန် ပြန်လှည့်လို့ ကြည့်လိုက်တဲ့အခါ စိတ်ရဲ့ပျော်ရွှင် ကြည်နူးမှုများနဲ့အတူ ဝမ်းနည်း ကြေကွဲမှုလေးတွေကို ကြုံတွေ့ရတဲ့အပေါ်မှာ ခံစားရသလို တစ်ခါတစ်လေ စိတ်တည်ငြိမ် အေးချမ်းမှုလေးများကိုလည်း ဟန်ချက်ညီညီ ကြုံတွေ့ ခဲ့ရတဲ့ နှစ်တစ်နှစ်ပါ။ လောကလူသား မှန်ရင် အတိတ်မှာ ကိုယ်တိုင် ခြေရာ ချန်ခဲ့တဲ့ အတိုင်း ကောင်းမှုကံ မကောင်းမှုကံတို့ဟာ ထပ်ချပ်မကွာ လိုက်နေတာမို့ တစ်ကွေ့မဟုတ် တစ်ကွေ့မှာတော့ မလွဲမသွေ နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ကြရမှာ ဧကန်ရယ်လို့ အသိတရားကို သတိထားခဲ့ရတာလည်း အကြိမ်ပေါင်း မနည်းလှပါ။ တစ်ခါတစ်ရံတော့လည်း လူသားဆန်ဆန် စိတ်ရဲ့ပျံ့လွင့်မှုကို ထိန်းချုပ်ထားလိုတဲ့ စိတ်မျိုး အလျဉ်းမရှိတော့ပဲ စိတ်ရဲ့ စေစားရာကို စီးနင်းလိုက်ပါရင်း သတိလက်လွတ် ဖြစ်သွားတဲ့အခါမျိုးမှာ မလိုဒေါသ လိုလောဘလေးတွေရဲ့  စိုးမိုးချယ်လှယ်ခြင်းကို တုန့်ပြန်နိုင်စွမ်း ကုန်ခမ်းပြီမို့ လည်စင်းခံရပြန်တယ်။


မိသားစု ဆွေမျိုးညာတိ မိတ်ဆွေသင်္ဂဟများ ဆုံဆည်းကြချိန်တိုင်း ပျော်ရွှင် ကြည်နူးမှုလေးများကို ရရှိ ခံစားခဲ့ရပါတယ်။ ဖေ့ဘုတ်ထဲရောက်သွားချိန်တိုင်းလည်း ပျော်ရွှင်မှုကို ခံစားရစမြဲပါ။

ရေခြား မြေခြားက သူငယ်ချင်းများနဲ့ ဆုံဆည်းခွင့်ရချိန်တွေမှာလည်း
ပျော်ရွှင်နေခဲ့တယ်
ညီအစ်မလေးယောက် ဆုံတဲ့အခါတိုင်း ပျော်ရွှင်ကြည်နူးခဲ့ရတယ်
အင်ဂျင်နီယာ မြတ်ဆရာပူဇော်ပွဲနေ့မှာ သူငယ်ချင်းများ 
ပြန်လည်ဆုံဆည်းခွင့်ရလို့ ပျော်ခဲ့ရတယ်

အမှတ်တရ ဓာတ်ပုံတွေရိုက်ခွင့်ရတော့ ၀မ်းသာပီတိများနဲ့ပေါ့

ညစာ စားပွဲများလည်း ပျော်မဆုံး တစ်ပြုံးပြုံး

ဝမ်းနည်းကြေကွဲမှုလေးများကိုတော့ ချစ်ခင်ခဲ့ရသော ဆွေမျိုးညာတိ မိတ်ဆွေသင်္ဂဟများနဲ့ ဘဝ ခြားသွားပြီလို့ သိလိုက်ရတဲ့ အချိန်တိုင်း တဒင်္ဂ စိတ်မကောင်းဖြစ်ခြင်းမျိုးကို ခံစားခဲ့ရပါတယ်။ သဘာဝဘေးအန္တရာယ်နဲ့ ကြုံကြိုက်သူများကို မြင်ရတဲ့အခါတိုင်း စိတ်မကောင်းချင်း များစွာကို ရင်မှာ ပိုက်ခဲ့ရပါတယ်။
၂၅.၁၂.၁၂ ရက်နေ့က ကွယ်လွန်သွားတဲ့ သူငယ်ချင်း ခင်မမစိုးရဲ့ နောက်ဆုံးခရီး

စိတ်တည်ငြိမ်အေးချမ်းမှုလေးများကို တရားပွဲများနဲ့ တရားစခန်းများမှာ တရားရဲ့အရိပ်ကို ခိုလှုံခွင့် ရတဲ့အချိန်တိုင်း ကြည်နူးစွာ ခံစားရပါတယ်။ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ အေးချမ်းမှုမျိုး ရရှိ ခံစားမိပါတယ်။ 
ဘုရားအရိပ် တရားအရိပ်မှာ စိတ်ရဲ့ အေးချမ်းမှုကို ရရှိနိုင်ခဲ့တယ်


ခန္ဓာမမုန်းမချင်း သံသရာမဆုံးနိုင်ဘူးရယ်လို့ တရားပေါင်းများစွာလည်း နာခဲ့ဘူးကြမှာပါ။ အတုအပတွေနဲ့ မွမ်းမံထားတဲ့ ခန္ဓာကြီးကိုချစ်နေသမျှ သံသရာမှာ နစ်မွမ်းနေကြအုံးမည့် အသိခေါက်ခက် အဝင်နက်တဲ့ ဘက်စုံကန်းလူသားတွေပါ။

၂၀၁၂ကို ပြန်လှည့်ကြည့်ရင်း အရောင်များစွာ အဆိုးခံခဲ့ရတဲ့ စိတ်စေတသိက်ကို ပိုင်ဆိုင်ထားမှန်း သိရက်နဲ့ မသိချင်ယောင် ဆောင်နေတဲ့ လောကလူသားတွေ အသိကို အသိအတိုင်း အရှိကို အရှိအတိုင်း ပုံဖော်ကြပါစို့။ မကြာခင် လူသားများအားလုံး ရှေ့မှာ ၀င့်ဝင့်ကြွားကြွား ပေါ်ပေါက်လာတော့မည့် ၂၀၁၃ ခုနှစ်ကို ကြိုဆိုရမှာမို့ ဒီလောက်နဲ့ပဲ နှုတ်ဆက်ခဲ့ပါတယ် ၂၀၁၂ ခုနှစ်ရေ။


၂၀၁၃ ခုနှစ်မှာ လူသားအားလုံး စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။


တဂ်ပို့စ်လေးကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပြီနော် ၂၀၁၂ခုနှစ်ရဲ့ နောက်ဆုံးပို့စ်လေးပေါ့း)

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz