x

9.1.13

ဝဋ်မှာအမြဲ ငရဲမှာအပ


♪♪♫♪ ♫ ♪ ♫ ♪♫ ♪♪♫ "၀ဋ်မှာအမြဲ ငရဲမှာအပ ဆိုသည်ကြောင့်လည်း ဒီဝဋ်ကြွေး မကုန်ခမ်းသေးသ၍ ….လည်စင်းခံ ဆပ်မယ်မေ…. " စီးတီးအက်ဖ်အမ်ကနေ ပျံ့လွင့်လာတဲ့ သီချင်းလေးကို ကျမစိတ်ဝင်စားစွာ နားထောင်နေမိတယ်။ စိတ်ဝင်စားရခြင်းရဲ့ အကြောင်းရင်းကတော့ ကျမ တက္ကသိုလ်ကျောင်းသူဘဝမှာ နာမည်ကြီးအဆိုတော် စိုင်းထီးဆိုင်ရဲ့ 'မောင့်လပြည့်ဝန်း' သီချင်းတစ်ပုဒ် ဖြစ်ခဲ့တာရယ် အခုအချိန်မှာတော့ နောက်ထပ် အဓိပ္ပာယ်တစ်မျိုးဖြစ်တဲ့ တတိယအရွယ် အပိုင်းအခြားမှာ သံဝေဂရယူစေနိုင်တဲ့ ၀ဋ်ကြွေးနဲ့ ပတ်သက်ပြီး အတွေးစ ရှည်ခဲ့ရခြင်းပါ။ ကျမဖတ်ဘူးခဲ့တဲ့ စာအုပ်တစ်အုပ်ကို ပြန်လည်လို့ သတိရပြီး စာသားတွေကို စာဖတ်သူတို့အတွက် ပို့စ်တစ်ပုဒ် ဖြစ်လာစေဘို့ ပုံဖော်နေမိတယ်။ ကံ-ကံရဲ့အကျိုးကို ယုံကြည်သက်ဝင်မှလည်း '၀ဋ်လည်တတ်တယ်' ဆိုတဲ့စကားကို လက်ခံမှာဖြစ်သလို ၀ဋ်ကြွေးဆိုတာ မကြေမချင်းဆပ်ရမည့် သဘောကို ဆောင်နေတယ်ဆိုတာလည်း အကြွင်းမဲ့ ယုံကြည်သင့်ပါတယ်။ ၀ဋ်ဆင်းရဲ ဒုက္ခအပေါင်းကနေ လွတ်မြောက်လိုစိတ် ရှိစေဘို့ ဝဋ်ကြွေးအကြောင်းကို အတွင်းကျကျ သိဘို့လိုအပ်ပါတယ်။


မကောင်းမှုကံရဲ့ အကျိုးဆက် ဘယ်လောက် ကြောက်စရာကောင်းတယ် ဆိုတာလည်း ဓမ္မပဒမှာ-
"မကောင်းမှုကို ပြုထားသူသည် ကောင်းကင်သို့ ပျံတက်သော်လည်း မလွတ်နိုင်ပေ။ သမုဒ္ဒရာသို့ ၀င်ရောက် နေထိုင်သော်လည်း မလွတ်နိုင်ပေ။ တောင်ကြို တောင်ကြား ပြေးဝင်နေသော်လည်း မလွတ်ပေ။ ဤတစ်လောကလုံး၌ မိမိပြုလုပ်ထားသော မကောင်းမှုမှ လွတ်မြောက်နိုင်သော နေရာကား သားမြီးဖျား တစ်နေရာစာမျှ မရှိပေ" လို့ မြတ်ဗုဒ္ဓ ရှင်တော်ဘုရားက ဟောထားပါတယ်။ '၀ဋ်မှာအမြဲ ငရဲမှာအပ' ဆိုရိုးစကားဟာလည်း မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားတော်ကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ စကားရပ်ဖြစ်ပါတယ်။ အဓိပ္ပာယ်ဆက်စပ်မှုကတော့ '၀ဋ်မှာအမြဲ' ဆိုတာ အကြောင်း ကမ္မ၀ဋ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုး ၀ိပါက၀ဋ်ဖြစ်ပါတယ်။ ထို အကျိုး ၀ိပါက၀ဋ်ဟာလည်း အကြောင်း ကမ္မ၀ဋ်နဲ့ တူညီစွာ ဖြစ်ပေါ်လာတဲ့အခါမှာ '၀ဋ်လည်တယ်' လို့ ပြောဆိုသုံးနှုန်းကြလေ့ရှိပါတယ်။ 'ငရဲမှာအပ' ဆိုတဲ့စကားမှာ 'ငရဲ' ဆိုတဲ့ ဝေါဟာရဟာ 'နိရယ' ဆိုတဲ့ အဓိပ္ပာယ်ကတော့ ချမ်းသာကင်းသော ဘုံဌာန(သို့မဟုတ်) အလွန်ဆင်းရဲသော ဘုံဌာနလို့ အဓိပ္ပာယ်ရပါတယ်။


အဲဒီဘုံဌာနကို ကျရောက်လာသူများဟာ ကောင်းမှု ကုသိုလ်ကံကို လုံးဝ ပြုခွင့်မရဘဲ ဆင်းရဲဒုက္ခ အမျိုးမျိုးကို နည်းမျိုးစုံနဲ့ ခံစားနေကြရပါတယ်။ ချမ်းသာခြင်းရယ်လို့ တစ်စိတ် တစ်ဒေသ မရှိနိုင်တဲ့ နေရာဌာန ဖြစ်ပါတယ်။ 'ငရဲမှာအပ' ဆိုတဲ့ စကားမှာ 'ငရဲ'ကိုသာ အဓိကထားပြီး ခေါင်းစဉ်တပ် ခေါ်ဆိုနေပေမယ့် ဆင်းရဲခံစားရခြင်း၊ ကောင်းမှု ကုသိုလ်ပြုခြင်းကင်းတဲ့ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် ဘုံတွေပါဝင်ပါတယ်။ 'အပ' ဆိုတာ အပါယ်လေးဘုံကမှ အပဖြစ်ခြင်း 'ကင်းလွတ်ခြင်း' လို့ အဓိပ္ပာယ်ရပါတယ်။ 'ငရဲ'ကို ဘယ်လို'ပ'မလဲဆိုတော့ ငရဲဟာ ၀ဋ်(၀ိပါက်)လို မဟုတ် မကောင်းမှု အကုသိုလ်ကံကို ပြုလုပ်ရင် ငရဲကိုကျတတ်တယ်လို့ ဆိုပေမယ့်လည်း အကုသိုလ်ပြုမိတိုင်း ငရဲကိုကျရောက်တတ်တာ မဟုတ်ပါ။ အကုသိုလ်ကို အမှန်တကယ် ပြုပါရက် ငရဲနဲ့လွဲတတ်တဲ့ သာဓကများလည်း ရှိပါတယ်။ 

-ဘုရင့်အကျဉ်းထောင်မှာ ငါးဆယ့်ငါးနှစ်ကာလပတ်လုံး ခိုးသူသတ်ရာထူးကို ထမ်းဆောင်ခဲ့တဲ့ (၀ါ) ငါးဆယ့်ငါးနှစ်လုံးလုံး သေဒဏ်ပေးခံကြရတဲ့ ခိုးသူမြောက်များစွာကို သတ်ဖြတ်ခဲ့ရတဲ့ တမ္ဗဒါဋ္ဌိကဟာ ဆွမ်းလှူခြင်း တရားနာခြင်း တရားကို ဆင်ခြင် ရှုမှတ်ခြင်းဆိုတဲ့ ကုသိုလ်တွေကိုပြုတဲ့အတွက် ရောက်ရမည့် ငရဲကို ဆိုခဲ့ပြီးခဲ့တဲ့ ကုသိုလ်နဲ့ အပ ပြုလိုက်ခြင်းကြောင့် သေလွန်တဲ့အခါ တုသိတာနတ်ပြည်မှာ ဖြစ်ရပါတယ်။

- အလားတူ သေလုဆဲဆဲ မဌကုဏ္ဍလီ မည်တဲ့ လုလင်ဟာ သူ့မှာ ကုသိုလ်ကောင်းမှု မရှိ အကုသိုလ်ကံများသာ ရှိပြီး သေရင် ငရဲကို ရောက်ရမှာဖြစ်ပေမယ့် မြတ်ဗုဒ္ဓအား လျောင်းအိပ်လျက်က ရှိခိုးခဲ့တာကြောင့် သေလွန်တဲ့အခါ တာဝတိံသာ နတ်ပြည်မှာ နတ်သားဖြစ်ရပါတယ်။ ရှိခိုးတဲ့ ကုသိုလ်ကောင်းမှုနဲ့ ငရဲကို 'အပ' ပြုလိုက်ခြင်းဖြစ်ပါတယ်။

- ရဟန္တာ အရှင်သောဏရဲ့ ဖခင် မုဆိုးဟာ အသက်ကြီးကာမှ ဘုန်းကြီးထံမှာ ခိုဝင်ပြီး ရဟန်းပြုခဲ့ပါတယ်။ မကျန်းမမာဖြစ်ပြီး သေခါနီးမှာ သူပြုခဲ့တဲ့ အကုသိုလ်များ အကျိုးပေးချိန် ရောက်လာတဲ့အခါ ရဟန္တာ အရှင်သောဏဟာ ဖခင် ဦးပဉ္ဇင်းကြီး သေလွန်ရင် ငရဲကျရောက်မှာကို သိတော်မူတဲ့အတွက် 'ငါသို့သော သား ရှိပါလျက် ငရဲသို့ မကျစေသင့်' လို့ ဆင်ခြင်ပြီး သာမဏေများကို ပန်းများ ခူးယူစေပြီး စေတီရင်ပြင်မှာ ထားစေခဲ့တယ်။ ဦးပဉ္ဇင်းကြီး လဲလျောင်းရာ ညောင်စောင်းကိုလည်း စေတီရင်ပြင်ဘက် ရွှေ့စေပြီး "ဦးပဉ္ဇင်းကြီးအတွက် ပန်းလှူထားတယ် အာရုံပြုပါ" လို့ သတိပေးခဲ့ရာ ဦးပဉ္ဇင်းရဲ့ စိတ်အစဉ်မှာ ငရဲနိမိတ်များ ပျောက်ပြီး နတ်ဘုံရောက်မည့် အာရုံများ (ဂတိနိမိတ်များ) ပြောင်းလဲထင်ပေါ်လာပြီး ငရဲကို လတ်တလော ဖြစ်ပေါ်တဲ့ ကုသိုလ်စိတ်နဲ့ 'အပ' ပြုလိုက်နိုင်ပါတယ်။

- အရှင်အင်္ဂုလိမာလကိုတော့ လူသိများကြပါတယ်။ လက်ညှိုးပေါင်း တစ်ထောင်ပြည့်အောင် ဖြတ်မယ်ဆိုတဲ့ အကြံနဲ့ ကမ်းကုန်အောင် မိုက်နေတဲ့ လူသတ်သမားကြီးဖြစ်ပါတယ်။ လက်ညှိုးတစ်ထောင် ပြည့်ဘို့ တစ်ချောင်းသာ လိုတော့တဲ့နေ့မှာ မြတ်စွာဘုရားက ကယ်ချွတ်တော်မူတဲ့အတွက် ပရိနိဗ္ဗာန် စံလွန်တော် မူတဲ့အခါ နိဗ္ဗာန်သို့သာ ၀င်စံတော် မူရပါတယ်။ ပြုခဲ့မိတဲ့ အကုသိုလ်တို့ကြောင့် ငရဲကို မလားရောက်ရပါ။ ရဟန္တာဖြစ်တဲ့အထိ တရားဓမ္မကို နာယူကျင့်ကြံတဲ့ ကုသိုလ်ကံဖြင့် ငရဲကို 'အပ' ပြုလိုက်ခြင်းပဲဖြစ်ပါတယ်။


ဆိုခဲ့ပြီးတဲ့ အကြောင်း အချက်တို့ကို ရည်ရွယ်ပြီး "ငရဲမှာအပ" လို့ ဆိုထုံးပြုကြခြင်းဖြစ်ပါတယ်။ '၀ဋ်မှာအမြဲ ငရဲမှာအပ'ဆိုတဲ့ စကားဟာ အပါယ်လေးဘုံကနေ မလွတ်ကင်းနိုင်သေးတဲ့ ပုထုဇဉ်များအတွက် စံပြု ပုံခိုင်းခဲ့တဲ့ စကားမဟုတ်ပါ။ အပါယ်လေးဘုံကို မလားရောက်နိုင်တော့မဲ့ (သို့မဟုတ်) အပါယ်လေးဘုံကနေ ကင်းလွတ်ပြီး ဖြစ်တဲ့ အရိယာ သူတော်စင်များကို ရည်ညွှန်းပြီး ပုံစံခိုင်းနှိုင်း စံပြုပြောဆိုထားခြင်းသာ ဖြစ်ပါတယ်။ သောတာပန် အစရှိတဲ့ အရိယာ ပုဂ္ဂိုလ်များဟာ အပါယ်လေးဘုံကို ရောက်စေနိုင်တဲ့ အကုသိုလ် အကြောင်းတရားတို့ကို ဆိုင်ရာ မဂ်ကုသိုလ်နဲ့ အပြီးအပိုင် အကြွင်းမဲ့ ပယ်သတ်ပြီး ဖြစ်ပါတယ်။ အပယ်လေးဘုံသို့ အကျိုးမပေး အပ-ဖြစ်သွားခြင်းကို၊ လွတ်မြောက်သွားခြင်းကို 'ငရဲမှာ အပ' လို့ တင်စား ခေါ်ဆိုထားခြင်း ဖြစ်ပါတယ်။

ဝဋ်လည်ခြင်း ၀ဋ်လိုက်ခြင်းကို ဘုရား ရဟန္တာပုဂ္ဂိုလ်ကြီးများကအစ ရှောင်လွဲလို့ မရပါ။ အမြဲဧကန် တူသော အကျိုးကို ပေးလေ့ရှိတဲ့အတွက် '၀ဋ်မှာအမြဲ' လို့ဆိုခြင်းဖြစ်ပါတယ်။ ကလျာဏ ပုထုဇဉ်ဟာ ကုသိုလ်ကောင်းမှုကို ကြိုစားပြုက အပါယ်လေးပါးကနေ လွတ်နိုင်ပေမယ့် ၀ိပါက၀ဋ်က မည်သူမှ မလွတ်နိုင်ပါ။ ဘုရား ရဟန္တာ အစရှိတဲ့ အရိယာမြတ်တို့လည်း အတိတ်က ပြုခဲ့တဲ့ အကုသိုလ်ကံကြောင့် ရောက်ရှိရာ ဘဝမှာ တစ်ခါတစ်ရံ ဆင်းရဲကြီးစွာနဲ့ တွေ့ကြုံ ခံစားရတတ်ပါတယ်။ ရှေးပညာရှိတို့ရဲ့ '၀ဋ်မှာအမြဲ ငရဲမှာအပ' ဆိုတဲ့ ဆိုရိုးစကားလေးရဲ့ အဓိပ္ပာယ်ရှင်းလင်းချက်လေးကို တက္ကသိုလ်သျှင်သီရိ ရေးသားတဲ့ '၀ဋ်ကြွေးဟူသည်' ကနေ ကောက်နှုတ် ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ ပုံလေးတွေကို ဂိုဂယ်လ်ကနေ ကူးယူခြင်းဖြစ်ပါတယ်။

နှစ်သစ်နဲ့အတူ စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz