x

13.2.13

ခြေလှမ်းပေါင်းများစွာဖြင့် ဘလော့ဂါ


၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၁၀ရက်(တနင်္ဂနွေ) မနက်၁၀နာရီမှာ ကျမရဲ့ နေအိမ်မှာ ဘလော့ဂါများ ဆုံဆည်းပွဲလေး လုပ်နိုင်ဘို့အတွက်ကို မတိုင်ခင် တစ်လကျော်ထဲက ဖေ့ဘုတ်ကနေ ကြေငြာမောင်းခတ်ပြီး ရပ်ဝေးရပ်နီးမှာရှိတဲ့ ဘလော့ဂါများကို အသိပေးခဲ့သလို ကျမရဲ့ လစ်ဟာသမျှ ကွက်လပ်လေးတွေကိုလည်း ဘလော့ဂါ အချင်းချင်း သတင်းပေး ဖြည့်တင်းရင်း ဆုံဆည်းပွဲလေး အထမြောက်ခဲ့ပါတယ်။ ဗီယက်နမ် စင်္ကာပူ မလေးရှား ကိုရီးယား အမေရိကား အင်္ဂလန်နဲ့ အစရှိတဲ့ နိုင်ငံတကာမှာ ဘဝပေးကံကြမ္မာအပေါ် နှလုံးရည် လက်ရုံးရည်တို့ကို အရင်းထပ်ကာ သွားရောက် ပညာသင်ကြားသူ အလုပ်လုပ်သူ ဘလော့ဂါများ ခေတ္တခဏ အမိမြေကို အလည်အပတ်နဲ့ ရောက်ခွင့်ကြုံတုန်း ဆုံဆည်းစေချင်တဲ့ စေတနာ သက်သက်ပါ။ တစ်ချို့လည်း မွေးရာဇာတိကို အပြီးတိုင် ပြန်လာပြီး စီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်ဘို့ ဆုံးဖြတ်ထားသလို တစ်ချို့လည်း အချိန်အတိုင်းအတာတစ်ခုကို အကန့်အသတ်ထားပြီး မြေစမ်းခရမ်းပျိုး သဘော စမ်းသပ်လုပ်ကိုင်ရင်း အခြေအနေ တစ်ရပ်ကို လေ့လာနေဆဲ ဘလော့ဂါများ ပါဝင်ပါတယ်။ မန္တလေးမြို့ကနေ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ဆုံဆည်းပွဲလေးကို အရောက်လှမ်းခဲ့တဲ့ ဘလော့ဂါပါသလို ဆုံဆည်းပွဲလေးကို လာလိုတဲ့ ဆန္ဒရှိပေမယ့် အကြောင်း အမျိုးမျိုးကြောင့် မလာရောက်နိုင်တဲ့ ဘလော့ဂါများနဲ့ စာဖတ်သူတို့အတွက် ဒီပို့စ်လေးကို သိစေချင်တာမို့ တင်ဖြစ်ခဲ့ပါတယ်။ ဆုံတွေ့ခြင်းရဲ့ တစ်ဖက်မှာ ဘလော့ဂါများအားလုံး ပျော်ရွှင် ကြည်နူးမှုများနဲ့အတူ ဗဟုသုတ သုတရသ နည်းပညာပိုင်းများအပြင် ဟာဒယရွှင်ဆေးပါ အချင်းချင်း တိုက်ကျွေးရင်း တည်ခင်း ဧည့်ခံတဲ့ မုန့်ဟင်းခါး ငှက်ပျောပေါင်း သစ်သီးတို့ကို သုံးဆောင်ကြပါတယ်။









 ဆုံဆည်းပွဲမတိုင်ခင် ရက်တစ်ရက်က ဖေ့ဘုတ်မှာ ညီမမြသွေးနီရဲ့ မက်ဆေ့လေးဝင်လာတယ် တကယ်တော့ ကျမတောင်းဆိုခဲ့တဲ့ 'မြသွေးရေ … ဆုံဆည်းပွဲလေးကျရင် အမှတ်တရလေး တစ်ခုခု ခြေရာချန်ခဲ့ချင်လို့ အကြံဉာဏ်လေး ပေးပါအုံး' လို့ပြောခဲ့တဲ့ ကျမရဲ့စကားကို ဖြည့်ဆည်းပေးလိုက်တဲ့ မက်ဆေ့လေးပါ။ တကယ်လို့ မြသွေးအလုပ်များနေလို့ အကြံဉာဏ်လေး မပေးဖြစ်အုံးတော့ ကိုမော်ကြီးကို မြသွေး အပူကပ်ပြီး တာဝန်လွှဲပေးမှာပဲလို့ စဉ်းစားမိတာကြောင့် ကျမဆီရောက်လာမယ့် မက်ဆေ့ကို စောင့်နေခဲ့တယ်း) မြသွေးပေးတဲ့ အကြံလေးကို ကျေးဇူးတင်စွာနဲ့ပဲ ကျမရဲ့ သုံးလက်စ ဘလော့ဂါ မှတ်တမ်းစာအုပ်လေးကို အသုံးချခဲ့ပါတယ်။ 'အန်တီတင့်၏ အမှတ်တရများ' ဘလော့ကို စတင် အသက်သွင်းခဲ့တဲ့ အချိန်ကစပြီး အပြင်လောကမှာ ကျမနဲ့ဆုံဆည်းခဲ့သမျှ ဘလော့ဂါများကို အမှတ်စဉ် ထိုးပြီး မှတ်တမ်းလေး ထားခဲ့ပါတယ်။ အခွင့်အခါပေးတိုင်းလည်း ဘလော့ဂါများနဲ့ ဆုံနိုင်အောင် ကြိုးစားခဲ့တဲ့ အချိန်တိုင်းမှာ တစ်ဖက်တစ်လမ်းကနေ ခင်ပွန်းသည်ရဲ့ ကျမအပေါ်နားလည် အားပေးမှုဟာလည်း ဘလော့ဂါ မှတ်တမ်းလေးကို ပိုမိုပီပြင်စေခဲ့ပါတယ်။ ၁၀ရက်နေ့ ဆုံဆည်းပွဲနေ့က ကျမရဲ့ 'ဘလော့ဂါများ အမှတ်တရ တွေ့ဆုံမှု' မှတ်တမ်းလေးထဲမှာ ရောက်ရှိလာတဲ့ ဘလော့ဂါအားလုံးဆီကနေ အချက်သုံးချက်ကို အမှတ်တရ ရယူခဲ့ပါတယ်။ အဲ့ဒီအချက် သုံးချက်ကတော့-

၁။ ဘလော့ဂါတစ်ယောက် ဖြစ်ခွင့်ရတဲ့အပေါ် ခံစားချက်
ကျမရဲ့ ခံစားချက်ကို ပြောရရင်တော့ ဘလော့ဂါတစ်ယောက် ဖြစ်ခွင့်ကြုံပြီးတဲ့ အချိန်ကစပြီး စာပေနဲ့ အထိအတွေ့ ပိုများလာသလို တန်ဘိုးရှိတဲ့ ဗဟုသုတ နည်းပညာ ဘာသာရေး သုတစာပေ ရသစာပေ အစရှိတာတွေအပြင် အစားအသောက်မှာ ၀ါသနာပါတဲ့ ကျမအတွက်တော့ အစားအသောက် အမျိုးမျိုးကို စမ်းသပ် ချက်ပြုတ်နိုင်ဘို့ရာ နည်းပညာ မြောက်မြားစွာကို အချိန်နဲ့ တစ်ပြေးညီ သိရှိ နားလည် မှတ်သားခွင့်များ ရခဲ့ပါတယ်။ ဘလော့ဂါတစ်ယောက် ဖြစ်ခွင့်ရတဲ့ ကိုယ့်ကိုယ်ကို ကျေနပ်မိသလို ၀ယ်ယူလို့မရတဲ့ စာဖတ်မိတ်ဆွေ အွန်လိုင်းစာရေးမိတ်ဆွေ ပုံနှိပ်စာရေးမိတ်ဆွေတို့ကို အနီးကပ် ရင်းနှီးခင်မင်ခွင့် ရရှိခဲ့ပါတယ်။ အခွင့်အခါ ပေးနေသမျှ ကာလပတ်လုံးလည်း ကျမနှစ်သက်တဲ့ ဘလော့ဂါ ဘ၀လေးကို ဆက်လက် အသက်ရှင်ခွင့် ပေးနေမယ်လို့ ခိုင်မာစွာ ဆုံးဖြတ်ချက်ချထားပါတယ်။

၂။ အွန်လိုင်းပေါ်က ဘလော့ဂါတွေနဲ့ ပြင်ပမှာ အခုလို တွေ့ဆုံရတဲ့အပေါ် ခံစားချက်
ဘလော့ဂါတွေရဲ့ ထူးခြားချက်ကတော့ တစ်ကြိမ်တစ်ခါမျှ မတွေ့ဘူးသူ အချင်းချင်း ပထမဦးဆုံး အကြိမ် တွေ့တဲ့အခါ နှစ်ပေါင်းများစွာက ကွဲကွာခဲ့တဲ့ ရင်းနှီးပြီးသူများ ပြန်ဆုံသလို ခံစားရတယ် ဆိုတာ ဘလော့ဂါတိုင်း လိုလိုပါပဲ။ အပြင်မှာ မတွေ့ခင်ကပဲ အွန်လိုင်းမှာ အချင်းချင်း အားပေးကြပြီး ခင်မင်ရင်းနှီးမှုကို ရရှိကြပြီးသားများ ဖြစ်တဲ့အတွက် အပြင်မှာဆုံဆည်းကြတဲ့အခါ အလွယ်တကူပဲ ၀မ်းသာအဲလဲ နှုတ်ဆက်ကြတာကို တွေ့ရပါတယ်။ ကျမကိုယ်တိုင်လည်း ဒီကနေ့ မသက်စုမွန်ရဲ့ ဖိတ်ကြားမှုကြောင့် www.ads.com.mm website ရဲ့ စာနယ်ဇင်း မိတ်ဆက်ပွဲမှာ ဆုံခဲ့တဲ့ ပျိုးယုဝသုန်ကို ဘလော့ဂါ နံပါတ် ၉၀ အဖြစ်နဲ့ ရင်းနှီးခင်မင်စွာ ဆုံတွေ့ခဲ့ရပါတယ်။

၃။ ကျမအပေါ် မှတ်ချက် တို့ဖြစ်ပါတယ်။ ဒါကတော့ ကျမရဲ့ အိမ်မှာဆုံခဲ့စဉ်မှာ မှတ်တမ်းလေးအဖြစ် သိမ်းဆည်းချင်တာမို့ ရေးခိုင်းခြင်း သက်သက်ပါ။ အမှတ်တရ မှတ်တမ်းလေး ရေးပေးတဲ့ ဘလော့ဂါ အားလုံးရဲ့ ခံစားချက်လေးတွေကို မူရင်းအတိုင်း စကင်ဖတ်ပြီး ပြန်တင်ပြလိုပေမယ့် ဘလော့ဂါအချို့ရဲ့ မေတ္တာရပ်ခံမှုကြောင့် မတင်ဖြစ်ခဲ့ပါဘူး ဆုံဆည်းခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ဓာတ်ပုံလေးတွေတော့ တင်ပေးလိုက်တယ်နော်း)

တကယ်တော့ တိုတောင်းတဲ့ လူ့ဘဝခရီးလမ်းလေးကို ကျမတို့တစ်တွေ ရေတွက်လို့မရတဲ့ ခြေလှမ်းပေါင်း များစွာနဲ့ လှမ်းခဲ့ပြီးသလို ခရီးဆုံး မှတ်တိုင် ရောက်တဲ့အထိလည်း စဉ်ဆက်မပြတ် လှမ်းနေရအုံးမှာပါ။ ကျမတို့ အားလုံး ကိုယ်တိုင် ဖန်တီးရယူနိုင်တဲ့ စိတ်ချမ်းသာမှုကိုသာ စီစစ်ရွေးချယ်ပြီး လူသားချင်းတူညီတဲ့ တစ်ဦးနဲ့တစ်ဦး ချစ်ခင် နားလည်မှု ကိုယ်ချင်းစာနာမှုတွေကို ရင်မှာပိုက်ရင်း ဟန်ဆောင်မှု ကင်းတဲ့ မေတ္တာတရားကို ကိုယ်စီကိုယ်ငှ လက်ကိုင်ထားကာ ခရီးဆုံးမှတ်တိုင် ရောက်သည်အထိ ငြိမ်းချမ်းစွာဖြင့် လျှောက်လှမ်းသွားတဲ့ ခြေလှမ်းများ ဖြစ်သင့်တာပေါ့နော်။ ဒီပို့စ်လေးကို အရင်းခံပြီး လွယ်ကူတဲ့ စာကြောင်းလေး နှစ်ကြောင်းနဲ့ ချစ်ခင်ရပါတဲ့ ဘလော့ဂါများကို တဂ်လိုက်ပြီနော်း)

၁။ ဘလော့ဂါတစ်ယောက် ဖြစ်ခွင့်ရတဲ့အပေါ် ခံစားချက်
၂။ အကယ်၍သာ အွန်လိုင်းပေါ်က ဘလော့ဂါတွေနဲ့ ပြင်ပမှာ အခုလို တွေ့ဆုံရတဲ့အခါ ခံစားချက်

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz